လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ၏ နိုင်ငံရေးသုံးသပ်ချက် စာတမ်း

လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ၏ (GSCN) နိုင်ငံရေးသုံးသပ်ချက် စာတမ်း

၂ဝ၂၁-ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ဇူလိုင်လ(၇)ရက်နေ့ထိ

မူရင်းပို့စ်အားကြည့်ရန်

ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးဆိုင်ရာ သုံးသပ်အကြံပြုချက်

မြန်မာနိုင်ငံ၏ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးဆိုင်ရာ ဥပဒေမူဘောင်များအပေါ် ဒို့မြေကွန်ရက်၏ သုံးသပ်အကြံပြုချက်

ဒီဇင်ဘာ ၂ဝ၂ဝ

တောင်ယာစိုက်ပျိုးရေးလုပ်ကွက်တစ်ခုအတွက် “ လက်စားလိုက်” စနစ်ဖြင့် စုပေါင်းကူညီစိုက်ပျိုးနေပုံ | ဓါတ်ပုံ-Southern Youth

ဒို့မြေကွန်ရက်သည် နိုင်ငံတဝှမ်းရှိ မြေယာအရေးလှုပ်ရှားကြသော အရပ်ဘက်အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူ များနှင့် မိတ်ဘက်အဖွဲ့အစည်းများ စုစည်းထားသည့် တိုင်းရင်းသားပေါင်းစုံပါဝင်သော အမျိုးသားအဆင့်ကွန်ရက် ဖြစ်သည်။ ဒို့မြေကွန်ရက်သည် ၂ဝ၁၄-ခုနှစ်မှ စတင်ကာ မြန်မာ့မြေကဏ္ဍပြုပြင်ပြောင်းလဲရေးအတွင်း အပြုသဘော ဝေဖန်ထောက်ပြ ပံ့ပိုးပေးလျက်ရှိသည်။

ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးသည် ကမ္ဘာတစ်ဝှမ်းတွင် ယနေ့အချိန်ထိ ကျင့်သုံးနေကြဆဲစနစ်ဖြစ်သည့်အပြင် မြန်မာနိုင်ငံအတွင်း နေရာဒေသအမြောက်အများတွင် ပင်မအသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ရပ်အဖြစ် လက်ဆင့်ကမ်းကျင့်သုံးကြလျက်ရှိသည်။ ရွှေ့ပြောင်းတောင်ယာစနစ်အသုံးပြုသူများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအား တရားဝင်ပြီး ဂုဏ်သိက္ခာရှိသည့်အလုပ်အဖြစ် လေးစားအသိအမှတ်ပြုရန်နှင့် မတူညီသော ရွှေ့ပြောင်းတောင်ယာစနစ်များအား တရားဝင်အသိအမှတ်ပြုရန် မဖြစ်မနေလိုအပ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ မြေနှင့်သက်ဆိုင်သော ဥပဒေများစွာတို့တွင် ဓလေ့ထုံးတမ်းမြေစနစ်များနှင့် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးစနစ်များကို တိကျရှင်းလင်းစွာ အသိအမှတ်ပြုအကာအကွယ်ပေးထားခြင်း မရှိသေး သည့်အပြင် အဆိုပါစနစ်များနှင့် စနစ်ကိုအသုံးပြုလျက်ရှိနေသူများကို ရာဇဝတ်မှုသင့်နေစေလျက်ရှိသည်။

၂ဝ၂ဝ-ခုနှစ်၊ ဖေဖော်ဝါရီလတွင် အတည်ပြုလိုက်သည့် ၂ဝ၁၂-လယ်ယာမြေဥပဒေကိုပြင်ဆင်သည့်ဥပဒေတွင် မြေ အမျိုးအစားသတ်မှတ်ချက်အတွင်း “ရွှေ့ပြောင်းတောင်ယာမြေ” ဟူသည့် မြေအမျိုးအစားတစ်ခု ပါဝင်လာသည့် အတွက် ရွှေ့ပြောင်းတောင်ယာစနစ်များအတွက် အလားအလာတစ်ခုဖြစ်နိုင်သည့်အပြင် စိုးရိမ်ပူပန်မှုများစွာလည်း ရှိနေသည်။

သုံးသပ်ချက်များ

ရွှေ့ပြောင်းတောင်ယာစနစ်သည် ကျေးလက်မိသားစုများစွာ၏ အဓိက စိုက်ပျိုး၊ အသက်မွေးမှုဖြစ်သည့်အပြင် ၎င်းတို့ရပ်ရွာဒေသအသီးသီးရှိ ရိုးရာယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှု၊ သစ်တောနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု၊ သယံဇာတနှင့်အရင်းအမြစ်များခွဲဝေမှု၊ ဓလေ့ထုံးတမ်း မြေစီမံအုပ်ချုပ်မှုစနစ် များနှင့် ယှက်နွယ်နေသည်။

အခြားသောဓလေ့ထုံးတမ်းမြေစနစ်များနည်းတူ ရွှေ့ပြောင်းတောင်ယာစနစ်တွင် မြေနှင့် ဆက်စပ်သယံဇာတ အရင်းအမြစ်များအပေါ် မှီခိုရှင်သန်နေသည့် ဒေသခံတိုင်းရင်းသားများ၊ ကျေးလက်နေ လူထုလူတန်းစား များကို ဗဟိုပြုလျက် နယ်မြေဒေသတစ်ခုလုံးအား လွှမ်းခြုံရှုမြင်သည့်ပုံစံဖြင့် လည်ပတ်လျက်ရှိသည်။ ရွှေ့ပြောင်းတောင်ယာစနစ် အပါအဝင် ဓလေ့ထုံးတမ်းမြေစနစ်များသည် ရပ်ရွာတွင်း အာဏာသက်ဝင်မှု ရှိသည့် လုပ်ပိုင်ခွင့်စနစ်တစ်ရပ်ဖြစ်ပြီး မိမိတို့၏မြေကို မိမိတို့ကိုယ်တိုင် စီမံခန့်ခွဲအုပ်ချုပ်မှုဖြစ်သည့် ဖက်ဒရယ်အခြေခံလည်းဖြစ်သည်။

ရွှေ့ပြောင်းတောင်ယာစနစ်သည် နည်းပညာပိုင်းဆိုင်ရာအလေ့အကျင့်သက်သက်မဟုတ်ပဲ ကျေးလက်လူမှု အသိုက်အဝန်းများနှင့် တစ်သားတည်းပေါင်းစည်းပါဝင်လျက်ရှိသည့်အတွက် မြေအမျိုးအစားသတ်မှတ်ရုံ မျှဖြင့် မလုံလောက်ပါ။ ရွှေ့ပြောင်းတောင်ယာမြေအတွက် လုပ်ပိုင်ခွင့်လက်မှတ်ပုံစံ (ပုံစံ-၇ ကဲ့သို့) ထုတ်ပေးရန် ရည်ရွယ်မည်ဆိုပါကလည်း အန္တရာယ်ကြီးမားသည့် ပြဌာန်းချက်များသာ ဖြစ်လာမည်။ အဘယ့်ကြောင့်ဆိုသော် လယ်ယာမြေ လုပ်ပိုင်ခွင့် (ပုံစံ-၇) သည် လုပ်ပိုင်ခွင့်သက်သက်သာဖြစ်နေပြီး ဓလေ့ထုံးတမ်းမြေစနစ်များ အတွင်းမှ မြေပိုင်ဆိုင် စီမံအုပ်ချုပ်ပိုင်ခွင့်များနှင့် ကိုက်ညီမှုမရှိပေ။

မြန်မာနိုင်ငံရှိ တည်ဆဲဥပဒေများနှင့်မြေစီမံအုပ်ချုပ်မှုများသည် လက်တွေ့မြေကျင့်သုံးမှုပုံစံများနှင့် ကိုက်ညီမှု မရှိသေးပါ။ အထူးသဖြင့် လယ်ယာမြေဥပဒေ၊ မြေလွတ်မြေလပ်မြေရိုင်းဥပဒေနှင့် သစ်တောဥပဒေများသည် မြေမှတ်ပုံတင်ရေးကို တွန်းအားပေးလျက်ရှိပြီး ဓလေ့ထုံးတမ်းမြေစနစ်ကျင့်သုံးနေသူများကို ရာဇဝတ်မှု သင့်နေစေသည်၊ ဘိုးဘွားစဉ်ဆက်လက်ဆင့်ကမ်းလာခဲ့ကြသည့် မြေများကို ဆုံးရံှုးရစေသည်။ ထို့အပြင် အဆိုပါဥပဒေများကို အသုံးပြု၍ မြေသိမ်းခြင်း၊ မြေပမာဏများစွာ လျှောက်ထားရယူခြင်း၊ ဓလေ့ထုံးတမ်း မြေစနစ်ကျင့်သုံးနေသူများကို တရားစွဲဆိုခြင်း စသည့် မြေမတရားမှုဖြစ်ရပ်များစွာလည်း ရှိနေသည်။

ရွှေ့ပြောင်းတောင်ယာစနစ်ကြောင့် သစ်တောများပြုန်းတီးသည်၊ ရာသီဥတုပြောင်းလဲမှုကို တွန်းအား ပေးသည်၊ လေထုညစ်ညမ်းမှုကို ဖြစ်စေသည်၊ ထိရောက်အကျိုးရှိမှုနည်းသည် . . . စသည့် ယုံမှတ်မှားစွာ စွပ်စွဲပြစ်တင်မှုများသည် ရွှေ့ပြောင်းတောင်ယာစနစ်နှင့် ၎င်းစနစ်ကိုကျင့်သုံးနေသူများအား အကာအကွယ် ပေးနိုင်မည့် ဥပဒေ/မူဝါဒများပေါ်ပေါက်လာရေးအတွက် များစွာအဟန့်အတားဖြစ်စေသည်။

ရွှေ့ပြောင်းတောင်ယာစနစ်ကဲ့သို့သော ဓလေ့ထုံးတမ်းမြေစီမံ ခန့်ခွဲမှုများသည် စိုက်ပျိုးမွေးမြူရေး၊ သစ်တော နှင့် သယံဇာတအရေး၊ ပတ်ဝန်းကျင်နှင့်ဂေဟစနစ်အရေး၊ ရိုးရာယဉ်ကျေးမှုနှင့် တိုင်းရင်းသားအရေး စသည့် ကျယ်ပြန့်သည့် အရေးအရာများနှင့် ဆက်နွယ်နေသည်။ ထိုသို့ ကျယ်ပြန့်အရေးကြီးသည့် စနစ်တစ်ခုကို မည်သည့်အခြေခံစည်းမျဉ်းများ၊ မည်သို့သောဥပဒေမူဘောင်များဖြင့် မည်သည့်ဌာနက စီမံအုပ်ချုပ်မည် ဆိုသည်မှာ အလွန်အရေးကြီးသည့်မေးခွန်းဖြစ်သည်။

အကြံပြုချက်များ

ရွှေ့ပြောင်းတောင်ယာအပါအဝင် ဓလေ့ထုံးတမ်းမြေစနစ်များအတွက် အာမခံချက်ရှိ်သည့် သီးခြား ဥပဒေ တစ်ရပ်နှင့် သီးခြားစီမံအုပ်ချုပ်မှုအစီအစဉ်များ လိုအပ်သည်။ ဥပဒေရေးဆွဲရေးဖြစ်စဉ်နှင့် စီမံအုပ်ချုပ်မှုအစီအစဉ်များ ဖော်ထုတ်ရေးလုပ်ငန်းစဉ်အဆင့်ဆင့်တွင် တိုက်ရိုက်သက်ဆိုင်သူများ၊ ထိခိုက်ခံရနိ်ုင်ခြေရှိသူများ၊ စစ်ဘေးရှောင်နှင့်ဒုက္ခသည်များ၊ ဓလေ့ ထုံးတမ်းမြေစနစ်ကျင့်သုံးနေကြသူများ၊ သက်ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ကိုယ်စားပြုပါဝင်မှုများကို သေချာစေရမည်။ ရွှေ့ပြောင်းတောင်ယာအပါအဝင် ဓလေ့ထုံးတမ်းမြေစနစ်ဆိုင်ရာဥပဒေအတွက် အောက်ပါတို့ကို လေးစားလိုက်နာရမည်။

  • ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်-၁၇(၁, ၂) နှင့် အပိုဒ်(၂၅-၁)၊
  • ဌာနေတိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကြေညာစာတမ်း (UNDRIP) အပိုဒ်(၁ဝ)၊ အပိုဒ် (၁၁-၁)၊ အပိုဒ် (၂၅)၊ အပိုဒ်-၂၆ (က, ခ, ဂ)၊
  • တောင်သူငယ်များနှင့် ကျေးလက်လက်လုပ်လက်စားများ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကြေငြာစာတမ်း (UNDROP) – အပိုဒ်-၂၈၊ အပိုဒ်-၁၇(၁, ၃, ၄)၊
  • မြေ၊ သားငါးနှင့် သစ်တောလုပ်ပိုင်ခွင့်လမ်းညွှန်ချက်များ(CFS-TG) အခန်း(၉)

တောင်သူငယ်များ၊ ကျေးလက်လက်လုပ်လက်စားများ၊ ဓလေ့ထုံးတမ်းမြေစနစ် ကျင့်သုံးနေသူများ၏ လူထု မြေယာအခွင့်အရေးများကို အပြည့်အဝအကာအကွယ်ပေးနိုင်မည့် လွှမ်းခြုံမှုရှိသော ဖက်ဒရယ်မြေဥပဒေ တစ်ရပ် လိုအပ်သည်။ အဆိုပါဥပဒေ မပေါ်ထွက်နိုင်သေးမီကာလအတွင်း တည်ဆဲမြေဥပဒေများကို အသုံးပြု၍ အတင်း အကြပ် မြေမှတ်ပုံတင်စေခြင်း၊ အကြီးစား မြေအသုံးချခွင့်များ ချပေးခြင်း (သို့) လျှောက်ထားစေခြင်း၊  မြေသိမ်းယူခြင်း၊ တောင်သူများနှင့် ဌာနေတိုင်းရင်းသားများအား တရားစွဲဆိုခြင်းများ မပြုလုပ်ရ။

လက်နက်ကိုင်ပဋိပက္ခများ၊ အကြီးစားစီမံကိန်းများနှင့် တည်ဆဲဥပဒေများကြောင့် မြေဆုံးရံှုးနစ်နာ နေရသူများ (စစ်ဘေးရှောင်ဒုက္ခသည်များနှင့် အဓမ္မနှင်ထုတ်ခံရသူများအပါအဝင်)၊ တရားစွဲဆိုခံ နေရသူများ/ထောင်သွင်းအကျဉ်းချခံနေရသူများ၊ မြေမဲ့ယာမဲ့များ၏ ထိခိုက်နစ်နာမှုများကို ဖြေရှင်း ပေးနိုင်မည့်၊ ကုစားပေးနိုင်မည့် ထိရောက်မှုရှိသည့် မူဘောင်နှင့် ယန္တရားများကို ရေးဆွဲအကောင် အထည်ဖော်ရမည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်သည် မြေကဏ္ဍပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နှင့် တစ်သားတည်းဖြစ်ပြီး ဖြစ်စဉ်နှစ်ခုလုံးအတွက် ပြေလည်နိုင်သောအခြေအနေမှာ စစ်မှန်သော ဖက်ဒရယ် မြေယာ အုပ်ချုပ်မှုသာဖြစ်သည်။ ဖက်ဒရယ်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆီသို့ ဦးတည်လျှောက်လှမ်းရမည့် နိုင်ငံအနေနှင့် ရွှေ့ပြောင်းတောင်ယာစနစ်အပါအဝင် ဓလေ့ထုံးတမ်းမြေစနစ်များ၊ အသက်မွေးဝမ်းကျောင်းမှုနှင့် မြေအသုံးချမှုပုံစံများကို စည်းကြပ်ထိန်းကျောင်းထားသည့် မူဝါဒများ၊ ဥပဒေများကို သုံးသပ်ပြင်ဆင် ရမည်။ ရွှေ့ပြောင်းတောင်ယာအပါအဝင် ဓလေ့ထုံးတမ်းမြေစနစ်များအပေါ် ဆိုးကျိုးသက်ရောက်မှု အလွန် ကြီးသည့် “မြေလွတ်မြေလပ်မြေရိုင်းဥပဒေ” ကို ဖျက်သိမ်းရမည်။

– ဆက်သွယ်ရန် –

(၁) ကိုစည်သူ               (၀၉-၇၉၀ ၇၃၉ ၄၈၈)
(၂) မိခမွန်း                   (၀၉-၄ဝ၁ ၆ဝ၁ ၈၂၂)
(၃) စောအဲလက်စ်        (၀၉-၇၇၆ ၅၄ဝ ၄၇၁)

ဒို့မြေကွန်ရက်               https://lioh.org,
landsinourhands@gmail.com


သုံးသပ်ချက်ကို ရယူရန် (မြန်မာဘာသာဖြင့်) (အင်္ဂလိပ်ဘာသာဖြင့်)


ဆက်လက်ဖတ်ရှုသင့်သည့်စာအညွှန်း –
De-crimilalise Agro-Forestry:
သီးနှံသစ်တောရောနှောစိုက်ပျိုးရေးစနစ်ကို ပြစ်မှုကြောင်းအရ အရေးမယူဘဲ ဖြေလျှော့ပေးခြင်း

ဖက်ဒရယ်မြေစီမံအုပ်ချုပ်မှုဆိုင်ရာ စကားဝိုင်း (အောက်တိုဘာ ၂ဝ၂ဝ)

၂ဝ၂ဝ-ခုနှစ် အောက်တိုဘာလ ၁၄-ရက်နေ့က ဒို့မြေကွန်ရက်၊ Burma Environmental Working Group (BEWG)၊ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းနှင့် Kayah Earthrights Action Network (KEAN) တို့ ပူးပေါင်းပြီး ဖက်ဒရယ်မြေစီမံအုပ်ချုပ်မှုစကားဝိုင်းကို zoom meeting မှာ ပြုလုပ်ခဲ့ပါတယ်။ အဖွဲ့တစ်ဖွဲ့စီက ဦးဆောင်ဆွေးနွေးသူတစ်ဦးစီ ပါဝင်ဆွေးနွေးခဲ့ကြပြီး တစ်နာရီခွဲကြာမြင့်သည့် အဆိုပါ အစည်းအဝေးကို ဒို့မြေကွန်ရက်ဖေ့စ်ဘုတ်ခ်[1] စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ Zoom မှာ တက်ရောက်ဖို့ စာရင်းပေးသွင်းသူ[2] စုစုပေါင်း ၉၈-ဦးရှိပြီး ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တင်ထားတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုဗီဒီယိုကို ကြည့်ရှုမှု အကြိမ်ရေ ၁,၈ဝဝ ထိ ရှိနေပြီဖြစ်ပါတယ်။

ဖက်ဒရယ်မြေစီမံအုပ်ချုပ်မှု စကားဝိုင်း ပြုလုပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က “အစိုးရရဲ့ မြေယာပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအတွင်းက စိုးရိမ်ပူပန်စရာတွေကို ထောက်ပြဆွေးနွေးနိုင်ဖို့” နဲ့ “ဖက်ဒရယ်မြေစီမံအုပ်ချုပ်မှုအတွက် တောင်းဆိုချက်တွေကို စုစည်းဖော်ထုတ်ဆွေးနွေး” ဖို့ဖြစ်ပါတယ်။ ဆွေးနွေးပွဲအတွက် အခြေခံ စဉ်းစားချက်တွေက –
* မြေယာပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ လက်ရှိမှာ ဘယ်လို အခင်းအကျင်းတွေ ရှိနေသလဲ?
* ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေရဲ့ လားရာက ဘယ်ကိုသွားနေလဲ? ဖက်ဒရယ်ပန်းတိုင်ကနေ သွေဖီနေပြီလား?
* ဖက်ဒရယ်မြေစီမံအုပ်ချုပ်မှုဆီရောက်ဖို့ ဘာတွေလုပ်လို့ရမလဲ? ဘယ်လိုလုပ်လို့ရမလဲ?

ဆွေနွေးပွဲကို အဓိက ၂-ပိုင်းခွဲဆွေးနွေးခဲ့ပြီး အမေးအဖြေကဏ္ဍနဲ့ အဆုံးသတ်ထားပါတယ်။ ပထမပိုင်းမှာ သမိုင်းကြောင်းနဲ့ ယနေ့ကာလအထိ ပြန်လည်သုံးသပ်မှုတွေ၊ လက်ရှိ အခင်းအကျင်းတွေကို ဆွေးနွေးကြပြီး ဒုတိယပိုင်းမှာ ဘယ်လိုရှေ့ဆက်လို့ရမလဲဆိုတာကို ဆက်လက်ဆွေးနွေးကြပါတယ်။ ဦးဆောင်ဆွေးနွေးသူ တစ်ဦးစီက ဆွေးနွေးခဲ့တဲ့ မြေယာပြုပြင်ပြောင်းလဲရေးနဲ့ ဖက်ဒရယ်မြေယာစနစ်ဆိုင်ရာ ခေါင်းစဉ်တွေက အောက်ပါအတိုင်းဖြစ်ပါတယ် –

  • သမိုင်းအခင်းအကျင်း၊ မြေယာကဏ္ဍသုံးသပ်ချက်နှင့် ဖက်ဒရယ်ပန်းတိုင်

ဒီခေါင်းစဉ်ကို ဒို့မြေကွန်ရက်က ကိုစည်သူက ဆွေးနွေးပြောကြားပြီး သမိုင်းတစ်လျှောက် မြေယာပြုပြင်ပြောင်းလဲရေးကို အခြေခံထားပါတယ်။ ဖက်ဒရယ်နဲ့ ဘာကြောင့်လွဲချော်နေရတယ်၊ ဖက်ဒရယ်လို့ဆိုရင် ဘာတွေက အဓိကကျတယ်ဆိုတာကို ဆွေးနွေးထားပါတယ်။

  • ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များ သုံးသပ်ချက်နှင့် ဖက်ဒရယ်အတွက်လားရာများ

ဒီခေါင်းစဉ်ကို KEAN က စောအယ်စေးက ဆွေးနွေးပြောကြားပြီး ငြိမ်းချမ်းရေးနဲ့ မြေကဏ္ဍမှာရှိနေ/ ဖြစ်နေတဲ့ လုပ်ငန်းစဉ်တွေ၊ ယန္တရားတွေအပေါ် အသေးစိတ်သုံးသပ်ချက်တွေ ပါဝင်ပါတယ်။ ဖက်ဒရယ် မြေစီမံအုပ်ချုပ်မှုဆီ ခရီးဆက်နိုင်မယ့် ဖြစ်နိုင်ခြေတွေကိုလည်း ထည့်သွင်းထားပါတယ်။

  • အစားအစာထုတ်လုပ်မှုစနစ်၊ အစားအစာ အုပ်စိုးစီမံမှုနှင့် ဖက်ဒရယ်စနစ်

ဒီခေါင်းစဉ်ကို မေတ္တာက မစန်းဝေက ဆွေးနွေးထားပြီး မြေ၊ အရင်းအမြစ်၊ အစားအစာစနစ်တွေ အကြားက ချိတ်ဆက်မှုတွေ၊ အရင်းရှင်စနစ်ရဲ့ အစားအစာစနစ်အပေါ် အမြတ်ထုတ်နေမှုတွေကို ဆွေးနွေးပေးထားပါတယ်။ အသေးစားနဲ့ တစ်နိုင်တစ်ပိုင်တောင်သူတွေကို အစားအစာထုတ်လုပ်မှု စနစ်တွေကနေ ဘေးဖယ်ထုတ်ပြီး “မြို့ ပြ ကျူး” လို့ခေါ်တဲ့ သူတွေဖြစ်လာအောင် ဘယ်လို ဖိအားတွေ ဖြစ်နေစေလဲဆိုတာတွေအပေါ်မှာ မေးခွန်းတွေ ထုတ်ထားပါတယ်။

  • မြေသယံဇာတ၊ ပဋိပက္ခနှင့် ဖက်ဒရယ်မြေစီမံအုပ်ချုပ်မှု

ဒီခေါင်းစဉ်ကို BEWG က ကိုခွန်ဦးက ဆွေးနွေးထားပြီးတော့ အတိတ်ကာလက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရပ်တန့်သွားရခြင်းအကြောင်းရင်း၊ လက်ရှိမှာလည်း အလားတူအခြေအနေတွေ ထပ်ဖြစ်လာနိုင်စရာရှိတယ်ဆိုတဲ့ ဆွေးနွေးချက်တွေကို ထည့်သွင်းဆွေးနွေးထားပါတယ်။ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်အစိုးရတွေအကြားက အာဏာခွဲဝေမှုကိစ္စနဲ့ မြေယာပြုပြင်ပြောင်းလဲရေး/ စီမံအုပ်ချုပ်မှုအတွက် ထည့်သွင်းစဉ်းစားရမယ့် R-ငါးလုံးကိုလည်း[3] အကြံပြုပြောဆိုသွားပါတယ်။


[1] မူလအစီအစဉ်တွင် ဒို့မြေကွန်ရက်နှင့် ခေတ်သစ်မီဒီယာ ဖေ့ဘွတ်ခ်စာမျက်နှာများတွင် တပြိုင်နက် တိုက်ရိုက်ထုတ်လွှင့်ရန် ဖြစ်သော်လည်း နည်းပညာပြဿနာအရ ဒို့မြေကွန်ရက်စာမျက်နှာပေါ်၌သာ ထုတ်လွှင့်နိုင်ခဲ့ပါသည်။
[2] ဆွေးနွေးချိန်တွင် ပါဝင်တက်ရောက်သူ ၆ဝ-ဦး ဖြစ်ပါသည်။
[3] အသိအမှတ်ပြုခြင်း၊ အစားပြန်လည်ပေးခြင်း/ကုစားခြင်း၊ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ခြင်း၊ ကိုယ်စားပြုခြင်း၊ ပြန်လည်ခွဲဝေပေးခြင်း


တိုက်ရိုက်ထုတ်လွှင့်မှု မှတ်တမ်းကို ဒို့မြေကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် ကြည်ရှုနိုင်ပါသည်။

လွှမ်းခြုံမှုရှိသည့်မြေဥပဒေတစ်ရပ်အတွက် ဒို့မြေကွန်ရက်၏ ရပ်တည်ချက်

အောက်တိုဘာ ၂ဝ၂ဝ

ဒို့မြေကွန်ရက်သည် ပြည်နယ်နှင့်တိုင်းအသီးသီးမှ တောင်သူငယ်များ၊ တောင်သူလယ်သမားသမဂ္ဂများ၊ ၎င်းတို့နှင့် လက်တွဲဆောင်ရွက်နေကြသော ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် မိတ်ဖက်အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်း၍ မြေယာအရေးလှုပ်ရှားကြသော တိုင်းရင်းသားပေါင်းစုံပါဝင်သည့် စင်္ကြံဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့် စစ်မှန်မျှတသော ရေရှည်တည်တံ့သည့် ဖွံ့ ဖြိုးရေး၊ အခြေခံလူ့အခွင့်အရေးများကို ပြည့်မီရရှိစေရေး အားထုတ်ကြရာတွင် လုပ်ကွက်ငယ်တောင်သူများနှင့် အသေးစားမြေအသုံးပြုသူများ၊ ရေလုပ်သားများ၊ အထူး သဖြင့် ကျေးလက်များမှလူငယ်များ၊ အမျိုးသမီးများ၊ တိုင်းရင်းသားများ၊ စစ်/လက်နက်ကိုင်ပဋိပက္ခများကြောင့် (သို့) ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အကြီးစားစီမံကိန်းကြီးများကြောင့် နေရပ်စွန့်ခွာရသူများ၏ ရေမြေပိုင်ဆိုင်ခွင့်ကို အားပေးမြှင့်တင်ခြင်း၊ ကာကွယ်ခြင်းနှင့် လေးစားအသိအမှတ်ပြုခြင်းတို့မှာ မရှိမဖြစ်အရေးကြီးကြောင်း ဒို့မြေက ယုံကြည်ပါသည်။ ထိုသို့ယုံကြည်သည့်အလျောက် မြန်မာ့မြေကဏ္ဍပြုပြင်ပြောင်းလဲရေးအတွက် အပြုသဘော ဆောင်သည့် ဝေဖန်သုံးသပ်အကြံပြုမှုများ စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိပါသည်။

၂ဝ၁၈-ခုနှစ်အတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ မြေယာအရေးလှုပ်ရှားကြသည့် အရပ်ဘက်အဖွဲ့ အစည်းများ၊ တောင်သူလယ်သမားများနှင့် စစ်ဘေးရှောင်ပြည်သူများပါဝင်သည့် လူထုတွေ့ဆုံဆွေးနွေးပွဲများမှ သဘောထားထုတ်ပြန်ချက်များအရ (မြေနှင့်သက်ဆိုင်သည့်) တည်ဆဲဥပဒေများ၊ ပြင်ဆင်နေဆဲဥပဒေများ၊ အသစ် ရေးဆွဲလျက်ရှိသောဥပဒေများသည် ဒီမိုကရေစီစံချိန်စံညွှန်းများနှင့် မကိုက်ညီကြောင်း၊ ဥပဒေတစ်ခုရေးဆွဲရန် လိုအပ်သည့် မူဝါဒ/မူဘောင်များအား အခြေခံထားခြင်းမရှိကြောင်း၊ ဒေသခံ/ဌာနေတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံညှိနိုင်းမှုများပြုလုပ်ထားခြင်းမရှိကြောင်း သုံးသပ်ထားသည်။ တစ်ဆက်တည်းမှာပင် မြေလွတ်မြေလပ်မြေရိုင်း ဥပဒေကို ဖျက်သိမ်းရန်၊ မြေယာအခွင့်အရေးများကို အပြည့်အဝဦးစားပေးပြီး မူရင်းဌာနေတိုင်းရင်းသားများ၏ မိရိုး ဖလာမြေပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှုနှင့် မိရိုးဖလာမြေနယ်နိမိတ် သမိုင်းကြောင်းအမှန် ဖော်ထုတ်ခြင်းကို အားပေး လုပ်ဆောင်/အသိအမှတ်ပြုရေး ထည့်သွင်းရေးဆွဲထားသည့် ဖက်ဒရယ်မြေဥပဒေတစ်ရပ် ဦးစွာရေးဆွဲရန်လည်း တောင်းဆိုထားသည်။

ထို့အပြင် မြေဥပဒေရေးဆွဲရေးလုပ်ငန်းစဉ်သည် မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေဆဲ မြေယာပြဿနာ၊ ပဋိပက္ခများကို တရားမျှတစွာဖြေရှင်းနိုင်စေရမည်၊ အနာဂတ်မြေသယံဇာတအရင်းအမြစ်များကို ပြည်သူပြည်သားတိုင်းရင်းသားများ ကိုယ်တိုင် အုပ်စိုးစီမံပိုင်ခွင့်ကို အာမခံနိုင်စေရမည်၊ အဓိကထိခိုက်ခံရသူများ/ ထိခိုက်ခံရနိုင်ခြေရှိသူများအားလုံး ပါဝင်ဆုံးဖြတ်ခွင့်ရှိသည့် ဒီမိုကရေစီနည်းလမ်းများဖြင့် ဆောင်ရွက်ရန်လိုသည်ဟုလည်း တိုက်တွန်းထားသည်။ လက်ရှိတွင် အမျိုးသားမြေဥပဒေရေးဆွဲရေးအတွက် အစိုးရ၏အားထုတ်မှုများကို စတင်တွေ့ရှိလာရပြီး သက်ဆိုင်ရာ ကော်မတီ/လုပ်ငန်းအဖွဲ့များဖွဲ့စည်းခြင်း၊ လုပ်ငန်းအစီအစဉ်နှင့် လမ်းပြမြေပုံရေးဆွဲခြင်း ကိစ္စရပ်များကိုလည်း ကြားသိ ရပါသည်။ သို့ဖြစ်၍ လက်ရှိမြေယာအခင်းအကျင်းများကို လူထုမြေယာအခွင့်အရေးရှုထောင့်အရ ခြုံငုံသုံးသပ်ပြီး လွှမ်းခြုံမှုရှိသည့်မြေဥပဒေတစ်ရပ်အတွင်း အခြေခံရမည့်မူများအား ဤစာတမ်းဖြင့်ဖော်ထုတ်ရခြင်းဖြစ်ပါသည်။ ဤစာတမ်းကို ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ မိတ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းပြုစုဖော်ထုတ်ခြင်း ဖြစ်သည်။


ရပ်တည်ချက်စာတမ်းကို မြန်မာဘာသာအင်္ဂလိပ်ဘာသာတို့ဖြင့် ဖတ်ရှုနိုင်ပါသည်။

အနာဂတ်မြေယာအုပ်ချုပ်စီမံမှုတစ်ရပ်ဆီသို့ (KEAN ၏ သုံးသပ်ချက်)

အနာဂတ်မြေယာအုပ်ချုပ်စီမံမှုတစ်ရပ်ဆီသို့ အပိုင်း(၂)

စက်တင်ဘာ ၂ဝ၂ဝ

လက်ရှိ အမျိုးသားမြေဥပဒေတစ်ရပ်ပေါ်ထွက်လာရန် ချဉ်းကပ်လုပ်ဆောင်နေမှုများသည် ဖက်ဒရယ် မြေယာအုပ်ချုပ်စီမံမှုအတွက် သို့မဟုတ် ဒေသခံဌာနေတိုင်းရင်းသားများ သို့မဟုတ် မြေအခြေပြု အသက်မွေး၀မ်းကျောင်းပြုသော အခြေခံလူတန်းစားများနှင့် တောင်သူလယ်သမားများ၏ မြေယာ ဆိုင်ရာအခွင့်အရေး လုံခြုံစိတ်ချမှုအတွက် မည်သို့အာမခံချက်ပေးနိုင်မည်နည်းဟူသော မေးခွန်း၏ အဖြေကို ဦးစွာဖော်ထုတ်ရန် လိုအပ်လာပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်နှင့်အတူ မြေယာကဏ္႑ပြုပြင်ပြောင်းလဲမှုများသည် ၂၀၁၂ ခုနှစ် အစိုးရသစ်လက်ထက်တွင် စတင်လုပ်ဆောင်လာသည်ကို မြင်တွေ့ခဲ့ကြရပြီးဖြစ်သည်။ သိသာထင်ရှားသော ဖြစ်ရပ်များအနေဖြင့် မြေနှင့်ပတ်သက်သော ဥပဒေများ၊ နည်းဥပဒေများအပြင် မြေယာကဏ္႑နှင့်ဆက်စပ်သော အခြားသော ဥပဒေများ၊ နည်းဥပဒေများတို့ကို အသစ်ထုတ်ပြန်ပြဌာန်းခြင်း၊ ဖျက်သိမ်းခြင်းများကိုလည်း တစ်ရစပ် လုပ်ဆောင်လာခဲ့သည်။ တစ်ပြိုင်နက်ထဲတွင် ထိုဥပဒေများ၊ နည်းဥပဒေများနှင့် ပတ်သက်၍လည်း လက်တွေ့ကျင့်သုံးရာတွင် ကိုက်ညီမှုမရှိခြင်း၊ မြေအခြေပြု အသက်မွေး၀မ်းကျောင်းပြုသူများ၊ အခြေခံ တောင်သူလယ်သမားများနှင့် လယ်သမား၊ ဒေသခံဌာနေတိုင်းရင်းသားများတို့၏ မြေနှင့်ဆက်စပ်သော အခွင့် အရေးကို အသိအမှတ်ပြုအကာအကွယ်ပေးနိုင်မှုမရှိခြင်းတို့ကြောင့် ကန့်ကွက်မှုများ၊ ထောက်ပြမှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။ တဖန် ၂၀၁၆ခုနှစ်တွင် အမျိုးသားမြေအသုံးချမှုမူဝါဒကို အတည်ပြုပြဌာန်းမှုပြုလုပ်ခဲ့သော် လည်း ဤမူဝါဒအပေါ်တွင်လည်း သဘောတူလက်ခံနိုင်မှုများသည် ကွဲပြားလျက်ရှိပြီး ဤမူဝါဒမဖြစ်တည်မီ ထွက်ရှိလာသော မူဝါဒမူကြမ်းများအပေါ်တွင်လည်း ပွင့်လင်းမြင်သာမှု၊ မြေယာအခွင့်အရေးဆိုင်ရာ လုံလောက် သောအကာအကွယ်ပေးနိုင်မှုတို့နှင့်စပ်လျဉ်း၍ အောက်ခြေအဆင့်မှပြည်ထောင်စုအဆင့်အထိတိုင် မြေယာ အခြေပြုအသက်မွေး၀မ်းကျောင်းပြုသူများ၊ တောင်သူလယ်သမားများ၊ ဌာနေတိုင်းရင်းသားများ၊ မြေယာအရေး လှုပ်ရှားဆောင်ရွက်ကြသူများ၊ တတ်သိနားလည်သောပညာရှင်များ စသော အလွှာပေါင်းစုံမှလူထုများ၏ ကန့်ကွက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ သို့သော်လည်း အမျိုးသားမြေအသုံးချမှုမူဝါဒသည် ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလတွင် အတည်ပြုခဲ့ပြီးဖြစ်သည်နှင့်အညီ ဤမူဝါဒပါရည်ရွယ်ချက်တစ်ခုဖြစ်သော အမျိုးသားမြေဥပဒေ ပေါ်ထွက်လာရေးအတွက် ပြဌာန်းရေးဆွဲခြင်းများကို လုပ်ဆောင်နိုင်ရန်အတွက် အမျိုးသားမြေအသုံးချမှု ကောင်စီ၏လမ်းညွန်ချက်ဖြင့် လုပ်ငန်းကော်မတီများ၊ လုပ်ငန်းအဖွဲ့ငယ်များ၊ လုပ်ငန်းအထောက်အကူပြုအဖွဲ့ များဖွဲ့စည်းခြင်းနှင့် လုပ်ငန်းအစည်းအေ၀းများကျင်းပခြင်းများကို ၂၀၁၈ခုနှစ်မှစတင်၍ လုပ်ဆောင်လာခဲ့ကြ သည်။ ထို့ကြောင့် ၂၀၂၀ပြည့်နှစ်တွင် အမျိုးသားမြေဥပဒေ(မူကြမ်း)ရေးဆွဲခြင်း လုပ်ငန်းစဉ်များနှင့် ပတ်သက် သော လုပ်ငန်းစဉ်များသည် ပို၍ရုပ်လုံးပေါ်ထင်ရှားလာသည်ကို တွေ့မြင်လာရပါသည်။

ထို့ကြောင့် အမျိုးသားမြေဥပဒေပေါ်တစ်ရပ်ထွက်လာရေးအတွက် လုပ်ဆောင်နေမှုများပတ်သက်၍ မဖြစ်မနေ မေးခွန်းထုတ်ရန်လိုအပ်လာပြီဖြစ်သည်နှင့်အညီ ချမှတ်ထားလုပ်ငန်းစဉ်များ၊ ရည်ရွယ်ချက်များနှင့် ပတ်သက် ၍လည်း မည်သို့ပြည့်မီအောင်လုပ်ဆောင်မည် စသော အချက်များကိုလည်း သေချာစောင့်ကြည့်ရန်လိုအပ်လာ ပါသည်။ မြေယာအရေးကိစ္စဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်းများသည် မြေယာအရေးကိစ္စသီးသန့်တစ်ခုတည်းသာ မဟုတ်ဘဲ နိုင်ငံရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုတည်ဆောက်မှုတို့နှင့်ပါ တိုက်ရိုက်ချိတ်ဆက်သော အရေးကိစ္စတစ်ခုဖြစ်သည်။ ထို့ကြောင့်လည်း လက်ရှိနိုင်ငံ၏ အကောင်အထည်ဖော်ဆောင်ရွက်နေသော ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွင် မြေယာကဏ္႑ သည် ကဏ္႑ကြီးတစ်ခုအနေဖြင့်ပါ၀င်ထည့်သွင်းဆွေးနွေးရသော အခန်းကဏ္႑တစ်ခုဖြစ်သည်။ လက်ရှိ အမျိုးသားမြေဥပဒေပေါ်ထွက်လာရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသော ဖြစ်စဉ်များအပေါ် တွင် အဓိကအခြေခံအကျဆုံးသောအကြောင်းအရာတစ်ခုအနေဖြင့် ဤလုပ်ငန်းဖြစ်စဉ်များသည် မြေယာ အခြေပြု အသက်မွေး၀မ်းကျောင်းပြုနေရသောသူများ၊ အခြေခံတောင်သူလယ်သမားများနှင့် အလုပ်သမား များ၊ ဌာနေတိုင်းရင်းသားတို့ရဲ့ မြေပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲခွင့် အခွင့်အရေးတို့အတွက် မည်မျှအကျိုးဖြစ်ထွန်း စေမည်၊ လုံခြုံစိတ်ချမှုဖြစ်စေမည်၊ အကာအကွယ်ဖြစ်စေမည်ကို ဦးစွာမေးမြန်းရာလိုအပ်လာပါသည်။ ထိုမှတဆင့် ထွက်ပေါ်လာမည့် အမျိုးသားမြေဥပဒေသည် ဖက်ဒရယ်မြေယာစီမံအုပ်ချုပ်မှုအတွက် မည်သို့ အထောက်အပံ့ဖြစ်သည်ကိုလည်းကောင်း မည်သို့ချဉ်းကပ်မှုရှိသည်ကိုလည်းကောင်း ထပ်မံမေးမြန်းရာလိုအပ် ပါသည်။ ထို့နောက် ဤမြေဥပဒေသည် ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဖက်ဒရယ် ဒီမိုကရက်တစ်ပြည်ထောင်စုတည်ဆောက်မှုတို့အတွက် မည်သို့အထောက်အကူဖြစ်သည် သဟဇာတဖြစ် သည်ကိုလည်း ဆက်စပ်ချိတ်ဆက်ရှာဖွေရန်လိုအပ်လာပါသည်။ ထို့ကြောင့် အမျိုးသားမြေဥပဒေတစ်ရပ် ပေါ်ထွက်လာစေရန်အတွက် ချဉ်းကပ်လုပ်ဆောင်နေသောလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ထိုလုပ်ငန်းစဉ်၏ အခြေအနေများ၊ ထိုလုပ်ငန်းစဉ်တွင်ပါ၀င်ပတ်သက်သူများနှင့် ထိုလုပ်ငန်းစဉ်များ၏ ယန္တရားများနှင့်ပတ်သက် သောအခြေအနေများကို လေ့လာသုံးသပ်ရန်လိုအပ်ပါသည်။

အမျိုးသားမြေအသုံးချမှုကောင်စီနှင့် အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီတို့၏ အမျိုးသားမြေဥပဒေတစ်ရပ်ပေါ်ထွက်လာရေးအတွင် ကနဦးခြေလှမ်းအနေအထားများ။

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းစီမံချက်၏ရည်ရွယ်ချက်များနှင့် မျှော်မှန်းချက်များတွင် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကြီးကိုရှေးရှုသည့် အမျိုးသားဥပဒေတစ်ရပ်ပေးထွန်းလာစေရန်၊ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ ရေရှည်တည်တံ့သောဖွံဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းသာယာ၀ပြောမှု၊ မြေလုပ်ပိုင်ခွင့် များခိုင်မာမှု၊ လူမှုစီးပွားဘ၀လုံခြုံမှုနှင့် စားနပ်ရိက္ခာဖူလုံမှုတို့ စဉ်ဆက်မပြတ် ဖြစ်ထွန်းတိုးတက်လာစေရန်နှင့်  မြန်မာနိုင်ငံ၏ မဟာဗျူဟာစီမံကိန်းများဖြစ်သော မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Development Plan-MSDP)၊ မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှု ဆိုင်ရာမူဝါဒ (Myanmar Climate Change Policy)၊ ဖက်ဒရယ်နှင့်ငြိမ်းချမ်းရေး – ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူညီမှု (Federal & Peace – Union Peace Accord)၊ ပဋိပက္ခဖြေရှင်းခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မြေယာပိုင်ဆိုင်မှုနှင့်လုံခြုံမှု၊ ရေရှည်တည်တ့ံသော ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များ၊ နိုင်ငံတကာစံနှုန်းများ လိုက်နာဆောင်ရွက်မှု (Crisis/ Conflict, Land Tenure & Security, Sustainable Development Goals- SDG, International Compliance) တို့ကို စနစ်တကျအကောင်အထည်ရန်ဖြစ်သည်ဟု ဖော်ပြထားရှိပါသည်။

၂၀၁၆ခုနှစ်၊ ဇန်နဝါရီလတွင် အတည်ပြုလိုက်သော အမျိုးသားမြေအသုံးချမှုမူဝါဒ အပိုဒ် ၇၇(က)အရ “ နိုင်ငံတော်ရှိ မြေနှင့်သက်ဆိုင်သောတည်ဆဲဥပဒေအားလုံးကို သဟဇာတဖြစ်စေရေးအတွက် ဤအမျိုးသား မြေအသုံးချမှုမူဝါဒကို လမ်းညွန်အဖြစ်အသုံးပြု၍ အမျိုးသားမြေဥပဒေသစ်ကို ရေးဆွဲပြဌာန်းရမည်” ဟု ဖော်ပြထားရှိပြီး ထိုအမျိုးသားမြေအသုံးချမှု မူဝါဒပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန်အတွက် အမျိုးသားမြေအသုံးချမှုကောင်စီဖွဲ့စည်းခြင်းကို ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ပြည်ထောင်စုအစိုးရ အဖွဲ့၊ အမိန့်ကြော်ငြာစာအမှတ် ၁၅/၂၀၁၈ ဖြင့်ဖွဲ့စည်းခဲ့ပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဥက္ကဌ အဖြစ် တာ၀န်ယူဦးဆောင်ခဲ့သည်။ ထိုကောင်စီသည် ထိုအချိန်မှစတင်၍ အမျိုးသားမြေအသုံးချမှုကောင်စီ၏ ပုံမှန်အစည်းအေ၀းကို (၆)လတစ်ကြိမ်ပြုလုပ်ကျင်းပရာမှ ယခုချိန်ထိ (၅)ကြိမ်ခန့်ပြီးစီးလုပ်ဆောင်လာခဲ့သည် ကိုတွေ့ရှိရပါသည်။ ထို့ပြင် အမျိုးသားမြေအသုံးချမှုကောင်စီသည် အမျိုးသားမြေဥပဒေဆိုင်ရာဆက်စပ်လုပ်ငန်း ဖြစ်သော မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် ရေးဆွဲအကောင်အထည်ဖော်ခြင်း လုပ်ငန်းအစည်းအေ၀းများကို သော်လည်းကောင်း၊ အမျိုးသားမြေအသုံးချမငကောင်စီ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်း စဉ်များစုပေါင်းဖော်ထုတ်နိုင်ရေးအတွက် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအေ၀းများကို သော်လည်းကောင်း၊ အခြားသောလုပ်ငန်းအစည်းအေ၀းများကိုသော်လည်းကောင်း ဆက်လက်ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ၂၀၁၈ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် အမျိုးသားမြေအသုံးချကော်မတီ ဖွဲ့စည်း ခြင်းများကို စတင်လုပ်ဆောင်လာခဲ့ပြီး အချို့သောဒေသများတွင် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်ထိ တိုးချဲ့ ဖွဲ့စည်းခြင်းများကိုလုပ်ဆောင်မှုများရှိလာသည်ကို တွေ့ရှိရပါသည်။

အမျိုးသားမြေအသုံးချမှုကောင်စီမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများတွင် ပူးပေါင်းဆောင် ရွက်ရေးအတွက် အမျိုးသားမြေအသုံးချမှုကောင်စီနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသည့် ဥရောပ သမဂ္ဂ The European Union (EU)၊ ဆွစ်ဇာလန်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ Swiss Agency for Development Cooperation (SDC) တို့အကြား တွေ့ဆုံဆွေးနွေးမှုမှတ်တမ်း Record of Discussin (RoD) ကို ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ ထို့ပြင် အဆိုပါ RoD လက်မှတ်ရေးထိုးထားသည့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် EU က မြန်မာနိုင်ငံ မြေယာကဏ္႑ ပြုပြင်ပြောင်းလဲမှုအထောက်အပံ့ပြုနိုင်ရေးအတွက် ဘက်စုံမြေအသုံးချမှုစီမံကိန်းရေးဆွဲခြင်းနှင့် စီမံခန့်ခွဲခြင်း မြှင့်တင်ခြင်းဆိုင်ရာ စီမံကိန်း (Promoting Integrated Land Use Planning and Management in Myanmar) ကို ကူညီထောက်ပံ့ရန် ခန့်မှန်းယူရိုငွေ (၅)သန်းဖြင့် စီမံကိန်းကာလ (၄)နှစ်ကို ကမ်ဘာ့စားနပ်ရိက္ခာ အဖွဲ့အစည်း (Food and Agriculture –FAO) မှတဆင့် ကူညီသွားမည်ဟုလည်း ဖော်ပြထားရှိပါသည်။

အမျိုးသားမြေအသုံးချမှုကောင်စီသည် အမျိုးသားမြေဥပဒေတစ်ရပ် ထွက်ပေးလာနိုင်ရေးအတွက် လုပ်ငန်း ကော်မတီများနှင့် လုပ်ငန်းစဉ်များကိုချမှတ်ဖော်ဆောင်လာရာတွင် ၁.၈.၂၀၁၉ ရက်နေ့တွင် အမိန့်ကြေငြာစာ အမှတ် ၃/၂၀၁၉ဖြင့် အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီသည် ၂.၁၀.၂၀၁၉ ရက်နေ့တွင် ပြုလုပ်ကျင်းပသည့် ပထမ အကြိမ်လုပ်ငန်းကော်မတီအစည်းအေ၀းမှ ဆွေးနွေးအတည်ပြုချက်များနှင့်အညီ အမျိုးသားမြေဥပဒေမူကြမ်း ရေးဆွဲရေးလုပ်ငန်းစီမံချက်များပေါ်ပေါက်လာရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို်လုပ်ဆောင်ခဲ့ပြီး လုပ်ငန်း ကော်မတီ၏ လုပ်ငန်းစီမံချက်ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို ၁၉.၁၂.၂၀၁၉ ရက်နေ့နှင့် ၂၀.၁၂.၂၀၁၉ ရက်နေ့တွင်လည်းကောင်း၊ ၂၉.၁.၂၀၂၀ ရက်နေ့နှင့် ၃၀.၁.၂၀၂၀ ရက်နေ့တွင်လည်းကောင်း (၂)ကြိမ်ပြုလုပ်ခဲ့သည်။ ၁၇.၇.၂၀၂၀ ရက်နေ့တွင်ပြုလုပ်ကျင်းပသော အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ်ဆွေးနွေးပွဲတွင် လုပ်ငန်းစီမံချက်ကို အတည်ပြုခဲ့သည်။ ထို့ကြောင့် ၁၇.၈.၂၀၂၀ ရက်နေ့ တွင်ထုတ်ပြန်သော အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏ အသိပေးကြေညာခြင်းတွင် အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းစီမံချက် (မူကြမ်း)နှင့် စပ်လျဉ်း၍ ၁၅.၉.၂၀၂၀ ရက်နေ့နောက်ဆုံးထား၍ အကြံပြုချက်များပေးပို့နိုင်ရန်အတွက် အသိပေးကြေညာခြင်းကို ပြုလုပ်လာပါသည်။

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးလုပ်ငန်းစီမံချက်(မူကြမ်း)အရ အမျိုးသားမြေဥပဒေရေးဆွဲခြင်းလုပ်ငန်းစဉ် များကို ၂၀၂၀ပြည့်နှစ် နေ့လည်ပိုင်းမှစတင်လုပ်ဆောင်လာသည်ကိုတွေ့ရှိရပြီး ၂၀၂၂ခုနှစ်ထိ လုပ်ဆောင်သွား မည်ဟု ဖော်ပြထားရှိပါသည်။ အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးလုပ်ငန်းစီမံချက် အလုပ်ရုံဆွေးနွေးပွဲမှ အဓိက အကြောင်းအရာ(၂၅)ခုကို ဖော်ထုတ်ထားပြီး ထိုအထဲမှ အဓိကလုပ်ငန်းစီမံချက်ကြီး (၃)ခုမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။        အမျိုးသားမြေဥပဒေ(မူကြမ်း)ရေးဆွဲရေးလုပ်ငန်းစီမံချက်ကို ပြည်သူသို့ချပြခြင်း၊ တိုင်ပင်ဆွေးနွေးခြင်း၊
၂။        အမျိုးသားမြေဥပဒေ(မူကြမ်း) ရေးဆွဲရန် ကြိုတင်ပြင်ဆင်ခြင်းများ၊
၃။        အမျိုးသားမြေဥပဒေ(မူကြမ်း) ရေးဆွဲခြင်းများ၊

ဤစီမံချက်လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းကော်မတီသည် လိုအပ် သော အထောက်အကူပြုလုပ်ငန်းအဖွဲ့၊ နည်းပညာအကြံပေးအဖွဲ့နှင့် အခြားပြင်ပ ပညာရှင်များ၊ အကျိုးသက် ဆိုင်သူကိုယ်စားလှယ်များ ပါ၀င်သောလုပ်ငန်းအဖွဲ့ငယ်များကို ဖွဲ့စည်းခြင်းနှင့် ၎င်းတို့၏ လုပ်ငန်းတာ၀န်များ သတ်မှတ်ခြင်းကိုဆောင်ရွက်ခွင့်ရှိသည်။ လုပ်ငန်းအဖွဲ့ငယ်များ၏ အဖွဲ့ခေါင်းစဉ်များနှင့်ဆက်စပ်၍ သက်ဆိုင်ရာ ၀န်ကြီးဌာနများသည် အဖွဲ့ခေါင်းဆောင်များအနေဖြင့်သော်လည်းကောင်း၊ အဖွဲ့၀င်များအနေဖြင့်သော်လည်း ကောင်း၊  အတွင်းရေးမှူးအဖြစ်သော်လည်းကောင်းပါ၀င်ကြပြီး အရပ်ဘက် လူမှုအသင်းအဖွဲ့မှကိုယ်စားလှယ် အချို့သည်လည်း ပါ၀င်လာကြသည်ကိုတွေ့ရှိကြရပါသည်။ ထို့ကြောင့် ၂၀၂၀ပြည့်နှစ်၊ နှောင်းပိုင်း အချိန်မှ စတင်၍ လုပ်ငန်းအဖွဲ့ငယ်များ၏ လုပ်ငန်းအကောင်အထည်ဖော်မှုများကို စတင်လုပ်ဆောင်လာမှုများရှိလာ သည်ကို တွေ့ရှိရပါသည်။ လုပ်ငန်းကော်မတီသည် အဖွဲ့(၇)ဖွဲ့ပါသောလုပ်ငန်းအဖွဲ့ငယ်များကို ဖွဲ့စည်းထားရှိပြီး ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။

၁။        ဥပဒေများသဟဇာတဖြစ်ရေး၊ အဂတိကင်းစင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ မြေစီမံခန့်ခွဲမှုဆိုင်ရာ ဖွဲ့စည်းပုံ အဆင့်ဆင့်၊ အမျိုးသားအဆင့် ပေါင်းစပ်ညှိနှိုင်းရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ငယ်
၂။        မြေမျိုးနှင့် မြေအတန်းအစားခွဲခြားခြင်း၊ မြေသတင်းအချက်အလက်စနစ်၊ မြေအသုံးချမှုစီမံကိန်း၊ ဇုန်သတ်မှတ်ခြင်းနှင့် မြေပုံရေးဆွဲခြင်း၊ မြို့ပြမြေအသုံးချမှု၊ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ငယ်
၃။        လုပ်ပိုင်ခွင့်၊ ပိုင်ဆိုင်မှု၊ မြေသိမ်းခြင်း၊ မြေယာလျော်ကြေးနှင့် နစ်နာကြေးပေးခြင်း၊ အဓမ္မနှင်ထုတ်ခြင်း၊ မြေအငြင်းပွားမှုဖြေရှင်းဆောင်ရွက်ခြင်း၊ မူလမြေပြန်ပေးခြင်း သို့မဟုတ် အစားထိုးဖြည့်ဆည်း ပေးခြင်း၊ မြေယာကျူးကျော်ခြင်းဆိုင်ရာကိစ္စရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့ငယ်
၄။        ဒေသခံတိုင်းရင်းသားများနှင့် ဓလေ့ထုံးတမ်းမြေယာလုပ်ပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းအဖွဲ့ငယ်
၅။        မြေခွန်၊ အခွန်အခဆိုင်ရာ လုပ်ငန်းအဖွဲ့ငယ်
၆။        ဘတ်ဂျက်၊ အလှူရှင်၊ အင်ဂျီအိုပေါင်းစပ်ညှိနှိုင်းရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ငယ်
၇။        ပြည်သူသို့ သတင်းဖြန့်ေ၀ရေးနှင့် အွန်လိုင်းပေါ်တယ်စနစ်ဆိုင်ရာ လုပ်ငန်းအဖွဲ့ငယ်

လက်ရှိအချိန်ထိ မြန်မာနိုင်ငံ၏ မြေယာပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ကို ပြန်လည်သုံးသပ်ခြင်း

၂၀၁၂ခုနှစ် သမ္မတဦးသိန်းစိန်ဦးဆောင်သော အစိုးရလက်ထက်တွင်လည်းကောင်း၊ ၂၀၁၅ခုနှစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သော အစိုးရသစ်လက်ထက်တွင်လည်းကောင်း နိုင်ငံ၏ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်နှင့်အတူ မြေယာကဏ္႑ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သော်လည်း သိသာထင်ရှားသော ပြောင်းလဲမှုများ၊ အောင်မြင်မှုများကို လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိသည်ကို လက်တွေ့အခြေအနေများမှ သက်သက် ပြလျက်ရှိနေပါသည်။ အသစ်ပြဌာန်းလိုက်သော မြေနှင့်ဆက်စပ်သောဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် မူဝါဒများကြောင့် မြေအခြေပြုအသက်မွေး၀မ်းကျောင်းပြုရသောသူများ၊ တောင်သူလယ်သမားများ၊ အလုပ် သမားများနှင့် ဌာနေတိုင်းရင်းသားတို့၏ မြေယာအခွင့်အရေးကိုအကာအကွယ်ပေးသည်ထက် အခွင့်ထူးခံ လူတန်းစားများ၏ မြေပိုင်ဆိုင်မှုများ၊ ၎င်းတို့မတရားသိမ်းယူထားသော မြေများကို တရား၀င်မှုရှိအောင် အကာ အကွယ်ပေးသကဲ့သို့ ဖြစ်စေပါသည်။ ထို့ကြောင့် ဒေသခံပြည်သူများသည် ၎င်းတို့၏ ဘိုးစဉ်ဘောင်ဆက်ပိုင် ဆိုင်လာမြေများ၊ ဓလေ့ထုံးတမ်းအရပိုင်ဆိုင်သောမြေများ အထူးသဖြင့် ဌာနေတိုင်းရင်းသားများ၏ အစဉ်အဆက်ပိုင်ဆိုင်လာခဲ့သောမြေများသည် မတရားသိမ်းဆည်းခြင်းများ၊ တရားစွဲဆိုခံရခြင်း၊ ထောင်သွင်း အကျဉ်းချခံထားရခြင်းများနှင့်အတူ ၎င်းတို့၏မြေယာများကို ဆုံးရှုံးရခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးသက် ရောက်မှုများဖြစ်သော အသက်မွေး၀မ်းကျောင်းများထိခိုက်ပျက်ဆီးခြင်း၊ လူမှုစီးပွားထိခိုက်ပျက်ဆီးခြင်းများ သည် နိုင်ငံအ၀ှမ်းတွင် ဆက်လက်ဖြစ်ပေါ်စေခဲ့ပါသည်။ ၂၀၁၅ခုနှစ် အစိုးရသစ်လက်ထက်တွင် အချို့သော မြေယာဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ခဲ့သော်လည်း သိသာထင်ရှားသောပြောင်းလဲတိုးတက်မှုများကို မပြုလုပ်နိုင်ဘဲ ရှိနေပါသည်။

တစ်ပြိုင်နက်တည်းတွင် မြေယာဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် ညှိနှိုင်း ဆွေးနွေးမှုများကိုပြုလုပ်လာခဲ့ရာမှ ၂၀၁၇ခုနှစ်၊ မေလတွင်ကျင်းပပြုလုပ်သော (၂၁)ရာစု ပင်လုံညီလာခံ၏ ဒုတိယအကြိမ်အစည်းအေ၀းနှင့် ၂၀၁၈ခုနှစ်တွင်ပြုလုပ်သော (၂၁)ရာစု ပင်လုံညီလာခံ၏ တတိယအကြိမ် အစည်းအေ၀းတွင် မြေနှင့်သဘာ၀ပတ်၀န်းကျင်ကဏ္႑ သဘောတူညီမှုအချက်(၁၂)ချက်အပါအ၀င် အခြေခံ သဘောတူညီချက်(၅၁)ချက်ကို ပြည်ထောင်စုသဘောတူညီချက်စာချုပ် အစိတ်အပိုင်း(၁)နှင့်(၂)တွင် သဘော တူညီလက်မှတ်ရေးထိုးခဲ့သည်။ ဤသဘောတူညီချက်(၅၁)ချက်ကို လွှတ်တော်တွင်အတည်ပြုပြီးဖြစ်သော် လည်း ယနေ့ထိတိုင် အကောင်အထည်ဖော်အသက်၀င်မှုမရှိသေးသည်ကိုတွေ့ရှိရပါသည်။ ထို့ကြောင့် ဤ (၂၁)ရာစုပင်လုံညီလာခံမှ မြေနှင့်သဘာ၀ပတ်၀န်းကျင် ဆိုင်ရာသဘောတူညီမှုများကိုပြန်လည်သုံးသပ်မည် ဆိုလျှင် ဖက်ဒရယ်မြေစီမံအုပ်ချုပ်မှုအတွက် အားကောင်းခိုင်မာသောသဘောတူညီချက်များမဟုတ်ဘဲ အထူးသဖြင့် ဌာနေတိုင်းရင်းသားများ၏ မြေပိုင်ဆိုင်ခွင့်နှင့် စီမံခန့်ခွဲခွင့် စသောအကြောင်းအရာများမပါ၀င်ဘဲ သဘောတူညီချက်ပါအချက်များကို တည်ဆဲဥပဒေများနှင့်အညီသာ ဆုံးဖြတ်စီမံသွားသည့်သဘောတရား များသာဖြစ်သည်။ ထို့ပြင် ဖက်ဒရယ် မြေယာအုပ်ချုပ်စီမံမှုကို ဖော်ဆောင်သောသဘောတရားများကို ဤသဘောတူညီချက်များတွင် မတွေ့ရှိပေ။ အထူးသဖြင့် စစ်တပ်၏ မြေသိမ်းဆည်းမှုများတွင်ပါ၀င်ပတ်သက်မှု၊ ပြည်တွင်းစစ်နှင့်စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသောသူများ၏ မြေယာဆိုင်ရာ အခွင့်အရေးအခြေအနေများနှင့်ပတ်သက်၍ မည်သို့ကိုင်တွယ် ဖြေရှင်းမည်စသောအချက်များကို မတွေ့ရှိရဘဲ ဖြစ်နေပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတဆင့် မြေယာကဏ္႑ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်များသည် ဖက်ဒရယ်မြေယာစီမံအုပ်ချုပ်မှုနှင့်ပတ်သက်၍ သိသာထင်ရှား သောအောင်မြင်မှုများရရှိဘဲ လက်ရှိတည်ဆဲ ဥပဒေများနှင့်လုပ်ထုံးလုပ်နည်းများ၊  မူဝါဒများနှင့်အညီသာ ပြောင်းလဲမှုများကိုသာပြုလုပ်ရန် သဘောတူညီ သော အဆင့်သာဖြစ်သည့် သဘောတူညီမှုများသာဖြစ်နေပါသည်။

(၂၁)ရာစုပင်လုံနှင့် အမျိုးသားမြေဥပဒေပေါ်ထွက်ရေးလုပ်ငန်းစဉ်များအကောင်အထည်ဖော်ခြင်း ချိန်ကိုက်ခြင်း

မြန်မာနိုင်ငံအစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းများအကြား  နိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲဖြစ်သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံညီလာခံ စတုတ္တ အကြိမ်ကို ၂၀၂၀ပြည့်နှစ် သြဂုတ်လလယ်ပိုင်းတွင် ပြုလုပ်ပြီးစီးခဲ့ပြီးဖြစ်သည်။ ဤအစည်းအေ၀းတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို သဘောတူညီမှုပြုလုပ်ခဲ့ပြီး သဘောတူညီချက်(၂၀)ချက် နှင့် ၂၀၂၀အလွန် အဆင့်လိုက် လုပ်ငန်းစဉ်နှင့် အဆင့်လိုက်အကောင်အထည်ဖော်မှုများကို ရရှိခဲ့ပါသည်။ ယေဘုယျအားဖြင့် ယခင်(၂၁)ပင်လုံညီလာခံမှ သဘောတူညီထားသော အချက်(၅၁)ချက်ကို အကောင် အထည်ဖော်ရန်အတွက် ဤစတုတ္တအကြိမ်အစည်းအေ၀း၏ သဘောတူညီချက်အစိတ်အပိုင်း(၃)၏ အပိုင်း(၁) တွင်ဖော်ပြထားရှိပြီး ၂၀၂၀အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နှင့် အဆင့်လိုက်အကောင်အထည်ဖော်မှုကို အပိုင်း(၂)နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွန်အခြေခံမူများကို အပိုင်း(၃)တွင် ဖော်ပြထားရှိပါသည်။ အခြားတစ်ဘက်တွင် အမျိုးသားမြေဥပဒေ တစ်ရပ်ပေါ်ထွက်လာရေးအတွက် အမျိုးသားမြေအသုံးချမှုကောင်စီမှ ဦးဆောင်၍ဆောင်ရွက်နေသော လုပ်ငန်း စဉ်များသည်လည်း ၂၀၂၀ပြည့်နှစ် နှစ်လည်ပိုင်း လက်ရှိပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ ညီလာခံ စတုတ္တအကြိမ်ပြီးဆုံးချိန်တွင် ပို၍ရုပ်လုံးပေါ်လွင်လာသည်ကိုတွေ့ရှိရပါသည်။

အမျိုးသားမြေဥပဒေ(မူကြမ်း)လုပ်ငန်းစီမံချက်ပါ ဖော်ပြချက်များအရ လုပ်ငန်းအကောင်အထည်ဖော်ခြင်းများကို ၂၀၂၀ပြည့်နှစ် နှစ်လယ်ပိုင်းမှစတင်အကောင်အထည်ဖော်နေပြီဖြစ်သည်ကို သိရှိနိုင်ပါသည်။ ထို့ကြောင့် ထိုလုပ်ငန်းစီမံချက်ပါ လုပ်ငန်ဖြစ်စဉ်နှင့်အစီအစဉ်များအရ မည်မျှပွင့်လင်းမြင်သာမှု၊ ကျယ်ကျယ်ပြန့်ပြန်လုပ် ဆောင်နေမှု၊ ပါ၀င်သောကိုယ်စားလှယ်များ၏ ကိုယ်စားပြုမှုနှင့်ပါ၀င်ခွင့်၊ လွတ်လပ်မှုနှင့် တရားမျှတမှု၊ အချိန် ပိုင်းဆိုင်ရာလုံလောက်မှုနှင့် သက်ဆိုင်ရာဒေသခံပြည်သူများ၊ အုပ်စုများနှင့် အဖွဲ့အစည်းများအား လွတ်လပ် သော ကြိုတင်အသိပေး အကြောင်းကြားသဘောတူညီမှုရယူခြင်းများလုပ်ဆောင်သည်နှင့်ပတ်သက်၍ လက်ရှိ အချိန်ထိ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းများကို သုံးသပ်ရန်လိုအပ်ပါသည်။ ထို့ပြင် အမျိုးသားမြေဥပဒေ တစ်ရပ် ထွက်ပေါ်လာရန်အတွက် ၎င်းတို့၏ လွတ်လပ်တရားမျှတစွာဖြင့် ဆုံးဖြတ်ခွင့်၊ ရပ်တည်မှုများကိုလည်း မေးမြန်းရန်လိုအပ်လာပါသည်။

၂၀၁၆ခုနှစ်၊ ဇန်နဝါရီလတွင်အတည်ပြုလိုက်သော အမျိုးသားမြေအသုံးချမှုမူဝါဒအရ ဖွဲ့စည်းလိုက်သော အမျိုး သားမြေအသုံးချမှုကောင်စီသည် ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြေငြာစာအမှတ် ၁၅/၂၀၁၈ဖြင့် ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက်နေ့တွင် ဖွဲ့စည်းလိုက်သော ကောင်စီဖြစ်သည်။  အမျိုးသားမြေအသုံးချမှုကောင်စီတွင် အဖွဲ့၀င်စုစုပေါင်း (၁၅)ဦးပါ၀င်၍ ဒုတိယသမ္မတ(၂)မှာ ကောင်စီ၏ ဥက္ကဌဖြစ်ပြီး ပြည်ထောင်စု၀န်ကြီး၊ သယံ ဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာနမှ အတွင်းရေးမှူးအဖြစ် ပါ၀င်ဖွဲ့စည်းထားသော ကောင်စီတစ်ခုဖြစ်သည်။ အမျိုးသားမြေဥပဒေ(မူကြမ်း) လုပ်ငန်းစီမံချက်တွင် ဖော်ပြထားချက်အရ  အထောက် အကူပြုလုပ်ငန်းအဖွဲ့၊ လုပ်ငန်းအဖွဲ့ငယ်များမှ ပြင်ဆင်ထားသော ဥပဒေမူကြမ်းကို လုပ်ငန်းကော်မတီ မှတဆင့် အမျိုးသားမြေအသုံးချမှုကောင်စီသို့တင်ပြခြင်းကိုပြုလုပ်ရမည်ဖြစ်ပြီး အမျိုးသားမြေအသုံးချမှုကောင်စီသည် တင်ပြလာ အမျိုးသားမြေဥပဒေစိစစ်ခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရန်အတွင် တာ၀န်ရှိသော ကောင်စီဖြစ်သည်။ ဤအမျိုးသားမြေအသုံးချမှုကောင်စီ၏ ဖွဲ့စည်းပုံကိုကြည့်မည်ဆိုလျှင် ပါ၀င်သောသော သူများသည် ပြည်ထောင်စုအဆင့်ရှိသက်ဆိုင်ရာ၀န်ကြီးဌာနမှ အထက်တန်းအဆင့်တာ၀န်ရှိသူများဖြစ်ကြ သည်။ ထို့ကြောင့် ဖက်ဒရယ် မြေယာအုပ်ချုပ်စီမံမှုအတွက် သို့မဟုတ် ဒေသခံဌာနေတိုင်းရင်းသားများ သို့မဟုတ် မြေအခြေပြု အသက်မွေး၀မ်းကျောင်းပြုသော အခြေခံလူတန်းစားများနှင့် တောင်သူလယ်သမားများ၏ မြေယာ ဆိုင်ရာအခွင့်အရေး လုံခြုံစိတ်ချမှု ကို််ထင်ဟပ်သော အမျိုးသားမြေဥပဒေတစ်ရပ်ပေါ်ထွန်းလာရန်အတွက် ၎င်းတို့သည် မည်မျှလုပ်ဆောင်နိုင်မည်၊ မည်မျှစိတ်ဆန္ဒရှိမည်နှင့် မည်သို့လုပ်ဆောင်မည် စသော ၎င်းတို့၏ လွတ်လပ်တရားမျှတစွာ ဆောင်ရွက်နိုင်မှုကို စောင့်ကြည့်ရန်လိုအပ်ပါသည်။

အမျိုးသားမြေအသုံးချမှုကောင်စီသည် တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော် ကောင်စီ) တို့၏ မြေအသုံးချမှုကော်မတီများဖွဲ့စည်းခြင်းများကို ဆောင်ရွက်ရန်တာ၀န်ရှိသည်နှင့်အညီ ၂၀၁၈ခုနှစ် နှောင်းပိုင်းမှစတင်၍ တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော် ကောင်စီ) မြေအသုံးချမှုကော်မတီဖွဲ့စည်းခြင်းများကို ၂၀၁၈ခုနှစ်နှောင်းပိုင်းမှစတင်၍ ကော်မတီဖွဲ့စည်းခြင်းများကို ဆောင်ရွက်လာကြသည်။ ကယား(ကရင်နီ)ပြည်တွင်လည်း ပြည်နယ်အဆင့် မြေအသုံးချမှုကော်မတီဖွဲ့စည်း ခြင်းကို ၂၀၁၈ခုနှစ်၊ အောက်တိုဘာလတွင် လုပ်ဆောင်ခဲ့ပြီး ခရိုင်အဆင့်ထိတိုးချဲ့ဖွဲ့့စည်းနိုင်ရန်အတွက်လည်း ညွန်ကြားမှုများ လည်းရှိခဲ့သည်။ ပြည်နယ်၏၀န်ကြီးချုပ်သည် ပြည်နယ် မြေအသုံးချမှုကော်မတီ၏ ဥက္ကဌဖြစ်ပြီး ညွန်ကြားရေးမှူး၊ ပြည်နယ်သစ်တောဦးစီးဌာနသည် အတွင်းရေးမှူးဖြစ်သည်။ ဤပြည်နယ်အဆင့် မြေအသုံးချမှုကော်မတီဖွဲ့စည်းပုံတွင် အလွှာ(၂၂)လွှာရှိပြီး စုစုပေါင်း(၂၇)ဦးပါ၀င်သော ကော်မတီတစ်ခုဖြစ် သည်။ ကော်မတီ၏ အလွှာ(၁၇)လွှာတွင် သက်ဆိုင်ရာ ၀န်ကြီးဌာနနှင့်ဦးစီးဌာနမှ ကိုယ်စားလှယ်(၁၇)ဦးပါ၀င် ၍ ကျန်ရှိသော အလွှာ(၅)လွှာ၏ ကိုယ်စားလှယ် (၁၀)ဦးတွင် အရပ်ဘက်လူမှုအသင်းအဖွဲ့မှကိုယ်စားပြု ရွေှးချယ်ထားသောကိုယ်စားလှယ်(၄)ဦး၊ တောင်သူလယ်သမားကိုယ်စားလှယ် (၂)ဦး၊ ဒေသခံတိုင်းရင်းသား ကိုယ်စားလှယ်(၂)ဦးနှင့် ရပ်မိရပ်ဖကိုယ်စားလှယ်(၂)ဦး စသည်တို့ပါ၀င်သည်။ ထို့ကြောင့် ဒေသခံပြည်သူလူထု နှင့် ပတ်သက်သော အရေးပါသည့် ဆုံးဖြတ်ချက်များ ဆုံးဖြတ်ရန်ကိစ္စ တစ်စုံတစ်ရာပေါ်ပေါက်လာပါက သို့မဟုတ် အဆိုပြုပါက အများစုသဘောအရ မည်သို့မှပင် အစိုးရဌာနမှကိုယ်စားလှယ်များ၏ သဘောထားကို ကျော်လွန်ရန် မဖြစ်နိုင်သည်ကို သာဓကအနေဖြင့် သိသာထင်ရှားစွာ တွေ့မြင်နေရသည်။ ထို့ကြောင့် ဖက်ဒရယ် မြေယာအုပ်ချုပ်စီမံမှုအတွက် သို့မဟုတ် ဒေသခံဌာနေတိုင်းရင်းသားများ သို့မဟုတ် မြေအခြေပြု အသက်မွေး၀မ်းကျောင်းပြုသော အခြေခံလူတန်းစားများနှင့် တောင်သူလယ်သမားများ၏ မြေယာ ဆိုင်ရာအခွင့်အရေး လုံခြုံစိတ်ချမှု ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သော ဆုံးဖြတ်ချက်များပြုလုပ်ပါက မည်သို့ မျှ ကျော်လွန်၍ မဖြစ်နိုင်ဘဲ ဧကန်မုချရံှုးမည်သာဖြစ်ပါသည်။ လက်ရှိ ကယားပြည်နယ်၊ မြေအသုံးချမှုကော်မတီ ၏ အစည်းအေ၀းကို (၅)ကြိမ်ခန့်သာ ကျင်းပနိုင်ခဲ့ပြီး အစည်းအေ၀းခေါ်ယူနိုင်ခြင်းမရှိသည်မှာ တစ်နှစ်ကျော်ခန့် ပင်ရှိနေပြီး ကော်မတီယန္တရားသည် ရပ်တန့်နေသောဖြစ်စဉ်တစ်ခုဖြစ်နေပါသည်။

တဖန် ၁.၈.၂၀၁၉ ရက်နေ့တွင် အမိန့်ကြေငြာစာ အမှတ် ၃/၂၀၁၉ဖြင့် ဖွဲ့စည်းလိုက်သော အမျိုးသား မြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီကိုလည်း ပြန်လည်သုံးသပ်ရန်လိုအပ်ပါသည်။ ထို့ပြင် ထိုလုပ်ငန်းကော်မတီမှ အမျိုးသားမြေဥပဒေထွက်ပေါ်လာရန် အတွက် ဖွဲ့စည်းထားသော လုပ်ငန်းငယ်များ၊ လုပ်ငန်းအထောက်အကူပြုအဖွဲ့များတွင် ပါ၀င်သော သူများ၏ ပါ၀င်မှုအချိုးအရသော်လည်းကောင်း၊ ကိုယ်စားပြုမှုများအရသော်လည်းကောင်း မည်မျှပွင့်လင်းမြင်သာမှု၊ လွတ်လပ်တရားမျှတသော ဆုံးဖြတ်ချက်ချနိုင်မှုတို့နှင့် ပတ်သက်သောမေးခွန်းများ မေးမြန်းရန်လည်း လိုအပ်ပါ သည်။ အထူးသဖြင့် ဖက်ဒရယ် မြေယာအုပ်ချုပ်စီမံမှုအတွက် သို့မဟုတ် ဒေသခံဌာနေတိုင်းရင်းသားများ သို့မဟုတ် မြေအခြေပြု အသက်မွေး၀မ်းကျောင်းပြုသော အခြေခံလူတန်းစားများနှင့် တောင်သူလယ်သမားများ၏ မြေယာ ဆိုင်ရာအခွင့်အရေး လုံခြုံစိတ်ချမှု ဆိုင်ရာတို့နှင့်ပတ်သက်၍ ၎င်းတို့၏ပါ၀င်မှုများအားဖြင့် မည်မျှပံ့ပိုးမှု ပြုနိုင်မည်စသည်တို့မှာလည်း အရေးကြီးလှသည်။

ထို့ကြောင့် အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်း ကော်မတီ၏ဦးဆောင်မှုဖြင့် လုပ်ငန်းအဖွဲ့ငယ်များသည် အမျိုးသားမြေဥပဒေတစ်ရပ်ပေါ်ထွက်လာစေရန် လုပ်ငန်းစဉ်များကို စတင်အကောင်အထည်ဖော်နေပြီးဖြစ်သည်နှင့်အညီ ၎င်းတို့၏လုပ်ဆောင်မှုများသည် ဖက်ဒရယ် မြေယာအုပ်ချုပ်စီမံမှုအတွက် သို့မဟုတ် ဒေသခံဌာနေတိုင်းရင်းသားများ သို့မဟုတ် မြေအခြေပြု အသက်မွေး၀မ်းကျောင်းပြုသော အခြေခံလူတန်းစားများနှင့် တောင်သူလယ်သမားများ၏ မြေယာ ဆိုင်ရာအခွင့်အရေး လုံခြုံစိတ်ချမှု သေချာစေရန် အတွက် သက်ဆိုင်ရာကဏ္႑အသီးသီးမှပါ၀င် ပတ်သက်သူများနှင့် ထိရောက်ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်ရန်လိုအပ်ပါသည်။ ထိုသို့မဟုတ်ပါက ဤဖြစ်စဉ်များမှ ထွက်ပေါ်လာမည့် နောက်ဆက်တွဲဆိုးကျိုးသက်ရောက်မှုများသည် နိုင်ငံအတွက် အထူးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရက် တစ်ပြည်ထောင်စုတည်ဆောက်ရေး ဖြစ်စဉ်တို့နှင့် အနှောင့်အယှက်ဖြစ်စေမည့် ယန္တရားများအဖြစ် ဟန့်တား စေနိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဒေသခံဌာနေတိုင်းရင်းသားများနှင့် ဌာနေတိုင်းရင်းသားများ သို့မဟုတ် မြေအခြေပြု အသက်မွေး၀မ်းကျောင်းပြုသော အခြေခံလူတန်းစားများနှင့် တောင်သူလယ်သမားများ၏ မြေယာ ဆိုင်ရာအခွင့်အရေး လုံခြုံစိတ်ချမှု သေချာစေမည့်  အနာဂတ်မြေယာအုပ်ချုပ်စီမံမှုသစ်တစ်ရပ်ကို ဦးတည်သော ချဉ်းကပ်မှုများဖြင့်သာ ဦးစားပေးလုပ်ဆောင်ရမည်ဖြစ်ပါသည်။

အခြားရွေးချယ်စရာနည်းလမ်းများကို ရှာဖွေခြင်း သို့မဟုတ် လက်ရှိမူဘောင်အောက်မှကျော်လွန်ခြင်း

အနာဂတ်မြေယာအုပ်ချုပ်စီမံမှု သို့မဟုတ် ဖက်ဒရယ်မြေယာအုပ်ချုပ်စီမံမှုသစ်တစ်ရပ် ပေါ်ထွက်လာနိုင်စေရန် အတွက်   အမျိုးသားမြေအသုံးချမှုကောင်စီနှင့် ၎င်းမှဖွဲ့စည်းလိုက်သော အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ၏ အကောင်အထည်ဖော်ဆောင်ရွက်နေ သော လုပ်ငန်းစဉ်များသည် မည်သို့ချိတ်ဆက်နေသည် သို့မဟုတ် သွေဖယ်မှုရှိနေသည်ကိုလည်း ဤလုပ်ငန်း စီမံချက်မူကြမ်းကို အကောင်အထည်ဖော်မှုဖြစ်စဉ်ကို ကြည့်ရှု၍ သုံးသပ်ရန်လည်းလိုအပ်သည်။ ဖက်ဒရယ် မြေယာအုပ်ချုပ်စီမံမှုတစ်ရပ်ပေါ်ထွက်လာစေရန်အတွက် ဖက်ဒရယ်မြေယာဆိုင်ရာအရေးကိစ္စနှင့်ပတ်သက်၍ လှုပ်ရှားဆောင်ရွက်နေကြသော အဖွဲ့အစည်းနှင့်အသင်းအဖွဲ့များမှသော်လည်းကောင်း၊ မြေယာအခွင့်အရေးလှုပ် ရှားဆောင်ရွက်နေကြသော အဖွဲ့အစည်းများနှင့်ဒေသခံဌာနေတိုင်းရင်းသားများမှသော်လည်းကောင်း ပါ၀င်လှုပ် ရှားဆောင်ရွက်ကြသည်မှာ ကြာခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံ၏မြေယာကဏ္႑ပြုပြင်ပြောင်းလဲမှုအတွက် ခိုင်မာအားကောင်းသော မြေယာမူဝါဒတစ်ရပ်ပေါ်ထွက် လာရန်လိုအပ်သည်ကို ကဏ္႑နယ်ပယ်ပေါင်းစုံမှ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းနှင့်အသင်းအဖွဲ့များမှ အစိုးရမှ ပြင်ဆင်ထားသော အမျိုးသားမြေအသုံးချမှုမူဝါဒ(မူကြမ်း)နှင့် ဖြစ်စဉ်များအပေါ် ထောက်ပြခြင်း၊ အကြံပြုခြင်းကို နိုင်ငံနှင့်အ၀ှမ်းတွင် မြေယာအရေးလှုပ်ရှားဆောင်ရွက်နေကြသော အသင်းအဖွဲ့များနှင့် အဖွဲ့အစည်းများ၊ ကွန်ရက်များ၊ တစ်သီးပုဂ္ဂလနှင့် ကျွမ်းကျင်သူတို့ှ ပုံစံမျိုးစုံဖြင့် ၀ိုင်း၀န်းလှုပ်ရှားဆောင်ရွက်မှုများကြောင့် ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလတွင် ထွက်ရှိလာသော အမျိုးသားမြေအသုံးချမှုမူဝါဒပါ ဖော်ပြချက်များကို သိရှိနိုင်ပါ သည်။ သို့သော်လည်း ဤမူဝါဒအပေါ်တွင် လက်ခံနိုင်မှုအဆင့်များသည် ယနေ့ထိတိုင်ကွဲပြားနေဆဲဖြစ်ပြီး ဤမူဝါဒသည် လူထုလူတန်းစားများအားလုံး အထူးသဖြင့် မြေယာအခြေပြုအသက်မွေး၀မ်းကျောင်းပြုကြသော အခြေခံလူတန်းစားများနှင့် တောင်သူလယ်သမားများ၊ ဌာနေတိုင်းရင်းသားတို့၏ မြေယာဆိုင်ရာအခွင့်အရေးကို လွှမ်းခြုံလုံခြုံမှုမပြုနိုင်ဟူသော ရှုထောင့်မှချဉ်းကပ်လျင် ဖြစ်သည်။

၂၀၁၆ခုနှစ်၊ ဇန်နဝါရီလတွင် ပြဌာန်းလိုက်သော အမျိုးသားမြေအသုံးချမှုမူဝါဒသည် မြန်မာနိုင်ငံ၏ မြေနှင့်တိုက် ရိုက်သက်ဆိုင်သော ပထမဆုံးသောမူဝါဒတစ်ခုဖြစ်လာပြီး ထိုမူဝါဒကိုအခြေခံသော အမျိုးသားမြေဥပဒေသစ် တစ်ရပ်ပေါ်ထွန်းလာစေရေးအတွက်လည်း ဖော်ပြထားရှိပါသည်။ ထို့ကြောင့် ၂၀၁၈ခုနှစ်မှစတင်၍ အမျိုးသား မြေအသုံးချမှုကောင်စီမှ အမျိုးသားမြေဥပဒေသစ်တရပ် ထွက်ပေါ်လာစေရေးအတွက်စတင်လုပ်ဆောင်ရာမှ ၂၀၂၀ပြည့်နှစ်၊ နှစ်လယ်ပိုင်းတွင် အမျိုးသားမြေဥပဒေမူကြမ်းထွက်ပေါ်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍  အများပြည်သူသို့ အသိပေးခြင်းကိုလုပ်ဆောင်လာသည်ကို တွေ့ရှိရပါသည်။ ဤလုပ်ငန်းစီမံချက်(မူကြမ်း) ဖော်ပြချက်အရ အမျိုးသားမြေဥပဒေမူကြမ်းတစ်ရပ်ပေါ်ထွက်လာရေးကို လုပ်ငန်းအဖွဲ့ငယ်များဖွဲ့စည်းခြင်း၊ လုပ်ငန်းအစီအစဉ်နှင့် အချိန်သတ်မှတ်ချက်များဖြင့်ချမှတ်၍ ဆောင်ရွက်သွားမည်ကိုလည်း ဖော်ပြထားသည်။ ဤလုပ်ငန်း အစီအစဉ်(မူကြမ်း)နှင့်ပတ်သက်၍ ၁၇.၈.၂၀၂၀ ရက်နေ့တွင် အများပြည်သူသို့အသိပေး ကြေညာခြင်းပြုလုပ်၍ ၁၅.၉.၂၀၂၀ ရက်နေ့နောက်ဆုံးထား အကြံပြုချက်ပေးနိုင်ရန် ထုတ်ပြန်ထားပြီး ဖြစ်သည်နှင့်အညီ ၎င်းတို့၏ လုပ်ငန်းစီမံချက်များအတိုင်း ဆက်လက်အကောင်အထည်ဖော်သွားရန်သာ ရှိတော့ မည်ဖြစ်သည်။

ထို့ကြောင့် ဖက်ဒရယ်မြေယာအုပ်ချုပ်စီမံမှုသစ်တစ်ရပ်ပေါ်ထွက်လာရန်အတွက် လှုပ်ရှားဆောင်ရွက်ကြသော အင်အားစုများအနေဖြင့် ဖက်ဒရယ်မြေယာဥပဒေသစ်တစ်ရပ်ပေါ်ထွန်းလာရေးအတွက် ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်ရန်လိုအပ်လာပါသည်။ မိမိတို့၏ မူလရည်မှန်းချက်များအတိုင်းရောက်ရှိရန် အတွက် လက်ရှိ လုပ်ငန်းစီမံချက်(မူကြမ်း)ပါအစီအစဉ်နှင့် ယန္တရားများအောက်မှမဟုတ်ဘဲ သီးခြားလွတ်လပ်သော သို့မဟုတ် အခြားရွေးချယ်စရာနည်းလမ်းများဖြင့် အလျင်အမြန်ဖန်တီးလုပ်ဆောင်အကောင်အထည်ဖော်သွား ရန် လိုအပ်နေပါသည်။ ဤလက်ရှိလုပ်ငန်းစီမံချက်(မူကြမ်း)ပါ အစီအစဉ်နှင့် ယန္တရားများအောက်တွင်ပါ၀င်၍ မိမိတို့၏ မူလရည်မှန်း ချက်များရောက်ရှိအောင် တဆင့်ချင်းလုပ်ဆောင်သွားမည်ဟူသော ယူဆချက်သည် စွန့်စားမှုများသော စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ လက်ရှိ လုပ်ငန်းစီမံချက်(မူကြမ်း)ပါဖော်ပြချက်များအရ အမျိုးသားမြေဥပဒေ(မူကြမ်း)တစ်ရပ်ထွက်ပေါ်လာရန်အတွက် ဖွဲ့စည်းထားသော လုပ်ငန်းအဖွဲ့ငယ်များ၊ လုပ်ငန်းအထောက်အကူပြုအဖွဲ့အစည်းများသည် အကောင်အထည်ဖော်ပြုစုပြင်ဆင်၍ အမျိုးသားမြေအသုံးချမှု ကောင်စီသို့တင်ပြရမည်ဖြစ်ရာ အမျိုးသားမြေအသုံးချမှုကောင်စီသည် အမျိုးသားမြေဥပဒေ(မူကြမ်း)စိစစ် အတည်ပြုခြင်းအတွက် အဓိကျသောကောင်စီတစ်ရပ်ဖြစ်သည်ကိုတွေ့ရပါသည်။ ထိုနောက်မှသာ ဥပဒေပြုခြင်း လုပ်ငန်းစဉ်များကိုဆက်လက်သွားမည်ဖြစ်ရာ ထိုအမျိုးသားမြေအသုံးချမှုကောင်စီသည် မည်မျှလွှတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာစွာဖြင့် လုပ်ဆောင်နိုင်မည်ကို မသိရှိနိုင်ပါ။ အမျိုးသားမြေအသုံးချမှုကောင်စီ၏ ဖွဲ့စည်းပုံကိုသုံးသပ်မည်ဆိုလျှင်လည်း ဗဟိုချုပ်ကိုင်မှုအပြည့်ရှိသော ဖွဲ့စည်းပုံတစ်ရပ်အဖြစ် သိသာထင်ရှားစွာ တွေ့မြင်ရပါသည်။ ဤအမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးလုပ်ငန်းစီမံချက်(မူကြမ်း)အစီအစဉ်နှင့် ယန္တရား အောက်မှသွားမည်ဆိုလျှင် ထိုဖြစ်စဉ်များ၏ အစိတ်အပိုင်းတစ်ရပ်ရပ်တွင် ပါ၀င်နိုင်ခွင့်ကိုရနိုင်ကောင်းရနိုင် မည်၊ တင်ပြခွင့်ရနိုင်ကောင်းရနိုင်မည်ဖြစ်သော်လည်း ဆုံးဖြတ်ချက်ချခြင်းကဏ္႑တွင် ပါ၀င်ဆုံးဖြတ်နိုင်ခွင့်သည် ကန့်သတ်ထားခံနေရဆဲကို လက်ရှိဖွဲ့စည်းထားသော လုပ်ငန်းအဖွဲ့ငယ်များ၊ လုပ်ငန်းအထောက်အကူပြုအဖွဲ့များ၊ အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီနှင့် အမျိုးသားမြေအသုံးချမှုကောင်စီတို့၏ ဖွဲ့စည်းမှုအနေအထားကို ကြည့်ရှုလျှင်သိရှိနိုင်မည်ဖြစ်ပြီး ဖက်ဒရယ် မြေ အုပ်ချုပ်စီမံမှုအသစ်တရပ်ပေါ်ထွန်းလာရေးမျှော်မှန်းချက်သည် အလှမ်းေ၀းနေသေးသည်ကို သုံးသပ်မိပါသည်။

ထို့ကြောင့် ဖက်ဒရယ်မြေယာအုပ်ချုပ်စီမံသစ်တစ်ရပ်ပေါ်ထွက်လာရေးအတွက် လှုပ်ရှားဆောင်ရွက်ကြသော အင်အားစုများအနေဖြင့် မိမိတို့၏မူလရည်ရွယ်ချက်နှင့် မျှော်မှန်းချက်များအတိုင်း လက်ရှိနိုင်ငံ၏ ပြဌာန်း မြေ အုပ်ချုပ်ခြင်းယန္တရားအောက်မှမဟုတ်ဘဲ သီးခြားလွတ်လပ်သော သို့မဟုတ် အခြားရွေှးချယ်စရာ နည်းလမ်းများ ဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသားမြေဥပဒေရေးဆွဲပြုစု ရေး လုပ်ငန်းစီမံချက်(မူကြမ်း)၏ ရည်ရွယ်ချက်နှင့် မျှော်မှန်းချက်များတွင် အမျိုးသားမြေဥပေဒေရေးဆွဲရာတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ၂၁ရာစုပင်လုံအစည်းအေ၀းများတွင် သဘောတူထားသည့် ပြည်ထောင်စု သဘောတူညီချက်များကိုလည်းအခြေခံ၍ ပါ၀င်ထည့်သွင်းရေးဆွဲသွားမည်ဟုဖော်ပြထားသော်လည်း မြေယာ နှင့် သဘာ၀ပတ်၀န်းကျင်ကဏ္႑မှသဘောတူညီချက်များကိုကြည့်လျှင် ဖက်ဒရယ်မြေယာအုပ်ချုပ်စီမံမှုသစ် တစ်ရပ်ပေါ်ထွက်လာရန်အတွက် အလွန်အားနည်းလျက်ရှိနေသောကြောင့်ဖြစ်သည်။ ထို့ပြင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှ သဘောတူထားသည့် ပြည်ထောင်စုသဘောတူညီချက်ကိုလွှတ်တော်တွင် အတည်ပြု ခဲ့သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်လွန်၍ လုပ်ဆောင်နိုင်ရန်မဖြစ်နိုင်သော လွှတ်တော်၏ အခန်းကဏ္႑ကို လွှတ်တော်တွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းဖြစ်စဉ်ကို ကြည့်ခြင်းဖြင့် သိသာ ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။  ထို့ကြောင့် ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုတည်ဆောက်မှုဖြစ်စဉ် အတွက် အဟန့်အတားဖြစ်စေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်လွန်နိုင်ခြင်းမပြုသရွှေ့ နိုင်ငံ၏ စစ်မှန်သောနိုင်ငံရေးပြောင်းလဲမှုကို ရောက်ရှိနိုင်မည်မဟုတ်သလို ဖက်ဒရယ်မြေယာအုပ်ချုပ်စီမံစနစ်သစ် တစ်ရပ်သည်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၎င်း၏ယန္တရားများအောက်မှ ထွက်လာရန်အကြောင်း လုံး၀မရှိပေ။ ထို့ကြောင့် ဖက်ဒရယ်မြေယာအုပ်ချုပ်စီမံမှုအသစ်တစ်ရပ်ဆီသို့ရောက်ရှိရန်အတွက်  မိမိတို့ချမှတ် ထားသော နည်းဗျူဟာများဖြင့် အတူတစ်ကွပူးပေါင်း၍ ဆက်လက်ချီတက်အကောင်အထည်ဖော်သွားရန် အကြံပြုတိုက်တွန်းအပ်ပါသည်။


သုံးသပ်ချက်စာတမ်းကို ရယူရန် (အင်္ဂလိပ်)၊ (မြန်မာ)

အမျိုးသားမြေဥပဒေရေးဆွဲရေးလုပ်ငန်းစီမံချက်(မူကြမ်း)အပေါ် ကရင်နီအရပ်ဘက်အဖွဲ့များ၏ သဘောထားရပ်တည်ချက် (စက်တင်ဘာ ၂ဝ၂ဝ)

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများသဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးလုပ်ငန်းစီမံချက် (မူကြမ်း) ကြေညာချက် နှင့်စပ်လျဉ်း၍ ကယား(ကရင်နီ)ပြည်ရှိ လူထုအခြေပြု အရပ်ဘက်လူမှုအသင်းအဖွဲ့များ၏သဘောထားရပ်တည်ချက်ထုတ်ပြန်ခြင်း။

ရက်စွဲ။  ။ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ (၈) ရက်။

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများသဟဇာတဖြစ်ရေး လုပ်ငန်း ကော်မတီ၏ ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ(၁၇)ရက်နေ့ပါ အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေး လုပ်ငန်းစီမံချက်(မူကြမ်း)နှင့်စပ်လျဉ်း၍ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့ နောက်ဆုံး ထား၍ အကြံပြုချက်ပေးပို့နိုင်ကြောင်းအသိပေးကြေညာချက်နှင့် ပတ်သက်၍ ကယား(ကရင်နီ) ပြည်ရှိလူထုအခြေပြု အရပ်ဘက်လူမှုအသင်းအဖွဲ့များ၏ သဘောထားရပ်တည်ချက်ကို အောက်ပါ အတိုင်းထုတ်ပြန်လိုက်သည်။

၁။             အမျိုးသားမြေဥပဒေသည် မြန်မာနိုင်ငံရှိနိုင်ငံသားများ၊ အခြေခံတောင်သူလယ်သမားများ၊ ဒေသခံဌာနေတိုင်းရင်းသားများ၊ မြေယာအခြေပြုအသက်မွေး၀မ်းကျောင်းပြုနေသော သူများနှင့် အခြေခံလူထုလူတန်းစားများ၏ မြေပိုင်ဆိုင်ခွင့်၊ မြေစီမံခန့်ခွဲခွင့်နှင့် မြေယာ အခွင့်အရေးဆိုင်ရာလုံခြုံမှုအတွက် စစ်မှန်သောအကာအကွယ်ပေးနိုင်မှုအတွက် အလွန် အရေးကြီးသည့် ဥပဒေတစ်ရပ်ဖြစ်ရမည်ဟု သုံးသပ်ပါသည်။

၂။             အမျိုးသားမြေအသုံးချမှုမူဝါဒကို လမ်းညွန်အဖြစ်အသုံးပြု၍ အမျိုးသားမြေဥပဒေသစ်ကို ရေးဆွဲပြဌာန်းရမည်ဟုဖော်ပြထားသော်လည်းအမျိုးသားမြေဥပဒေသည် မြေနှင့်ဆက်စပ် သော ဥပဒေများအားလုံးကိုလွှမ်းခြုံမှုရှိသည့် မိခင်မြေဥပဒေတစ်ရပ်ဖြစ်သောကြောင့် အမျိုးသားမြေဥပဒေတစ်ရပ် ပေါ်ထွက်လာစေရန် လုပ်ဆောင်နေမှုဖြစ်စဉ်များအားလုံးကို ပွင့်လင်းမြင်သာစွာနှင့် အများပြည်သူများကျယ်ကျယ်ပြန့်ပြန့်ပါ၀င်နိုင်ခွင့်ဖြင့် ဦးစွာပြန်လည် စိစစ်ဆန်းစစ်ရန် လိုအပ်သည်။

၃။             အမျိုးသားမြေဥပဒေရေးဆွဲခြင်းဆက်လက်မဆောင်ရွက်မီ  ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလတွင် အတည်ပြုလိုက်သောအမျိုးသားမြေအသုံးချမှုမူဝါဒ၏ လက်ရှိတည်ရှိမှု၊ လွှမ်းခြုံနိုင်မှုနှင့် သဟဇာတဖြစ်မှုများကိုပြန်လည်စိစစ်သုံးသပ်ခြင်း၊ ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ခြင်း များကို ဦးစွာလုပ်ဆောင်ရန်လိုအပ်ပါသည်။ အခြေခံအားဖြင့် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ အမျိုးသားပတ်၀န်းကျင်ရေးရာ မူဝါဒ၊ ပြည်ထောင်စုငြိ်မ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ၏ ပြည်ထောင်စုသဘောတူညီချက်ပါ အချက်များအပြင် နိုင်ငံတကာရှိမြေ၊ အရင်းအမြစ်နှင့် သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ စံချိန် စံနှုန်းများ၊ လူ့အခွင့်အရေးဆိုင်ရာစံချိန်စံနှုန်းများတို့ဖြင့် ပြန်လည်ချိန်ထိုးရန် လိုအပ်သည်။

၄။             အမျိုးသားမြေဥပဒေပေါ်ထွက်လာနိုင်စေရန်အတွက် လုပ်ငန်းကော်မတီများဖွဲ့စည်းခြင်း၊ လုပ်ငန်းအဖွဲ့ငယ်များဖွဲ့စည်းခြင်းနှင့် ၎င်းတို့၏ လုပ်ပိုင်ခွင့်တာ၀န်များကိုသတ်မှတ်ခြင်းနှင့် ၎င်းတို့၏ပါ၀င်မှုနှင့် စပ်လျဉ်း၍ စစ်မှန်သောကိုယ်စားပြုမှု၊ လွတ်လပ်မှု၊ စွမ်းဆောင်နိုင်မှု၊ လွှမ်းခြုံနိုင်မှုတို့နှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ရမည် ဖြစ်ပါသည်။ ၂၀၁၆ခုနှစ် အမျိုးသား မြေအသုံးချမှုမူဝါဒအရသော်လည်းကောင်း၊ ဤမူဝါဒအရ တည်ဆောက်ဖွဲ့စည်းထားသော အဖွဲ့အစည်းများ၊ အမျိုးသားမြေအသုံးချမှုကောင်စီနှင့် အခြားသောလုပ်ငန်းကော်မတီများ၊ လုပ်ငန်းအဖွဲ့ငယ်များနှင့် ၎င်းတို့၏လုပ်ဆောင်မှုများသည် ဗဟိုချုပ်ကိုင်မှုအပြည့်အ၀ရှိ သော ဖွဲ့စည်းပုံများဖြင့်အခိုင်အမာတည်ဆောက်ထားသည်ကိုတွေ့ရှိသုံးသပ်မိပါသည်။ ထို့ကြောင့် အမှတ်စဉ်(၁)တွင်ဖော်ပြထားသောသက်ဆိုင်သူအားလုံး၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်မည့် စစ်မှန်သောအမျိုးသားမြေဥပဒေတစ်ရပ် ပေါ်ထွက်လာရန် အတွက် လုံး၀ အယုံအကြည်နှင့် အာမခံချက် မရှိပါ။

၅။             ၂၀၁၆ခုနှစ် အမျိုးသားမြေအသုံးချမှုမူဝါဒအရသော်လည်းကောင်း၊ လက်ရှိတည်ဆဲမြေယာ စီမံခန့်ခွဲမှုဆိုင်ရာဥပဒေများအားလုံးတွင်သော်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးစုများ၊ မျိုးနွယ်စုများသို့မဟုတ် ဌာနေတိုင်းရင်းသားများ၏ဓလေ့ထုံးတမ်းမြေယာစီမံခန့်ခွဲမှု၊မြေ၊ သဘာ၀အရင်းအမြစ်နှင့် ပိုင်နက်နယ်မြေများပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲခွင့်များနှင့် ဆုံးဖြတ်ချက် ချခွင့်များနှင့်စပ်လျဉ်း၍ ခိုင်မာတိကျသောပြဌာန်းချက်များ၊ အသိအမှတ်ပြုလေးစား လိုက်နာအကောင်အထည်ဖော်ခြင်းနှင့် အကာအကွယ်ပေးမှုများကင်းမဲ့လျက်ရှိနေပါသည်။ ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံဆွေးနွေးပွဲတွင် သဘောတူ လက်မှတ်ရေးထိုးထားသော ပြည်ထောင်စုသဘောတူညီချက်နှင့် မြေယာနှင့် သဘာ၀ ပတ်၀န်းကျင်ကဏ္႑ပါ သဘောတူညီချက်များသည်လည်းတစ်နိုင်ငံလုံးသို့ လွှမ်းခြုံမှုအရ သော်လည်းကောင်း၊ ဒေသခံပြည်သူများနှင့် ဌာနေတိုင်းရင်းသားများ၏ မြေယာအခွင့် အရေးဆိုင်ရာအကာအကွယ်ပေးမှုနှင့် အသိအမှတ်ပြုမှုအရသော်လည်းကောင်း ခိုင်မာ အားကောင်းမှုမရှိခြင်းတို့ကြောင့် လက်ရှိအမျိုးသားမြေဥပဒေသစ်တစ်ရပ် ပေါ်ထွက် လာစေရန် လုပ်ဆောင်နေမှုဖြစ်စဉ်များအပေါ်တွင် အယုံအကြည် ကင်းမဲ့စေပါသည်။

၆။             အထူးသဖြင့် နိုင်ငံ၏အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုတည်ဆောက်ရေးဖြစ်စဉ်ကာလတွင် အမျိုးသားမြေဥပဒေရေးဆွဲခြင်းကဲ့သို့ သောထိလွယ်၊ ရှလွယ်သောလုပ်ဆောင်မှုများကို သတိကြီးစွာဖြင့် ဆောင်ရွက်ရန် လိုအပ် သည်။ သို့မဟုတ်ပါကထိုဖြစ်စဉ်များအပေါ်သို့ ကြီးမားသောဆိုးကျိုးသက်ရောက်မှုများကို ဖြစ်စေနိုင်သည်သာမက ပြဿနာသစ်တစ်ရပ်ထပ်မံဖြစ်ပေါ်လာစေရန် ဖန််တီးနေခြင်း ဖြစ်သည်။

၇။             ထို့ကြောင့် စစ်မှန်သောဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုတည်ဆောက်မှုနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကိုဦးစားပေးဆောင်ရွက်နိုင်ရန်အတွက် ပါ၀င်ပတ်သက်သူများအားလုံး ပါ၀င်သည့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း၊ သဘောတူညီမှုပြုလုပ်ခြင်းနှင့်  အကောင် အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်သည်။ ထို့မှသာ စစ်မှန်သောဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုတည်ဆောက်မှုဖြစ်စဉ်နှင့် ဖက်ဒရယ်မြေယာအုပ်ချုပ်စီမံမှုကိုဦးတည်သည့် စစ်မှန်သည့် မြေယာကဏ္႑ပြုပြင်ပြောင်းလဲမှုများကို တဆင့်ချင်း ဦးတည်လုပ်ဆောင် သွားနိုင်မည် ဖြစ်သည်။

သဘောထားရပ်တည်ချက် ထုတ်ပြန်ရာတွင် ပါ၀င်သော ကယား(ကရင်နီ)ပြည်ရှိ လူထုအခြေပြု အရပ်ဘက်လူမှုအသင်းအဖွဲ့များ

  1. Progressive Karenni People Force (PKPF)
  2. Union of Karenni State Youth (UKSY)
    • Karenni National Youth Organization (KNYO)
    • Karenni State Student Union (KSSU)
    • Kayan Women Organization (KyWO)
    •  Kayan New Generation Youth (KNGY)
  3. Karenni State Ethnic Youth Steering Committee
  4. Karenni Civil Society Network (KCSN)
    • Karenni Ever Green (KEG)
    • Karenni Social Welfare Development Center (KSWDC)
    • Karenni Mobil Health Committee (KnMHC)
    • Karenni Development Research Group (KDRG)
    • Karenni Student Union (KSU)
    • Karenni National Youth Organization (KNYO)
    • Karenni Education Department (KnED)
    • Karenni National Women Organization (KNWO)
    • Karenni Legal and Human Right Center (KLHRC)
    • Karenni Refugee Committee (KnRC)
    • Karenni Literacy and Culture Development  Committee (KLCDC)
  5. Kayah Earthrights Action Network (KEAN)
  6. Myamar Alliance for Transparency and Accountability (Karenni-MATA)
  7. Local Development Network (LDN)
  8. Mizzima Hnalone Thar Youth (Loikaw)
  9. Karenni State Farmer Union (KSFU)
  10. LAIN Technical Supporting Group
  11. Mawduklarmar Social Development Association (MSDA)
  12. Women for Women Foundation (WWF)
  13. Karenni Human Rights Group (KnHRG)
  14. Future Women Association (FWA)
  15. Kayah Baptist Association, Christian Social Service and Development Department (KBA-CSSDD)
  16. Kayah Liphu Youth (KLY)
  17. Kawyaw Youth (KYY)
  18. Kayaw Youth Organization (KYO)
  19. Yintaleh Youth (YY)
  20. New Generation Youth of Karen (Karenni State)
  21. Karenni Mega-Investment Watch (KMIW)
  22. Karenni Land Policy Developing Committee(KLPDC)
  23. Karenni State Youth Network (KSYN)
  24. Karuna Mission Social Solidarity-Loikaw (KMSS-Loikaw)

သဘောထားကြေညာချက်ကို အင်္ဂလိပ်ဘာသာ (သို့မဟုတ်) မြန်မာဘာသာ တို့ဖြင့် ရယူနိုင်ပါသည်။

မြေယာကဏ္ဍခြုံငုံသုံးသပ်ချက် (အကျဉ်း)

အချက်အလက်များ ပိုမိုသိရှိလိုပါက ဒို့မြေထံဆက်သွယ်ပါ။
landsinourhands@gmail.com

ပထမတော့ သေနတ်နဲ့ ကျနော်တို့ရဲ့ မြေတွေကို လုယူသွားခဲ့ကြတယ်။ အခုကျတော့ မြေလုဖို့ ဥပဒေကို အသုံးချလာပြန်ပြီ။

တိုက်ပွဲနှင့် စစ်ဘောင်ကျယ်လာမှုကြောင့် နေရပ်စွန့်ခွာစစ်ဘေးတိမ်း ရှောင်ခဲ့ရသူများ၏ မြေရပိုင်ခွင့်အခွင့်အရေးအပေါ် TNI ၏ သုံးသပ်ချက် အကျဉ်း

၂၆ သြဂုတ်လ ၂ဝ၁၉

Growing up in an IDP camp, Kachin State / Photo credit Tom Kramer
Growing up in an IDP camp, Kachin State / Photo credit Tom Kramer

မြန်မာနိုင်ငံထဲက နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ခဲ့ရသူတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ တရား မျှတမှုမရှိတဲ့ဒဏ်ကို တစ်ရစ်ပြီးတစ်ရစ် ခါးစည်းခံခဲ့ကြရတယ်။ ဒီနေ့ဒီအချိန်မှာလည်း သန်းခေါင် ထက်ညနက်တဲ့ အခြေအနေမျိုး ကြုံတွေ့နေကြရတုန်းပါပဲ။

“စစ်ပွဲတွေရဲ့ဒဏ်ကို မြန်မာနိုင်ငံထဲက လူထုလူတန်းစားတွေ ခါးစည်းခံနေရချိန်မှာ မြန်မာနိုင်ငံအစိုးရ က နေရပ်စွန့်ခွဲစစ်ဘေးတိမ်းရှောင်ခဲ့ရသူတွေကို ကြိုးကိုင်ခြယ်လှယ်ပြီး သွေးခွဲအုပ်ချုပ်ဖို့ ကြိုးစားနေ တယ်။ နေရင်းဒေသတွေဆီ အချို့ပြန်သွားခဲ့ကြပေမယ့် တစ်ချို့ကတော့ IDP စခန်းတွေမှာ ဆက်ပြီး ကျန်နေရစ်ခဲ့ကြတယ်။ နိုင်ငံထဲမှာ ငရဲကျနေသလိုပဲ။” (မြစ်ကြီးနားမြို့၌ ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရသူများ အစည်းအေ၀း) 

မြန်မာနိုင်ငံမြောက်ပိုင်းဒေသ၌ လက်ရှိဖြစ်ပျက်လျက်ရှိသည့် အခင်းအကျင်းနှင့် ပတ်သက်၍ ၂၀၁၁ ခုနှစ်က တည်းက စစ်ရှောင်ခဲ့ရသည့် IDP တစ်ဦးက အထက်ပါအတိုင်း သုံးသပ်ပုံဖော်သွားခဲ့သည်။ မြန်မာနိုင်ငံ မြောက် ပိုင်းနှင့် အရှေ့ပိုင်းဒေသနှစ်ခုစလုံးမှ နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ခဲ့ရသူများသည် ဆယ်စုနှစ်ပေါင်းများစွာ တရားမျှတမှုမရှိသည့်ဒဏ်ကို တစ်ရစ်ပြီးတစ်ရစ် ခါးစည်းခံခဲ့ကြရသည်။ ယနေ့အချိန်ထိလည်း သန်းခေါင်ထက် ညနက်သည့် အခြေအနေမျိုး ကြုံတွေ့နေကြရဆဲဖြစ်သည်။ယခင်နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရသူများ မိမိတို့၏ နဂိုနေရင်းရပ်ရွာများ၊ တောင်ယာများ၊ နေအိမ်များနှင့် သစ်တောများဆီသို့ နေရပ်ပြန်နိုင်ခြင်းမရှိစေရန် ပိတ်ဆို့ ခံထားရသည့် အခြေအနေ၌ ဆက်လက်ဖြစ်ပွားလျက်ရှိသည့် လက်နက်ကိုင်ပဋိပက္ခ၊စစ်ဘောင်ချဲ့မှု့နှင့် စီးပွား ရေးအသားပေး အကြီးစားစီမံကိန်းကြီးများက နေရပ်စွန့်ခွာတိမ်းရှောင်မှုလှိုင်းလုံးသစ်များ ထပ်မံထွက်ပေါ်လာ စေရန် ဖန်တီးလျက်ရှိသည်။

၂၀၁၀ ခုနှစ်ကတည်းက မြေ၊ သစ်တော၊ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အမျိုး သားအဆင့် မူဝါဒများနှင့် ဥပဒေပေါင်းများစွာကို တစ်လှေကြီးရေးဆွဲအတည်ပြုခဲ့ကြသည်။ သို့သော်လည်း အ ဆိုပါဥပဒေမူဘောင်များ၌် နေရပ်စွန့်ခွာ၍ တိမ်းရှောင်ခဲ့ကြရသူများ၏ လိုအပ်ချက်များ သို့မဟုတ် အခွင့်အရေး များကို ထည့်သွင်းစဉ်းစားထားခြင်းမရှိပေ။ လက်ရှိအချိန်ထိ ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရသူများနှင့် စစ်ဘေးဒုက္ခသည်များ၏ မြေယာဆိုင်ရာရပိုင်ခွင့် အခွင့်အရေးပေါ် အခြေခံထားသည့် မူလရပိုင်ခွင့်အခွင့်အရေး များကို ပြန်လည်ရယူခံစားပိုင်ခွင့်ရှိကြောင်း အသိအမှတ်ပြုခြင်းဖြင့် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူများ ဆိုးဆိုး ရွားရွားတွေ့ကြုံခံစားရလျက်ရှိသည့် အခြေအနေအရပ်ရပ်ကို သင့်တင်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်းပေး ထားသည့် ဥပဒေတစ်ခုတစ်လေမျှ ရှိမနေပေ။ ယင်းအစား လက်ရှိအစိုးရ၏ မူဝါဒသည် IDPs နှင့် Refugees များပိုင်ဆိုင်ခဲ့ကြသည့် မြေယာများကို စီးပွားရေးအကျိုးစီးပွားအတွက် ပြန်လည်ခွဲေ၀ချထားပေးရန်သာ အား သန်သလို ဖြစ်နေပါသည်။ အလွန်အရေးပါသည့် တောင်ဖက်စွန်းဒေသရှိ သဘာ၀အတိုင်းကျန်ရှိနေဆဲဖြစ်သည့် ကျွန်းများပင်ဖြစ်နေပါစေ သို့မဟုတ် မြောက်ဖက်စွန်းရှိ ခန့်ညားထည်ဝါလှသည့် တောင်စဉ်တောင်တန်းများ ပင်ဖြစ်နေပါစေ အလျဉ်းဂရုမစိုက်ဘဲ သဘာ၀ခရီးသွားလုပ်ငန်းအပါအ၀င် စိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေး၊ စက် မှုလုပ်ငန်းနှင့် အခြေခံအဆောက်အအုံစီမံကိန်းများဖော်ဆောင်ရန် ၀န်မလေးလှပေ။  

အထူးသဖြင့် ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးဥပဒေနှင့် ယင်း၏ ၂၀၁၈ ခုနှစ် ပြင်ဆင် ချက်ဥပဒေသည် IDP-refugee မြေများ၊ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရသူများ၏1 နေရပ်ပြန်ခွင့်နှင့် မူလရပိုင်ခွင့် အခွင့်အရေးများနှင့် ငြိမ်းချမ်းရေး2 တို့ကို အာမဘနေ္တခံရမည့် ကျင့်၀တ်သိက္ခာပိုင်းဆိုင်ရာ ၀တ္တရားများအပေါ် အ ကြီးအကျယ်ခြိမ်းခြောက်လာခဲ့သည်။ လက်ရှိအချိန်၌ မသမာသူများနှင့် စီးပွားရေးဇာတ်ကောင်များသည် VFV ဥပဒေနှင့် ယင်း၏ပြင်ဆင်ချက်တို့ကို အသုံးချ၍ IDP နှင့် Refugee များ၏ မြေယာများကို အမည်ပေါက်မှတ်ပုံ တင် လျှောက်ထားရယူလျက်ရှိသည်။ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူများကို ပထမနေရာ၌ထား၍ ထည့်သွင်းစဉ်း စားရမည့် အစိုးရနှင့် အခြားအရေးပါသည့်အင်အားစုများ၏ လစ်ဟင်းပျက်ကွက်မှုသည် ကာလရှည်ကြာလွန်းသည့် နေရပ်စွန့်ခွာတိမ်းရှောင်မှုများဆီသို့ ဦးတည်သွားစေလျက်ရှိသည့်အပြင် နေအိမ်များနှင့် အသက်မွေး၀မ်း ကျောင်းလုပ်ငန်းများ ပျက်စီးဆုံးရှုံးခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခကြောင့် နာကျင်ခံစားခဲ့ရသည့် စိတ်ဒဏ်ရာအ ပေါ် တစ်ပူပေါ်နှစ်ပူဆင့်လာစေပြန်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဦးဆောင်သည့် အစိုးရသက်တမ်းအတွင်း တစ်ကြိမ်တစ်ခါမျှ အားပြည့်အင် ပြည့်ထိထိရောက်ရောက် လည်ပတ်နိုင်ခဲ့ခြင်းမရှိသည့် ပြည်လုံးကျွတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် လက်ရှိအ ချိန်၌ မရေမရာဖြင့် အသင်ငင်နေပြီဖြစ်သည်။ အနောက်ခြမ်းရှိ ရခိုင်ပြည်နယ်အပါအ၀င် မြန်မာနိုင်ငံမြောက် ပိုင်းနှင့် အရှေ့ပိုင်းတစ်လွှား စစ်ဘောင်ချဲ့မှုနှင့် တိုက်ပွဲများဆက်တိုက်ဆိုသလို ကျယ်ပြန့်လာလျက်ရှိသည်။ ပြင်းထန်သည့် ထိတွေ့တိုက်ခိုက်မှုများ ပုံမှန်ဆိုသလို ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ အထူးသဖြင့် ထိုင်းနိုင်ငံ နှင့် နယ်စပ်ဒေသတစ်ကြောရှိ စစ်ဘေးဒုက္ခသည်စခန်းများ၌ ဆက်လက်နေထိုင်နေကြသူများသည် အရဲစွန့်ရမှု အန္တရာယ်ပေါင်းများစွာအကြား နေရပ်ပြန်ရန် နှစ်ဖက်အစိုးရ၏ ဖိအားပေးမှုခံနေရသလို နိုင်ငံတကာအသိုက် အ၀န်းသည်လည်း စခန်းနေလူထုလူတန်းစားများအတွက် ထောက်ပံ့ပေးလျက်ရှိသည့် လူသားချင်းစာနာ ထောက်ထားရေးအကူအညီများကို လျှော့ချလာခဲ့သည်။ တစ်ချိန်တည်းလိုလို၌ မြန်မာနိုင်ငံအစိုးရသည် စစ်ပုံ သွင်းမှုနှင့် လက်နက်ကိုင်ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည့် နယ်မြေဒေသများအပါအ၀င် နိုင်ငံအနှံ့အ ပြားရှိ ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်စခန်းများကို ပိတ်သိမ်းပစ်ရန် အစီအစဉ်များ ရေးဆွဲချမှတ်လျက်ရှိသည်။ သို့ဖြစ်၍ လက်ရှိမြန်မာနိုင်ငံ၏ ဒေသအချို့ကို လောကငရဲသဖွယ် တင်စားပြောဆိုသွားသည့်အ ပေါ် ထူး၍မအံ့သြမိတော့ပေ။
မိမိတို့၏ မြေရပိုင်ခွင့် အခွင့်အရေးအတွက် စည်းလုံးညီညွတ်လာကြသည့် IDPs နှင့် Refugees များ နယ်ခံလူထုလူတန်းစားများနှင့် ၎င်းတို့၏ မြေယာများအပေါ် တစ်နေ့တစ်ခြားကြီးထွားလာနေသည့် ဖိအားများအ ကြား The Border Consortium နှင့် Transnational Institute တို့သည် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရသူများ (အဓိကအားဖြင့် လက်နက်ကိုင်ပဋိပက္ခကြောင့် စစ်ရှောင်ခဲ့ကြရသည့် IDPs နှင့် Refugees များ)နှင့် ၎င်းတို့ကို အနီးကပ်ကူညီပံ့ပိုးပေးလျက်ရှိသည့် အဖွဲ့အစည်းများ အတူတကွလက်တွဲ၍ ၎င်းတို့၏ မြေယာရပိုင်ခွင့် အခွင့် အရေးများအတွက် ကာကွယ်တိုက်ပွဲသွားမည့် စည်းရုံးအရေးဆိုမှုစင်္ကြန်တစ်ရပ် ထူထောင်နိုင်စေရန် အစဉ်အ ဆက်ပံ့ပိုးကူညီလာခဲ့သည်။ ၂၀၁၆ ခုနှစ်မှစ၍ ကချင်၊ ကယား(ကရင်နီ)၊ ကရင်၊ မွန်နှင့် ရှမ်း ပြည်နယ်ငါးခုမှ IDPs နှင့် စစ်ဘေးဒုက္ခသည်များသည် မိမိတို့၏ အတွေ့အကြုံများနှင့် စိတ်ကူးရည်မှန်းချက်များကို နှီးနှောဖ လှယ်၍ ယင်းတို့ကို လူ့အခွင့်အရေးအခြေခံမူများ၊ ပဋိဉာဉ်မူများနှင့် သဘောတူစာချုပ်များဖြင့် နှိုင်းယှဉ်သုံးသပ် ကာ မိမိတို့၏ မြေရပိုင်ခွင့် အခွင့်အရေးများနှင့်ပတ်သက်သည့် ရပ်တည်ချက်သဘောထားတစ်ရပ် ရေးဆွဲပြင် ဆင်ရန် ရန်ကုန်နှင့် မြစ်ကြီးနားမြို့များ၌ အကြိမ်ပေါင်းများစွာ တွေ့ဆုံစည်းေ၀းခဲ့ကြပါသည်။3

လက်ရှိအချိန်၌ အထူးသဖြင့် VFV အပါအ၀င် မြေယာဥပဒေပြင်ဆင်ချက်အသစ်များနှင့် အစိုးရ၏ IDP စခန်း ပိတ်သိမ်းရေး အစီအစဉ်များက မိမိတို့၏ အခွင့်အရေးကို အသိအမှတ်ပြု၍ အကာအကွယ်ပေးရန် တောင်းဆို လျက်ရှိသည့် လူထုလူတန်းစားများ၏ အသံများကို ပိုမိုကျယ်လောင်လာစေလျက်ရှိသည်။  IDPs နှင့် စစ်ဘေးဒုက္ခသည်နှစ်ရပ်စလုံးပါ၀င်လျက်ရှိသည့် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူများသည် အခြေအနေကို ထိပ်တိုက်ရင် ဆိုင်ဖြေရှင်းရုံမှတစ်ပါး အခြားရွေးစရာလမ်းမရှိတော့ကြောင်း သိမြင်လာကြပြီဖြစ်သည်။ မိမိတို့၌ရှိသည့် ရရာအ ရင်းအမြစ်များကို ကိုင်စွဲ၍ မတူကွဲပြားသည့် အတွေ့အကြုံများအကြား ဘုံရည်မှန်းချက်တစ်ရပ် ရှာဖွေဖော်ထုတ် ကာ အချင်းချင်းချိတ်ဆက်လက်တွဲ၍ စည်းလုံးညီညွတ်သည့် အမာခံအင်အားစုတစ်ရပ် ၀ိုင်း၀န်းထူထောင်ပြီး မိတ်ဖက်အင်အားစုများနှင့်အတူ စည်းရုံးအရေးဆိုမှုများ တစ်နေ့တစ်ခြားကြီးထွားလာလျက်ရှိသည်။ 

လတ်တလောမှာပင် ပြည်နယ်ငါးခုမှ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူများ အတူတကွပူးပေါင်း၍ ရပ်တည်ချက်သ ဘောထား ကြေညာစာတမ်းတစ်စောင်ရေးဆွဲဲပြင်ဆင်၍ ရန်ကုန်မြို့၌ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွား ရန် ဆုံးဖြတ်ခဲ့ကြသည်။သတင်းစာရှင်းလင်းပွဲဖြင့် သဘောထားကြေညာစာတမ်းကို မထုတ်ပြန်မီ LIFT ရန်ပုံငွေ ဘုတ်အဖွဲ့နှင့် နိုင်ငံရေးပါတီများဖြင့် စုဖွဲ့ထားသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA)တို့ကို ဦးစွာရှင်းလင်းတင်ပြခဲ့ကြသည်။ အစီအစဉ်တစ်ခုချင်းစီ၌ ပြည်နယ်ငါးခုမှ ကိုယ်စားလှယ်တစ်ဦးစီ ပါ၀င်သည့် စကား၀ိုင်းဆွေးနွေးမှုအားဖြင့် နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်မှုကြောင့် ကြုံတွေ့ခံစားနေရသည့် စိတ်ဒဏ်ရာနှင့် ငြိမ်းချမ်းရေး၊ တရားမျှတမှုရရှိရေးနှင့် အသိအမှတ်ပြုခံရရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်လှုပ် ရှားနေကြရသည်ဟု မျှေ၀သွားခဲ့ကြသည်။

ရန်ကုန်မြို့ရှိ Summit Park View ဟိုတယ်၌ စီစဉ်ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲသို့ သံရုံးအများအပြားမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် နိုင်ငံတကာအရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် မီဒီယာများမှ ကိုယ်စားလှယ်ပေါင်း(၁၃၀)ကျော် တက် ရောက်လာခဲ့ကြသည်။ ဤသတင်းစာရှင်းလင်းပွဲသည် မြေယာလုယူမှုနှင့် တိုက်ပွဲများအကြား မြေစာပင်ဖြစ်ခဲ့ရ သည့် သာမန်အရပ်သားပြည်သူ နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်ခဲ့ရသူများက မိမိတို့ ကိုယ်တိုင်ဖန်တီးခဲ့ခြင်း မဟုတ်သော်လည်း ဘေးပရောဂကြောင့် နစ်မွန်းနေရသည့် ခိုကိုးရာမဲ့အခြေအနေမျိုးမှ ကောင်းကျိုးချမ်းသာရရှိ ခံစားနိုင်ရန်အတွက် ကိုယ်တိုင်ကြိုးပမ်းအားထုတ်လာသည့် အံ့မခန်းအခြေအနေမျိုးကို မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်သည်။

ရှင်းလင်းတင်ပြနေစဉ်အတွင်း သက်ဆိုင်ရာ ကိုယ်စားလှယ်အသီးသီးက တိုက်ပွဲများကြောင့် ၎င်းတို့ နေရပ်စွန့် ခွာစစ်ဘေးတိမ်းရှောင်ခဲ့ရပြီးနောက်ပိုင်း ၎င်းတို့ချန်ထားရစ်ခဲ့သည့် မြေယာများကို တပ်စခန်းချရန်အတွက် တပ် ရင်းတပ်ဖွဲ့များ သို့မဟုတ် “ရင်းနှီးမြှုပ်နှံမှု” သို့မဟုတ် “ဖွံ့ဖြိုးရေး”အမည်ခံ စီမံကိန်းများအတွက် ကုမ္ပဏီများကို လုပ်ပိုင်ခွင့်ချထားပေးရန် အစိုးရအာဏာပိုင်များက သိမ်းဆည်းသွားခဲ့သည်။ နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်ခဲ့ ရသည့် ကာလအပိုင်းအခြားချင်းသာ ကွဲပြားခဲ့သော်လည်း ပြည်နယ်ငါးခုစလုံး၌ အလားတူပုံစံမျိုးကိုပင် ကြုံတွေ့ ခဲ့ရခြင်းဖြစ်သည်။   

မည်ကဲ့သို့ ဖြစ်စေချင်သနည်းဟူသည့် မေးခွန်းနှင့်ပတ်သက်၍ ကိုယ်စားလှယ်များက ၎င်းတို့စွန့်ခွာထားခဲ့ရသည့် မြေယာများကို ၎င်းတို့လက်၀ယ်သို့ ပြန်လည်အပ်နှံပေးရန်လိုအပ်သလို ၎င်းတို့၏ ဘေးကင်းလုံခြုံရေး အာမခံ ချက်ရှိ၍ သက်ဆိုင်ရာ မြေနှင့် အသက်မွေး၀မ်းကျောင်းလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်မှသာလျှင် နေရပ် ပြန်လိုသည်ဟု ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ ထို့အပြင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဥပဒေ ကို ပယ်ဖျက်ရန်၊ ၎င်းတို့၏ ဓလေ့ထုံးတမ်းစဉ်လာ ပိုင်ဆိုင်မှုစနစ်များကို အသိအမှတ်ပြုရန်နှင့် မြေပေါ်နေထိုင် လုပ်ကိုင်စားသောက်လျက်ရှိသူများသာ ယင်းမြေကိုပိုင်ဆိုင်မှုရှိသင့်ကြောင်း အသိအမှတ်ပြုရန် လိုအပ်သည် ဟုလည်း ထုတ်ဖော်ပြောဆိုသွားခဲ့ကြသည်။

အထက်ပါ ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ရန် IDPs နှင့် Refugees များ၏ မြေရပိုင်ခွင့် အခွင့်အရေး များကို အသိအမှတ်ပြု၍ ၎င်းတို့အား အနှစ်သာရရှိရှိ ပါ၀င်ဆောင်ရွက်ခွင့်ပြုထားသည့် အားလုံးပါ၀င်မှုရှိ၍ အောက်ခြေမှ အထက်သို့ဦးတည်သည့် လုပ်ငန်းစဉ်တစ်ရပ်ဖြင့် မြေဥပဒေသစ်တစ်ခု ရေးဆွဲပြင်ဆင်သင့်သည်။ အဆိုပါ ဥပဒေသစ်အတွင်း၌လည်း မျိုးဆက်ပေါင်းများစွာ အစဉ်အဆက်ကျင့်သုံးလာခဲ့သည့် တိုင်းရင်းသား လူထုလူတန်းစားများ၏ ကိုယ်ပိုင်ဓလေ့ထုံးတမ်းဆိုင်ရာ မြေယာပိုင်ဆိုင်မှုနှင့် စီမံခန့်ခွဲမှုစနစ်များကို မဖြစ်မနေအ သိအမှတ်ပြုပေးရန် လိုအပ်ပါသည်။ ချုပ်၍ဆိုရသော် မြန်မာနိုင်ငံ၏ မြေယာဥပဒေသည် လက်ရှိအလုပ်အကျေွး ပြုလျက်ရှိသည့် လက်တစ်ဆုပ်စာ စီးပွားရေးအကျိုးစီးပွားများအတွက်သာမဟုတ်ဘဲ ဆင်းရဲသားများကို အ လုပ်အကျေွးပြု၍ အကျိုးသက်ဆိုင်သူအားလုံး၏ သဘောတူခွင့်ပြုချက်ရရှိအောင် ကြိုးပမ်းဆောင်ရွက်သင့်ပါ သည်။
 
IDP-refugee သတင်းစာရှင်းလင်းပွဲမှ ကိုးကားပြောဆိုချက်များ
“တစ်ချို့က IDPs ဖြစ်လာတာမကြာသေးပေမယ့် တစ်ချို့ကတော့ အရမ်းကြာခဲ့ပြီ။ တစ်ချို့ဆိုရင် မြန်မာ့တပ်မ တော်ရဲ့ “ဖြတ်လေးဖြတ်”မဟာဗျူဟာစခဲ့တဲ့ ၁၉၇၄ ကတည်းက တိမ်းရှောင်ခဲ့ကြရတာပါ။ မြို့ကြီးပြကြီးမှာနေ တဲ့သူတွေ သိချင်မှသိမယ်ဆိုပေမယ့် ကျနော်တို့ကတော့ ဘယ်တော့မှမေ့သွားမှာ မဟုတ်ပါဘူး။ ၁၉၈၄ က တည်းက ထိုင်းနိုင်ငံမှာ ဒုက္ခသည်စခန်းတွေ ပေါ်ပေါက်လာခဲ့တာပါ။” (ကရင်စစ်ဘေးဒုက္ခသည်တစ်ဦး၊ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၁ ရက်)

“၂၀၁၂ ခုနှစ်မှာ VFV ဥပဒေကို အတည်ပြုခဲ့ကြတယ်။ ဒါကို ကျနော်တို့ အရမ်းစိုးရိမ်ပါတယ်။ ကျနော်တို့ ချန် ထားရစ်ခဲ့တဲ့ နေရင်းရပ်ရွာတွေမှာ စီးပွားရေးသမားတွေက ကျနော်တို့ရဲ့ မြေတွေကို ဒီဥပဒေနဲ့ မှတ်ပုံတင်ယူနေ ကြတယ်။ ကျနော်တို့မှာက ဓလေ့ထုံးတမ်းစနစ်ကလွဲပြီး ဘာတရား၀င်စာရွက်စာတမ်း အထောက်အထားမှ မရှိကြပါဘူး။ ကျနော်တို့ဒေသကို အစိုးရက အမည်းရောင်နယ်မြေဆိုပြီး တောက်လျှောက်သတ်မှတ်ထားခဲ့တဲ့ အတွက် မြေတိုင်းစာရေးတွေ လာတိုင်းပေးဖို့ငြင်းဆိုကြတဲ့အတွက် လျှောက်ထားခဲ့ရင်တောင် ဘယ်လိုမှ ပုံစံ(၇) မရနိုင်ဘူးဖြစ်နေတယ်။ သူတို့လာပြီး ကွင်းဆင်းတဲ့အခါမှာ သူတို့ရဲ့လုံခြုံရေးကို တာ၀န်ယူပေးနိုင်လို့လားလို့ပဲ ဆင်ခြေပေးနေကြတော့ ဘယ်သူက ဘယ်သူ့ကို ကာကွယ်ပေးဖို့ တာ၀န်ရှိတာလဲ။” (ရှမ်းမြောက်ဒေသ IDP တစ်ဦး၊ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၁ ရက်) 
 
“VFV ဥပဒေ ပြင်ဆင်ခဲ့ပြီးနောက်ပိုင်း ဖရူဆိုမြို့က မြေဧက(၅၀)ကျော်ကို မြန်မာ့တပ်မတော်ရဲ့ တပ်မှူးနာမည် နဲ့ လျှောက်ထားပြီး မှတ်ပုံတင်ယူလိုက်တယ်။ ဥပဒေတွေဆိုတာ ပြည်သူလူထုအတွက်ဖြစ်ရမယ့်ဟာကို ခုတော့ လက်တစ်ဆုပ်စာ လူတွေကပဲ အကျိုးခံစားခွင့်ရနေကြတယ်။” (ကရင်နီ IDP-refugee မြေရပိုင်ခွင့် အခွင့်အ ရေးကာကွယ်စောင့်ရှောက်သူ၊ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၁ ရက်)

“ လက်ရှိကျနော်တို့ ရင်ဆိုင်နေရတဲ့ အရေးပေါ်ကိစ္စကတော့ မြေယာပါပဲ။ ကျနော်တို့ရဲ့ မြေနဲ့ ရပ်ရွာတွေ တ ရုတ်တစ်သျှူးငှက်ပျောစိုက်ခင်းတွေရဲ့ ခြိမ်းခြောက်မှုကိုခံနေရပါတယ်။ သစ်တောဦးစီးဌာနက ကျနော်တို့ရဲ့မြေ တွေကို သစ်တောကြိုး၀ိုင်းအဖြစ် ကြေညာလိုက်ပြီ။ သူတို့ရဲ့ သတိပေးဆိုင်းဘုတ်တွေက ငှက်ပျောကုမ္ပဏီတွေ ၀င်လာပြီးနောက်မှ လာစိုက်သွားကြတာပါ။ အရင်က တစ်ခါမှကို မမြင်ဖူးမကြားဖူးခဲ့ဘူး။ အစိုးရဖက်က VFV ဥပဒေနဲ့ ပတ်သက်လာရင် တက်တက်ကြွကြွနဲ့ အတော်ကို အားသွန်ခွန်စိုက်ရှိပြီး လက်ရှိအချိိန်မှာ မြေယာစစ် တမ်းတစ်ခု ကောက်ယူနေပါတယ်။ ကျနော်တို့ ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးတွေကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီး နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ခဲ့ရတယ်။ အခုတော့ ကျနော်တို့ရဲ့ မြေယာတွေနဲ့ ပတ်သက်ပြီး နောက်ထပ် ပြဿနာတွေ အများကြီးရင်ဆိုင်နေရပြီ။” (ကချင်ပြည်နယ်မှ IDP တစ်ဦး၊ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၁ ရက်)
“မြေက ကျနော်တို့ရဲ့ မိသားစုကို ကျေွးမွေးပြုစုဖို့နဲ့ ဘ၀လုံခြုံရေးအတွက် အရမ်းအရေးကြီးတယ်။ မွန်ပြည်နယ် မှာ လက်ရှိတိုက်ပွဲတွေ မရှိဘူးဆိုပေမဲ့ VFV ဥပဒေကြောင့် ထိခိုက်မှုတွေနဲ့ မြေယာလုယူမှုတွေ အများကြီးဖြစ် နေတယ်။ ကျနော်တို့ မွန်ဒေသမှာ VFV မြေဆိုတာ ရှိကိုမရှိပေမဲ့ အစိုးရက ကျနော်တို့အပေါ် ဒီဥပဒေနဲ့ ဆက်ပြီး စည်းကြပ်ထိန်းချုပ်နေတုန်းပဲ။ မွန် IDPs တွေရဲ့ နေရင်းရပ်ရွာဒေသတွေမှာ အစိုးရက စီမံကိန်းတွေအများ ကြီးဖော်ဆောင်ဖို့အတွက် ပြင်ဆင်ထားတယ်။ အဓိကအနေနဲ့ကတော့ ကျနော်တို့အနေနဲ့ ဒီ VFV ဥပဒေကို ဘယ်လိုမှ လက်မခံနိုင်ဘူးလို့ပဲ ပြောချင်ပါတယ်။ ကျနော်တို့ဒေသမှာ VFV မြေဆိုတာကို မရှိတာပါ။” (မွန်  IDP-refugee မြေရပိုင်ခွင့် အခွင့်အရေးကာကွယ်စောင့်ရှောက်သူ၊ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၁ ရက်) 
 
“၂၀၁၂ ခုနှစ်မှာ ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ အစိုးရတို့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်။ အဲဒီအချိန်ကစပြီး ငြိမ်းချမ်းသွားပြီဖြစ်တဲ့အတွက် IDPs နဲ့ Refugees တွေ အိမ် ပြန်လို့ရပြီလို့ နိုင်ငံတကာ အဖွဲ့အစည်းတော်တော်များများ စပြောလာခဲ့တယ်။ နေရပ်ပြန်ဖို့အတွက် ကျနော်တို့ ကို အဖက်ဖက်က ဖိအားပေးလာခဲ့ပြီး ရိက္ခာအထောက်အပံ့တွေလည်း လျော့ကျလာခဲ့တယ်။ ကျနော်တို့ပြန်ဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် ဘယ်မှာသွားနေရမှာလဲ။ ရွာထဲမှာ အစိုးရတပ်စခန်းတွေနဲ့ ကျနော်တို့ရဲ့ မြေတွေကို ၀င်ရောက် လုပ်ကိုင်စားသောက်နေကြတဲ့သူတွေလည်းရှိတယ်။ နေရပ်ပြန်တဲ့သူတွေအတွက် အစိုးရကပြင်ဆင် ပေးထားတဲ့ အိမ်တွေက အရမ်းသေးတော့ လုပ်ကိုင်စားသောက်ရဖို့မြေနဲ့ တစ်ခြားစီးပွားရေးအခွင့်အလမ်းတွေ လည်းမရှိဘူး။ တကယ်လို့ IDPs နဲ့ refugees တွေ နေရပ်ပြန်တော့မယ်ဆိုရင် မြန်မာ့တပ်မတော်ဖက်က တပ်စ ခန်းတွေကို ဖယ်ရှားပေးဖို့လိုသလို မြေမြှုပ်မိုင်းရှင်းလင်းရေးနဲ့ အသက်မွေး၀မ်းကျောင်းအကူအညီတွေ ပေးအပ် ဖို့လိုတယ်။”  (ကရင် IDP၊ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၁ ရက်) 
 
“အာဏာပိုင်တွေက ကျနော်တို့ကို ပြန်ခိုင်းနေကြတယ်။ ရွာထဲမှာ အစိုးရစစ်တပ်တွေ တပ်စွဲထားတုန်းပဲ။ ဆို တော့ ကျနော်တို့ပြန်ပြီးနောက်ပိုင်း တိုက်ပွဲထပ်မဖြစ်ဘူးလို့ ဘယ်သူအာမခံပေးမလဲ။ နိုင်ငံရေးဆွေးနွေးပွဲကနေ ရေရာသေချာတဲ့ အဖြေမျိုးမထွက်လာသေးဘူး။” (ကချင် IDP၊ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၁ ရက်)

ကျောက်မီးသွေးတွင်းမှ စာဝါငှက် 

IDP-refugee ကိုယ်စားလှယ်များ၏ အဓိကတောင်းဆိုချက်များ၌ အောက်ပါအချက်သည်လည်း တစ်ခုအပါအ ၀င်ဖြစ်သည်။ 

“အာဏာပိုင်တွေ(အစိုးရနှင့် EAOs)အနေနဲ့ IDP-refugee တွေရဲ့ နေရင်းရပ်ရွာဒေသတွေမှာ ချန်ထားရစ်ခဲ့ ရတဲ့ မြေယာတွေကို သူတို့လက်ထဲ ပြန်အပ်ပေးဖို့နဲ့ သူတို့ရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ဂုဏ်သိက္ခာရှိရှိ ကိုယ့်သဘောဆန္ဒအတိုင်း နေရပ်ပြန်နိုင်ရေးတို့ကို ဦးစားပေးဆောင်ရွက်ပြီး မူလရပိုင်ခွင့် အခွင့်အရေးတွေကို အနှစ်သာရရှိရှိ အရင်အတိုင်းပြန်ရယူခံစားနိုင်အောင် ဖြည့်ဆည်းဆောင်ရွက်ပေးသင့်ပါတယ်။ အဲဒီမှာ ငြိမ်းငြိမ်းချမ်းချမ်း အန္တရာယ်ကင်းကင်းနဲ့ ဂုဏ်သိက္ခာပြည့်၀တဲ့ ဘ၀တွေကို ပြန်ပြီးတည်ဆောက်နိုင်ဖို့  သင့်တင့်လျောက်ပတ်ပြီး ရေရှည်အလုပ်ဖြစ်တဲ့ အသက်မွေး၀မ်းကျောင်းလုပ်ငန်းတွေ၊ အခြေခံရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးနဲ့ စီးပွား ရေးဆိုင်ရာ အခွင့်အလမ်းတွေကို လက်လှမ်းမီနိုင်အောင် ဆောင်ရွက်ပေးရမယ့် ကိစ္စရပ်တွေ ပါ၀င်နေပါတယ်။”

အလားတူအခြေအနေမျိုး၌ ပိတ်မိလျက်ရှိသည့် မည်သည့်နိုင်ငံသားမဆို(ကမ္ဘာနေ လူသားတိုင်း) ဤကဲ့သို့ပင် တောင်းဆိုကြမည်ဖြစ်ပြီး ၎င်းတို့၏ ဒီမိုကရေစီနှင့် တရားမျှတမှုရှိသည့် တောင်းဆိုချက်မှ ပေါက်ဖွားလာမည့် စစ်မှန်သည့် ငြိမ်းချမ်းရေးအတွက် အလားတူသဘောဆန္ဒမျိုးဖြင့် မျှော်လင့်မိကြမည်ဖြစ်သည်။  

အစိုးရနှင့် စီးပွားရေးသမားများအနေဖြင့် အချိန်ကြာလာသည်နှင့်အမျှ မြန်မာနိုင်ငံအတွင်းရှိ IDPs နှင့် Refugees များ အလိုအလျောက် ပျောက်ကွယ်သွားလိမ့်မည်ဟု မျှော်လင့်ထားကြပုံရသည်။ သို့သော်လည်း မည်သည့်နည်းနှင့်မျှ ထိုကဲ့သို့ဖြစ်ပေါ်လာနိုင်ခြေမရှိကြောင်း သိသာထင်ရှားလျက်ရှိသည်။ ယင်းအစား နေရပ် စွန့်ခွာစစ်ဘေးတိမ်းရှောင်ခဲ့ရသူများသည် စနစ်တကျစည်းရုံးလှုပ်ရှားလာကြပြီး အားကောင်းကောင်းဖြင့် ရှင်း လင်းပြတ်သားစွာ စည်းရုံးအရေးဆိုလာခဲ့ကြပြီဖြစ်သည်။ ပြန်လည်ကုစားပေးသည့်နည်းလမ်းအရ တရားမျှတမှု ရှာဖွေခြင်းဖြင့် မြေရပိုင်ခွင့်အခွင့်အရေးအပါအ၀င် အခြေခံလူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်များကို အဓိပ္ပာယ်ရှိရှိ အပြည့်အ၀အသိအမှတ်ပြုပေးရန်သာအစဉ်အဆက်တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ IDPsနှင့်refugeesများ အနေဖြင့်မိမိတို့သည်မှားယွင်းသည့်ဖက်ခြမ်း၌ရောက်ရှိနေသဖြင့် ကံမကောင်းအကြောင်းမလှဖြစ်ရသူများဖြစ်ပြီး ဘယ်သောအခါမျှ ကံတက်လာမည့်သူများမဟုတ်သကဲ့သို့ လက်လျှော့အရှုံးပေးခြင်းမပြုသင့်ပေ။ အဘယ် ကြောင့်ဆိုသော် ၎င်းတို့သည် ကျောက်မီးသွေးတွင်းထဲမှ စာဝါငှက်ငယ်လေးများဖြစ်ပြီး ၎င်းတို့အပေါ် သက် ရောက်ခဲ့သည့် ထိခိုက်မှုများသည် ကျန်လူ့ဘောင်အသိုက်အ၀န်းတစ်ရပ်လုံး၏ ရှေ့တွင်စောင့်ကြိုလျက်ရှိသည့် ရှေ့ပြေးကြမ္မာဆိုးနိမိတ်များပင်ဖြစ်သည်။ နိုင်ငံ၏ လူ့ဘောင်အသိုက်အ၀န်းအကြား ဆင်းရဲနွမ်းပါးမှုအရှိဆုံးနှင့် ပစ်ပယ်ခံလူထုလူတန်းစားများ၏ လူ့အခွင့်အရေးကိုပင် အာမခံပေးနိုင်မှုမရှိခြင်းသည် အနာဂတ် နိုင်ငံရေးအ ပြောင်းအလဲကို ဆိုးဆိုးရွားရွား စွဲချက်တင်လိုက်ခြင်းပင်ဖြစ်သည်။

Endnotes

  1. See, https://www.tni.org/en/article/a-declaration-of-war-on-us
  2. https://www.tni.org/en/article/implementation-of-burmas-vacant-fallow-and-virgin-land-management-law
  3. See e.g. https://www.irrawaddy.com/news/burma/civil-society-groups-demand-national-land-restitution-policy-for-displaced-communities.html; and, https://www.tni.org/en/publication/re-asserting-control-voluntary-return-restitution-and-the-right-to-land-for-idps-and

နေရပ်စွန့်ခွာတိမ်းရှောင်ရသူများနှင့် ဘေးဒုက္ခသည်များ၏ မြေယာရပိုင်ခွင့်ဆိုင်ရာ ကြေညာစာတမ်း အပြည့်အစုံဖတ်ရှုရန် . . . (၂ဝ၁၉-ခုနှစ်၊ သြဂုတ်လ(၂၁)ရက်နေ့)(English) (Burmese)

မြန်မာနိုင်ငံ၏ အမျိုးသားမြေအသုံးချမှုမူဝါဒ – ကျွန်ုပ်တို့၏ တုံ့ပြန်မှုနှင့် အကြံပေးမှုများ

“ မြေအသုံးချမှုမူဝါဒသည် အသေးစားမှ အကြီးစား မြေယာအသုံးချသူများအပါအဝင် တစ်နိုင်ငံလုံးရှိ မြေအသုံချမှုအမျိုးအစားအားလုံးအပေါ် အကျိုးသက်ရောက်မှုများစွာရှိမည်ဖြစ်သည်။ အရေးကြီးသည်မှာ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက်နှင့် အမျိုးသမီးများ၊ လူငယ်များ၊ ဆင်းရဲနွမ်းပါးသူများ၊ ခုခံနိုင်စွမ်းမရှိသူများနှင့် ဘေးဖယ်ခြင်းခံထားရသူများအပေါ် အထူးအာရုံစိုက်ပြီး လူသားအားလုံးအတွက် မြေယာ၊ သစ်တော၊ ရေလုပ်ငန်း၊ ရေနှင့် အခြားသဘာဝသယံဇာတများကို မျှတစွာ ရရှိသည့် လူမှုတရားမျှတမှု (social justice) အား မြှင့်တင်ရန်အတွက် မြေအသုံးချမှုအား မျှတစွာပြုလုပ်သွားရန်လိုသည်။”

ဇန်နဝါရီလ ၂၉-ရက်၊ ၂ဝ၁၅
ရန်ကုန်၊ မြန်မာ။

၁။ အကျဉ်းချုပ်

၂ဝ၁၄-ခုနှစ်၊ အောက်တိုဘာလ(၁၈)ရက်နေ့တွင် အများပြည်သူရှေ့မှောက် ဖော်ထုတ်ခဲ့သော မြန်မာနိုင်ငံ၏အမျိုးသားမြေအသုံးချမှုမူဝါဒ (NLUP) မူကြမ်းအား ဤအစီရင်ခံစာသည် ပိုင်းခြားစိစစ်ပြီး တုံ့ပြန်ချက်ပေးခြင်းဖြစ်သည်။ ၎င်းသည် Land in Our Hands (LIOH) က စီစဉ်သည့် နိုင်ငံအနှံ့တွင်ပြုလုပ်ခဲ့သော ဆွေးနွေးညှိနှိုင်းမှု အလုပ်ရုံဆွေးနွေးပွဲ(၈) ပွဲအပေါ် အခြေခံထားသည်။ LIOH သည် ရပ်ရွာလူထုအခြေပြုအဖွဲ့အစည်း (CBOs) နှင့် အရပ်ဘက်အဖွဲ့အစည်း (CSOs) ၆ဝ ကျော် ပါဝင်သည့် လယ်သမားကွန်ရက်တစ်ခုဖြစ်ပြီး အသေးစားလယ်သမားများနှင့် ရေလုပ်သားများ၊ အထူးသဖြင့် ကျေးလက်အမျိုးသမီးများနှင့် တိုင်းရင်သားလူမျိုးစုရပ်ရွာလူထုများ၏ မြေအသုံးချပိုင်ခွင့်များအား မြှင့်တင်၊ ကာကွယ်၊ လေးစားပြီး ဖြည့်ဆည်းပေးရန် ရည်စူးထားသည်။ LIOH အနေနှင့် မြန်မာနိုင်ငံသည် လမ်းဆုံလမ်းခွရောက်နေချိန်၌ ဤအလွန်အရေးကြီးသည့် မြေယာမူဝါဒဖော်ထုတ်ရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နိုင်ရန် မကြုံဘူးသေးသော အခွင့်အရေးအား ကြိုဆိုလျှက်ရှိသည်။

မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးအစီအစဉ် အောင်မြင်မှုသည် တိုင်းပြည်၏ မြေနှင့်ပတ်သက်သည့် အကျပ်အတည်းအား ဖြေရှင်းနိုင်ခြင်းနှင့် ချိတ်ဆက်လျှက်ရှိပြီး တစ်ချိန်တည်းမှာပင် ဤနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာသည့် အခင်းအကျင်းအတွင်းတွင် ရပ်ရွာလူထုများ၏ မြေများသိမ်းဆည်းခံရခြင်းအား ကာကွယ်ပေးရန်လိုအပ်သည်။ NLUP သည် ၎င်းကိစ္စရပ်နှစ်ခုစလုံးအား ကိုင်တွယ်ရာတွင် အရေးကြီးသည့်အခန်းကဏ္႑မှပါဝင်ပြီး လက်ရှိမူကြမ်းတွင် အလားအလားကောင်းသည့်အချက်များပါဝင်သည်။ သို့သော် မူဝါဒအကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်နှင့် မူဝါဒကိုယ်တိုင်မှာပင် လေးနက်သည့် အားနက်ချက်များကိုလည်း LIOH က တွေ့ရှိဖော်ထုတ်ထားပြီး ဤအစီရင်ခံစာသည် NLUP မူကြမ်းအပေါ် မှန်ကန်ပြီး ပွင့်လင်းသည့် တုံ့ပြန်ချက်တစ်ခုအား ကျွန်ုပ်တို့ဖော်ထုတ်ပေးခြင်းဖြစ်ကာ အတိအကျအကြံပြုချက်များလည်း ပါဝင်သည်။

အဆုံးစွန်အလေးထားရမည့်ကိစ္စမှာ NLUP မူကြမ်းအား ဒီမိုကရက်တစ်မကျသည့် လုပ်ငန်းစဉ်ဖြင့် ရေးဆွဲခြင်းဖြစ်သည်။ မူဝါဒ၏မူကြမ်းအား ၂ဝ၁၃-ခုနှစ်နှောင်းပိုင်းတွင် စတင်ရေးဆွဲခဲ့သော်လည်း၂ဝ၁၄-ခုနှစ်၊ အောက်တိုဘာလမတိုင်မီအထိ ၎င်းအား အများပြည်သူရှေ့မှောက်တွင် ဖော်ပြခြင်းမပြုလုပ်ခဲ့ပါ။ ထိုအချိန်တွင် မြန်မာအစိုးရသည် ပြည်နယ်နှင့်တိုင်းဒေသကြီး(၁၄)ခုတွင် (၁၈)ရက်အတွင်း (၃)နာရီစီပြုလုပ်သည့် ဆွေးနွေးညှိနှိုင်းပွဲ (၁၇)ခုမှသာ တုံ့ပြန်ချက်များကို စုစည်းရန်စီစဉ်ခဲ့သည်။ အချိန်ကာလသည် တိုတောင်းလွန်းသောကြောင့် ဒေသခံရပ်ရွာလူထုများသည် ရှည်လျားပြီး နည်းပညာဆန်ကာ ဘာသာပြန်ထားခြင်းမရှိသည့် စာရွက်စာတမ်းများအား တုံ့ပြန်မှုပေးရန် ကောင်းမွန်စွာပြင်ဆင်နိုင်ခြင်းမရှိပါ။ ထိုအားနည်းသည့် ဆွေးနွေးညှိနှိုင်းမှုလုပ်ငန်းစဉ်သည် LIOH အား ကိုယ်ပိုင်ဆွေးနွေးညှိနှိုင်းပွဲများပြုလုပ်ရန် တွန်းအားပေးပြီး မူဝါဒမူကြမ်းအား ပိုင်းခြားစိစစ်ကာ ကိုယ်ပိုင်တုံ့ပြန်ချက်များ ဖော်ထုတ်စေသည်။ ကျွန်ုပ်တို့အကြံပြုလိုသည်မှာ မြန်မာအစိုးရသည် အများပြည်သူတို့၏မှတ်ချက်အတွက် ပြီးစီးရန်သတ်မှတ်ချိန်အား နောက်ထပ်တိုးပေးစေလိုပြီး NLUP မူကြမ်းအား ဒေသခံသုံးဘာသာစကားများဖြင့် အွန်လိုင်းမှတစ်ဆင့်နှင့် လွတ်လပ်သည့်မီဒီယာနှင့် အစိုးရမီဒီယာနှစ်ခုစလုံးတို့မှတစ်ဆင့် အများပြည်သူသိရှိအောင် ပြုလုပ်ပေးရန်ဖြစ်သည်။

အပြည်အစုံ ဖတ်ရှုရန် — အင်္ဂလိပ်ဘာသာ / မြန်မာဘာသာ

“မြေပိုင်ဆိုင်မှု၊ တည်တံ့ခိုင်မြဲသည့် မြေအသုံးချမှုနှင့် မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးမွေးမြူရေးတို့အား မြှင့်တင်ရန်” ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အားဆော်သြခြင်း

လူတိုင်းအတွက်စားနပ်ရိက္ခာရရှိရေး

အသေးစားလယ်သမားများ၊ ရေလုပ်သားများ၊ သစ်တောထဲတွင်နေထိုင်သူများ၊ ကျေးလက်နေအမျိုးသမီးများ၊ ကျေးလက်နေလူငယ်များနှင့်တိ ုင်းရင်းသားရပ်ရွာလူထုများ၏ မြေယာပိုင်ဆိုင်ခွင့်များအားမြှင့်တင်ပေးရန်၊ ကာကွယ်ပေးရန်၊ လေးစားရန်နှင့် ဖြည့်ဆည်းပေးရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အစိုးရ၊ လွှတ်တော်နှင့် တရားရေးအဖွဲ့တို့အား ဆော်သြခြင်း။

၂ဝ၁၄-ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်

နိဒါန်း – ကျွနု်ပ်တို့မည်သူဖြစ်သည်နှင့် ဤကြေငြာချက်အားပြုလုပ်ရသည့်အကြောင်းရင်း

  • ကျွနု်ပ်တို့ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အသေးစားလယ်သမားများ၊ ရပ်ရွာလူထုအခြေပြုအဖွဲ့အစည်းများနှင့် အခြားအရပ်ဘက်လူ့အဖွဲ့အစည်းများ၏ ကြိုးပမ်းမှုဖြစ်သည့် မြေယာအရေးလှုပ်ရှားသူများကွန်ယက် (Land in our hands) သည် “ကမ္ဘာ့စားနပ်ရိက္ခာနေ့” အား နှုတ်ခွန်းဆက်ရင်းကျင်းပပါသည်။
  • ကျွနု်ပ်တို့သည် ဤနေ့အား ပြည်ထောင်စုအနှံ့ရှိ မိသားစုများနှင့်ရပ်ရွာလူထုများအား စားနပ်ရိက္ခာဖြည့်ဆည်းကျေွးမွေးသည့် ဤနိုင်ငံစားနပ်ရိက္ခာထုတ်လုပ်မှု၏ ကျောရိုးဖြစ်သော အသေးစားလယ်သမားများ၊ ရေလုပ်သားများ၊ သစ်တောထဲတွင်နေထိုင်သူများ၊ ကျေးလက်နေအမျိုးသမီးများ၊ ကျေးလက်နေလူငယ်များနှင့် တိုင်းရင်းသားရပ်ရွာလူထုတို့၏ အရေးကြီးသော အခန်းကဏ္႑အား အသိအမှတ်ပြု၊ သတိတရတန်ဖိုးထားသည့် အထိမ်းအမှတ်အနေဖြင့် ကျင်းပခြင်းဖြစ်ပါသည်။

ပြဿနာ

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် လက်ရှိဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသော်လည်း ပုဂ္ဂလိက သို့မဟုတ် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းဆောင်ရွက်သူများ၏ စားနပ်ရိက္ခာလုံခြုံမှုအမည်ခံကာ မြေယာပိုင်ဆိုင်မှု လွဲှပြောင်းခြင်းများ သို့မဟုတ် မြေသိမ်းဆည်းမှုများသည် ကြီးမားသည့်အတိုင်းအတာဖြင့် ဖြစ်ပွားမှုများ ပိုမိုမြင့်တက်လျှက်ရှိပါသည်။ ထိုသို့ မြေယာပိုင်ဆိုင်မှု၊ လွဲှပြောင်းမှုအများစုမှာ မြေလွတ်မြေရိုင်း သို့မဟုတ် ပလပ်မြေမြေများအနေနှင့် ပြုလုပ်သော်လည်း အဖြစ်အပျက်အများစုတွင် ရပ်ရွာလူထုများ၏ မြေယာပိုင်ဆိုင်မှု အသုံးပြုမှုအပေါ် ထိခိုက်မှုများတွေ့ရှိရသည်။ အထူးသဖြင့် ကျွန်ုပ်တို့-အသေးစားလယ်သမားများ၊ ရေလုပ်သားများ၊ ကျေးလက်နေအမျိုးသမီးများနှင့် တိုင်းရင်းသားရပ်ရွာလူထုများသည် နေရာရွှေ့ပြောင်းခံရခြင်းနှင့် အတင်းအဓမ္မဖယ်ရှားခံရခြင်း သို့မဟုတ် ကျွနု်ပ်တို့၏ စားနပ်ရိက္ခာထုတ်လုပ်ခြင်းနှင့် ရပ်တည်ရှင်သန်ခြင်းအတွက် အရေးကြီးဆုံးအရင်းအမြစ်များဖြစ်သည့် ကျွန်ုပ်တို့၏ မြေယာနှင့် ရေအရင်းအမြစ်တို့ဆုံးရံှုးခြင်းများ ဖြစ်ပေါ်လျှက်ရှိသည်။ ရလဒ်မှာ အလုပ်အကိုင်များ ဆုံးရံှုးခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှုများနှင့် လူမှုရေးဆိုင်ရာ မငြိမ်သက်မှုများ ကြီးထွားလာသည့်အပြင် မိမိကိုယ်တိုင်နှင့် မိမိရပ်ရွာလူထုများ၊ မိမိပြည်သူများ၏ စားနပ်ရိက္ခာထုတ်လုပ်နိုင်ခြင်းများ ဆုံးရံှုးစေသည်။
  • ထိန်းချုပ်မှုမရှိခြင်း သို့မဟုတ် အဆိုး်ဖြစ်စေသည့်ထိန်းချုပ်မှုမျိုးနှင့် အဖွဲ့အစည်းဆိုင်ရာမူဘောင်များသည် ကျွန်ုပ်တို့၏မြေယာပိုင်ဆိုင်မှုအားကာကွယ်ခြင်း၊ လေးစားခြင်းနှင့် ဖြည့်ဆည်းပေးခြင်းတို့အပေါ် နိုင်ငံတော်၏ ပံ့ပိုးမှု လစ်ဟင်းလာစေသည့်အပြင် တိုင်းပြည်နှင့်၎င်း၏ပြည်သူများအားကျေွးမွေးနေသည့် အရေးကြီးသောအခန်းကဏ္႑တွင် ပါဝင်သည့် အသေးစားစားနပ်ရိက္ခာစိုက်ပျိုးမှုများနှင့် ရေလုပ်ငန်းတို့အား ထောက်ပံ့ပေးခြင်းမရှိပါ။

ကျွနု်ပ်တို့၏အဓိကဆော်သြချက်နှင့်ခိုင်မာသည့်တောင်းဆိုချက်များ

တိုင်းပြည်တွင် ခိုင်မြဲသောငြိမ်းချမ်းရေးနှင့် အမှန်တကယ်မျှတပြီး တည်တံ့သည့် ဖွံ့ဖြိုးရေးရရှိရန်နှင့် လက်ရှိဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲမှုများနှင့်အညီ ပြုလုပ်ရာတွင် မြေယာအရေးလှုပ်ရှားသူများကွန်ယက် (Land in our hands) မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရ၊ လွှတ်တော်နှင့်တရားရေးအဖွဲ့တို့အား အသေးစားလယ်သမားများနှင့် ရေလုပ်သားများ အထူးသဖြင့် ကျေးလက်နေအမျိုးသမီးများနှင့် တိုင်းရင်းသားရပ်ရွာလူထုများ၏ မြေပိုင်ဆိုင်ခွင့်များအား မြှင့်တင်၊ ကာကွယ်၊ လေးစားပြီး
ဖြည့်ဆည်းပေးရန် တောင်းဆိုသည်။ အထူးသဖြင့် ကျွန်ုပ်တို့သည် ပြည်ထောင်စုနိုင်ငံတော်အား –

၁။ အသေးစားလယ်သမားများ၊ ရေလုပ်သားများ၊ ကျေးလက်နေအမျိုးသမီးများနှင့် တိုင်းရင်းသားရပ်ရွာလူထုများ၏ မြေရပိုင်ခွင့်များအား မြှင့်တင်ပေးခြင်း၊ ကာကွယ်ပေးခြင်း၊ လေးစားခြင်းနှင့် ဖြည့်ဆည်းပေးခြင်းတို့အပေါ် အလေးထားသော အမျိုးသားမြေမူဝါဒနှင့် ဥပဒေအား ပြုပြင်ပြောင်းလဲရန်၊

၂။ မြေမူဝါဒနှင့် ဥပဒေပြုပြင်ပြောင်းလဲရာတွင် အသေးစားလယ်သမားများ၊ရေလုပ်သားများ၊ ကျေးလက်နေအမျိုးသမီးများနှင့် တိုင်းရင်းသားရပ်ရွာလူထုများ၏ ကိုယ်စားလှယ်အားလုံးသည် ထိရောက်စွာပါဝင်နိုင်ရန်အတွက် နေရာဖန်တီးပေးပြီး ထောက်ပံ့ပေးရန်၊

၃။ တိုင်းရင်းသားပြည်သူများနှင့် ရိုးရာအစဉ်အလာအရမြေပိုင်ဆိုင်မှုစနစ်များ အသုံးပြုလျှက်ရှိသော အခြားရပ်ရွာလူထုများ၏ မြေပိုင်ဆိုင်မှုစနစ်များအား အသိအမှတ်ပြု၊ ကာကွယ်၊ လေးစားပြီး ဖြည့်ဆည်းပေးရန်အတွက် လိုအပ်ပြီး သင့်တော်သည့်မူဝါဒ၊ တရားဝင်၊ အဖွဲ့အစည်းဆိုင်ရာနှင့် ဘတ်ဂျက်နှင့်အညီ မူဘောင်များကျင့်သုံးရန်၊

၄။ အမျိုးသမီးများ၏ မြေယာနှင့်အစားအစာရပိုင်ခွင့်များအား ပြုပြင်ပြောင်းလဲထားသည့် မြေအုပ်ချုပ်မှုဆိုင်ရာမူဘောင်အတွင်းရရှိခြင်း သေချာအောင်ပြုလုပ်သွားရန်၊

၅။ တိုင်းရင်းသားပြည်သူများနှင့် ရိုးရာအစဉ်အလာအရ မြေပိုင််ဆိုင်မှုစနစ်များရှိသည့် အခြားရပ်ရွာလူထုများ၊ ထိုစိုက်ပျိုးမြေ၊ ရေလုပ်ငန်းများနှင့် သစ်တောများတွင်နေထိုင်သူများအတွက် မြေ၊ ရေလုပ်ငန်းများနှင့် သစ်တောများသည် လူမှုရေး၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်ဆိုင်ရာနှင့် နိုင်ငံရေးအဓိပ္ပာယ်များနှင့် တန်ဖိုးများရှိကြသည်ကို အသိအမှတ်ပြုရန်၊

၆။ အသေးစားလယ်သမားများ၊ ရေလုပ်သားများ၊ ကျေးလက်နေအမျိုးသမီးများနှင့် တိုင်းရင်းသားရပ်ရွာလူထုများသည် ၎င်းတို့၏ရပ်ရွာလူထုတွင်ရှိသော မြေ၊ မြေဆီလွှာ၊ ရေလုပ်ငန်းများ၊ ရေနှင့်သစ်တောများအပေါ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်ပတ်သက်ပြီး မြေမူဝါဒနှင့် ဥပဒေတွင် မြှင့်တင်၊ ကာကွယ်၊ လေးစားပြီး ဖြည့်ဆည်းပေးရန်၊

၇။လယ်သမားများ၊ ရပ်ရွာလူထုအဖွဲ့ဝင်များနှင့် ကဏ္႑အသီးသီး၏ ကိုယ်စားလှယ်အဖွဲ့ဝင်များအားလုံးတို့အား တစ်နိုင်ငံလုံးရှိ သဘာဝသယံဇာတများနှင့် မြေယာအခြေခံသော အငြင်းပွားမှုများအား ပါဝင်ဖြေရှင်းနိုင်ခြင်းကို ခွင့်ပြုသည့် မှန်ကန်သော တရားဝင် မြေယာအငြင်းပွားမှုဖြေရှင်းရေးယန္တရားနှင့် စနစ်အား ဖန်တီးရန်၊

၈။ အသေးစား အစားအစာထုတ်လုပ်သူများနှင့် ဒေသခံမိသားစု တစ်နိုင်တစ်ပိုင်စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နေသော ရပ်ရွာလူထုများအား အကာအကွယ်ပေးထားခြင်း သေချာစေရန် သိရှိနားလည်မှုဖြင့် ကြိုတင်၍ လွတ်လပ်စွာပေးသော သဘောတူခွင့်ပြုချက် (FPIC) နှင့် ညှိနှိုင်းဆွေးနွေးမှုဆိုင်ရာ စံချိန်စံနှုန်းများအား အာမခံပေးရန်၊

၉။ အသေးစားလယ်သမားများ၊ ရေလုပ်သားများ၊ ကျေးလက်နေအမျိုးသမီးများနှင့် တိုင်းရင်းသားရပ်ရွာလူထုများ၏ မြေ၊ ရေနှင့် သစ်တောရပိုင်ခွင့်များအား နိုင်ငံတော်၏မြေမူဝါဒနှင့် ဥပဒေတွင် သင့်တော်သလို မြှင့်တင်၊ ကာကွယ်၊ လေးစားပြီး ဖြည့်ဆည်းပေးခြင်းများမပြုလုပ်မချင်း တိုင်းရင်းသားနယ်မြေများရှိ လက်ရှိ အကြီးစားဖွံ့ဖြိုးရေးစီမံကိန်းများ (လမ်းများနှင့် အကြီးစား ရေအားလျှပ်စစ်ရေကာတာများ အပါအဝင်) နှင့် မြေယာလွဲပြောင်းခြင်းမျိုးစုံ (သတ္တုတွင်းတူးဖော်ခြင်း၊ ရေနံထုတ်လုပ်ခြင်း၊ သစ်ထုတ်လုပ်ခြင်းနှင့် ကန်ထရိုက်လယ်ယာစိုက်ပျိုးရေးအပါအဝင် စိုက်ပျိုးခြင်းများကဲ့သို့သော) တို့အား ပြုလုပ်နေခြင်းမှ တရားဝင်ဆိုင်းငံ့ထားရန်၊

၁ဝ။ နောက်ဆုံအနေဖြင့် စစ်မှန်သည့်ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအဖြေများရရှိရေးဆီသို့ ဦးတည်ဆောင်ရွက်ခြင်းတွင် ကျွန်ုပ်တို့၏မျှော်လင့်ချက်များနှင့် အသံများအား လက်ခံပြီး နားထောင်ပေးရန် စသည်တို့အားတောင်းဆိုသည်။

အချုပ်အနေဖြင့် မြေယာအရေးလှုပ်ရှားသူများကွန်ယက် (Land in our hands) မှ ယုံကြည်သည်မှာ အထက်ဖော်ပြချက်အားလုံးအား အလေးအနက်ထား၍ သင့်တော်သလို ကိုင်တွယ်ခြင်းများ မပြုလုပ်ပါက မြန်မာနိုင်ငံရှိပြည်သူအားလုံးတို့အတွက် ခိုင်မာသည့် ငြိမ်းချမ်းရေးနှင့် တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးရေးကို ရှာတွေ့မည်မဟုတ်ပါ။ ကမ္ဘာစားနပ်ရိက္ခာနေ့သည် အသေးစားလယ်သမားများ၊ ရေလုပ်သားများ၊ ကျေးလက်နေအမျိုးသမီးများ၊ ကျေးလက်နေလူငယ်များနှင့် တိုင်းရင်းသားရပ်ရွာလူထုများသည် မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာလုံခြုံရေးအား မည်မျှဖြည့်ဆည်းပေးလျှက်ရှိသည်ကို စဉ်းစားသုံးသပ်ရန်ကောင်းသောအချိန် ဖြစ်ရုံတင်မက ၎င်းတို့သည် ပိုမိုကောင်းမွန်ပြီး ပိုမိုတရားမျှတကာ ငြိမ်းချမ်းသည့်လူ့အဖွဲ့အစည်းဆီသို့ အပြုသဘောအားဖြင့် ကူးပြောင်းရန် အားလုံးအတူတကွ ပါဝင်ဆောင်ရွက်ခဲ့သည်ကို လေ့လာသုံးသပ်ရန် အလွန်ကောင်းသောအချိန်လည်းဖြစ်ကြောင်း အလေးထားတင်ပြအပ်ပါသည်။

ဆက်သွယ်ရန်
မောင်စည်သူ-၀၉၄၀၃၇၀၆၀၅၂
စောအဲလက်စ်-၀၉၂၅၄၂၀၇၈၄၂

ကြေညာချက်ကိုရယူရန် (အင်္ဂလိပ် မြန်မာ)