အနာဂတ်မြေယာအုပ်ချုပ်စီမံမှုတစ်ရပ်ဆီသို့ (KEAN ၏ သုံးသပ်ချက်)

အနာဂတ်မြေယာအုပ်ချုပ်စီမံမှုတစ်ရပ်ဆီသို့ အပိုင်း(၂)

စက်တင်ဘာ ၂ဝ၂ဝ

လက်ရှိ အမျိုးသားမြေဥပဒေတစ်ရပ်ပေါ်ထွက်လာရန် ချဉ်းကပ်လုပ်ဆောင်နေမှုများသည် ဖက်ဒရယ် မြေယာအုပ်ချုပ်စီမံမှုအတွက် သို့မဟုတ် ဒေသခံဌာနေတိုင်းရင်းသားများ သို့မဟုတ် မြေအခြေပြု အသက်မွေး၀မ်းကျောင်းပြုသော အခြေခံလူတန်းစားများနှင့် တောင်သူလယ်သမားများ၏ မြေယာ ဆိုင်ရာအခွင့်အရေး လုံခြုံစိတ်ချမှုအတွက် မည်သို့အာမခံချက်ပေးနိုင်မည်နည်းဟူသော မေးခွန်း၏ အဖြေကို ဦးစွာဖော်ထုတ်ရန် လိုအပ်လာပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်နှင့်အတူ မြေယာကဏ္႑ပြုပြင်ပြောင်းလဲမှုများသည် ၂၀၁၂ ခုနှစ် အစိုးရသစ်လက်ထက်တွင် စတင်လုပ်ဆောင်လာသည်ကို မြင်တွေ့ခဲ့ကြရပြီးဖြစ်သည်။ သိသာထင်ရှားသော ဖြစ်ရပ်များအနေဖြင့် မြေနှင့်ပတ်သက်သော ဥပဒေများ၊ နည်းဥပဒေများအပြင် မြေယာကဏ္႑နှင့်ဆက်စပ်သော အခြားသော ဥပဒေများ၊ နည်းဥပဒေများတို့ကို အသစ်ထုတ်ပြန်ပြဌာန်းခြင်း၊ ဖျက်သိမ်းခြင်းများကိုလည်း တစ်ရစပ် လုပ်ဆောင်လာခဲ့သည်။ တစ်ပြိုင်နက်ထဲတွင် ထိုဥပဒေများ၊ နည်းဥပဒေများနှင့် ပတ်သက်၍လည်း လက်တွေ့ကျင့်သုံးရာတွင် ကိုက်ညီမှုမရှိခြင်း၊ မြေအခြေပြု အသက်မွေး၀မ်းကျောင်းပြုသူများ၊ အခြေခံ တောင်သူလယ်သမားများနှင့် လယ်သမား၊ ဒေသခံဌာနေတိုင်းရင်းသားများတို့၏ မြေနှင့်ဆက်စပ်သော အခွင့် အရေးကို အသိအမှတ်ပြုအကာအကွယ်ပေးနိုင်မှုမရှိခြင်းတို့ကြောင့် ကန့်ကွက်မှုများ၊ ထောက်ပြမှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။ တဖန် ၂၀၁၆ခုနှစ်တွင် အမျိုးသားမြေအသုံးချမှုမူဝါဒကို အတည်ပြုပြဌာန်းမှုပြုလုပ်ခဲ့သော် လည်း ဤမူဝါဒအပေါ်တွင်လည်း သဘောတူလက်ခံနိုင်မှုများသည် ကွဲပြားလျက်ရှိပြီး ဤမူဝါဒမဖြစ်တည်မီ ထွက်ရှိလာသော မူဝါဒမူကြမ်းများအပေါ်တွင်လည်း ပွင့်လင်းမြင်သာမှု၊ မြေယာအခွင့်အရေးဆိုင်ရာ လုံလောက် သောအကာအကွယ်ပေးနိုင်မှုတို့နှင့်စပ်လျဉ်း၍ အောက်ခြေအဆင့်မှပြည်ထောင်စုအဆင့်အထိတိုင် မြေယာ အခြေပြုအသက်မွေး၀မ်းကျောင်းပြုသူများ၊ တောင်သူလယ်သမားများ၊ ဌာနေတိုင်းရင်းသားများ၊ မြေယာအရေး လှုပ်ရှားဆောင်ရွက်ကြသူများ၊ တတ်သိနားလည်သောပညာရှင်များ စသော အလွှာပေါင်းစုံမှလူထုများ၏ ကန့်ကွက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ သို့သော်လည်း အမျိုးသားမြေအသုံးချမှုမူဝါဒသည် ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလတွင် အတည်ပြုခဲ့ပြီးဖြစ်သည်နှင့်အညီ ဤမူဝါဒပါရည်ရွယ်ချက်တစ်ခုဖြစ်သော အမျိုးသားမြေဥပဒေ ပေါ်ထွက်လာရေးအတွက် ပြဌာန်းရေးဆွဲခြင်းများကို လုပ်ဆောင်နိုင်ရန်အတွက် အမျိုးသားမြေအသုံးချမှု ကောင်စီ၏လမ်းညွန်ချက်ဖြင့် လုပ်ငန်းကော်မတီများ၊ လုပ်ငန်းအဖွဲ့ငယ်များ၊ လုပ်ငန်းအထောက်အကူပြုအဖွဲ့ များဖွဲ့စည်းခြင်းနှင့် လုပ်ငန်းအစည်းအေ၀းများကျင်းပခြင်းများကို ၂၀၁၈ခုနှစ်မှစတင်၍ လုပ်ဆောင်လာခဲ့ကြ သည်။ ထို့ကြောင့် ၂၀၂၀ပြည့်နှစ်တွင် အမျိုးသားမြေဥပဒေ(မူကြမ်း)ရေးဆွဲခြင်း လုပ်ငန်းစဉ်များနှင့် ပတ်သက် သော လုပ်ငန်းစဉ်များသည် ပို၍ရုပ်လုံးပေါ်ထင်ရှားလာသည်ကို တွေ့မြင်လာရပါသည်။

ထို့ကြောင့် အမျိုးသားမြေဥပဒေပေါ်တစ်ရပ်ထွက်လာရေးအတွက် လုပ်ဆောင်နေမှုများပတ်သက်၍ မဖြစ်မနေ မေးခွန်းထုတ်ရန်လိုအပ်လာပြီဖြစ်သည်နှင့်အညီ ချမှတ်ထားလုပ်ငန်းစဉ်များ၊ ရည်ရွယ်ချက်များနှင့် ပတ်သက် ၍လည်း မည်သို့ပြည့်မီအောင်လုပ်ဆောင်မည် စသော အချက်များကိုလည်း သေချာစောင့်ကြည့်ရန်လိုအပ်လာ ပါသည်။ မြေယာအရေးကိစ္စဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်းများသည် မြေယာအရေးကိစ္စသီးသန့်တစ်ခုတည်းသာ မဟုတ်ဘဲ နိုင်ငံရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုတည်ဆောက်မှုတို့နှင့်ပါ တိုက်ရိုက်ချိတ်ဆက်သော အရေးကိစ္စတစ်ခုဖြစ်သည်။ ထို့ကြောင့်လည်း လက်ရှိနိုင်ငံ၏ အကောင်အထည်ဖော်ဆောင်ရွက်နေသော ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွင် မြေယာကဏ္႑ သည် ကဏ္႑ကြီးတစ်ခုအနေဖြင့်ပါ၀င်ထည့်သွင်းဆွေးနွေးရသော အခန်းကဏ္႑တစ်ခုဖြစ်သည်။ လက်ရှိ အမျိုးသားမြေဥပဒေပေါ်ထွက်လာရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသော ဖြစ်စဉ်များအပေါ် တွင် အဓိကအခြေခံအကျဆုံးသောအကြောင်းအရာတစ်ခုအနေဖြင့် ဤလုပ်ငန်းဖြစ်စဉ်များသည် မြေယာ အခြေပြု အသက်မွေး၀မ်းကျောင်းပြုနေရသောသူများ၊ အခြေခံတောင်သူလယ်သမားများနှင့် အလုပ်သမား များ၊ ဌာနေတိုင်းရင်းသားတို့ရဲ့ မြေပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲခွင့် အခွင့်အရေးတို့အတွက် မည်မျှအကျိုးဖြစ်ထွန်း စေမည်၊ လုံခြုံစိတ်ချမှုဖြစ်စေမည်၊ အကာအကွယ်ဖြစ်စေမည်ကို ဦးစွာမေးမြန်းရာလိုအပ်လာပါသည်။ ထိုမှတဆင့် ထွက်ပေါ်လာမည့် အမျိုးသားမြေဥပဒေသည် ဖက်ဒရယ်မြေယာစီမံအုပ်ချုပ်မှုအတွက် မည်သို့ အထောက်အပံ့ဖြစ်သည်ကိုလည်းကောင်း မည်သို့ချဉ်းကပ်မှုရှိသည်ကိုလည်းကောင်း ထပ်မံမေးမြန်းရာလိုအပ် ပါသည်။ ထို့နောက် ဤမြေဥပဒေသည် ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဖက်ဒရယ် ဒီမိုကရက်တစ်ပြည်ထောင်စုတည်ဆောက်မှုတို့အတွက် မည်သို့အထောက်အကူဖြစ်သည် သဟဇာတဖြစ် သည်ကိုလည်း ဆက်စပ်ချိတ်ဆက်ရှာဖွေရန်လိုအပ်လာပါသည်။ ထို့ကြောင့် အမျိုးသားမြေဥပဒေတစ်ရပ် ပေါ်ထွက်လာစေရန်အတွက် ချဉ်းကပ်လုပ်ဆောင်နေသောလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ထိုလုပ်ငန်းစဉ်၏ အခြေအနေများ၊ ထိုလုပ်ငန်းစဉ်တွင်ပါ၀င်ပတ်သက်သူများနှင့် ထိုလုပ်ငန်းစဉ်များ၏ ယန္တရားများနှင့်ပတ်သက် သောအခြေအနေများကို လေ့လာသုံးသပ်ရန်လိုအပ်ပါသည်။

အမျိုးသားမြေအသုံးချမှုကောင်စီနှင့် အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီတို့၏ အမျိုးသားမြေဥပဒေတစ်ရပ်ပေါ်ထွက်လာရေးအတွင် ကနဦးခြေလှမ်းအနေအထားများ။

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းစီမံချက်၏ရည်ရွယ်ချက်များနှင့် မျှော်မှန်းချက်များတွင် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကြီးကိုရှေးရှုသည့် အမျိုးသားဥပဒေတစ်ရပ်ပေးထွန်းလာစေရန်၊ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ ရေရှည်တည်တံ့သောဖွံဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းသာယာ၀ပြောမှု၊ မြေလုပ်ပိုင်ခွင့် များခိုင်မာမှု၊ လူမှုစီးပွားဘ၀လုံခြုံမှုနှင့် စားနပ်ရိက္ခာဖူလုံမှုတို့ စဉ်ဆက်မပြတ် ဖြစ်ထွန်းတိုးတက်လာစေရန်နှင့်  မြန်မာနိုင်ငံ၏ မဟာဗျူဟာစီမံကိန်းများဖြစ်သော မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Development Plan-MSDP)၊ မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှု ဆိုင်ရာမူဝါဒ (Myanmar Climate Change Policy)၊ ဖက်ဒရယ်နှင့်ငြိမ်းချမ်းရေး – ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူညီမှု (Federal & Peace – Union Peace Accord)၊ ပဋိပက္ခဖြေရှင်းခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မြေယာပိုင်ဆိုင်မှုနှင့်လုံခြုံမှု၊ ရေရှည်တည်တ့ံသော ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များ၊ နိုင်ငံတကာစံနှုန်းများ လိုက်နာဆောင်ရွက်မှု (Crisis/ Conflict, Land Tenure & Security, Sustainable Development Goals- SDG, International Compliance) တို့ကို စနစ်တကျအကောင်အထည်ရန်ဖြစ်သည်ဟု ဖော်ပြထားရှိပါသည်။

၂၀၁၆ခုနှစ်၊ ဇန်နဝါရီလတွင် အတည်ပြုလိုက်သော အမျိုးသားမြေအသုံးချမှုမူဝါဒ အပိုဒ် ၇၇(က)အရ “ နိုင်ငံတော်ရှိ မြေနှင့်သက်ဆိုင်သောတည်ဆဲဥပဒေအားလုံးကို သဟဇာတဖြစ်စေရေးအတွက် ဤအမျိုးသား မြေအသုံးချမှုမူဝါဒကို လမ်းညွန်အဖြစ်အသုံးပြု၍ အမျိုးသားမြေဥပဒေသစ်ကို ရေးဆွဲပြဌာန်းရမည်” ဟု ဖော်ပြထားရှိပြီး ထိုအမျိုးသားမြေအသုံးချမှု မူဝါဒပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန်အတွက် အမျိုးသားမြေအသုံးချမှုကောင်စီဖွဲ့စည်းခြင်းကို ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ပြည်ထောင်စုအစိုးရ အဖွဲ့၊ အမိန့်ကြော်ငြာစာအမှတ် ၁၅/၂၀၁၈ ဖြင့်ဖွဲ့စည်းခဲ့ပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဥက္ကဌ အဖြစ် တာ၀န်ယူဦးဆောင်ခဲ့သည်။ ထိုကောင်စီသည် ထိုအချိန်မှစတင်၍ အမျိုးသားမြေအသုံးချမှုကောင်စီ၏ ပုံမှန်အစည်းအေ၀းကို (၆)လတစ်ကြိမ်ပြုလုပ်ကျင်းပရာမှ ယခုချိန်ထိ (၅)ကြိမ်ခန့်ပြီးစီးလုပ်ဆောင်လာခဲ့သည် ကိုတွေ့ရှိရပါသည်။ ထို့ပြင် အမျိုးသားမြေအသုံးချမှုကောင်စီသည် အမျိုးသားမြေဥပဒေဆိုင်ရာဆက်စပ်လုပ်ငန်း ဖြစ်သော မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် ရေးဆွဲအကောင်အထည်ဖော်ခြင်း လုပ်ငန်းအစည်းအေ၀းများကို သော်လည်းကောင်း၊ အမျိုးသားမြေအသုံးချမငကောင်စီ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်း စဉ်များစုပေါင်းဖော်ထုတ်နိုင်ရေးအတွက် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအေ၀းများကို သော်လည်းကောင်း၊ အခြားသောလုပ်ငန်းအစည်းအေ၀းများကိုသော်လည်းကောင်း ဆက်လက်ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ၂၀၁၈ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် အမျိုးသားမြေအသုံးချကော်မတီ ဖွဲ့စည်း ခြင်းများကို စတင်လုပ်ဆောင်လာခဲ့ပြီး အချို့သောဒေသများတွင် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်ထိ တိုးချဲ့ ဖွဲ့စည်းခြင်းများကိုလုပ်ဆောင်မှုများရှိလာသည်ကို တွေ့ရှိရပါသည်။

အမျိုးသားမြေအသုံးချမှုကောင်စီမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများတွင် ပူးပေါင်းဆောင် ရွက်ရေးအတွက် အမျိုးသားမြေအသုံးချမှုကောင်စီနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသည့် ဥရောပ သမဂ္ဂ The European Union (EU)၊ ဆွစ်ဇာလန်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ Swiss Agency for Development Cooperation (SDC) တို့အကြား တွေ့ဆုံဆွေးနွေးမှုမှတ်တမ်း Record of Discussin (RoD) ကို ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ ထို့ပြင် အဆိုပါ RoD လက်မှတ်ရေးထိုးထားသည့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် EU က မြန်မာနိုင်ငံ မြေယာကဏ္႑ ပြုပြင်ပြောင်းလဲမှုအထောက်အပံ့ပြုနိုင်ရေးအတွက် ဘက်စုံမြေအသုံးချမှုစီမံကိန်းရေးဆွဲခြင်းနှင့် စီမံခန့်ခွဲခြင်း မြှင့်တင်ခြင်းဆိုင်ရာ စီမံကိန်း (Promoting Integrated Land Use Planning and Management in Myanmar) ကို ကူညီထောက်ပံ့ရန် ခန့်မှန်းယူရိုငွေ (၅)သန်းဖြင့် စီမံကိန်းကာလ (၄)နှစ်ကို ကမ်ဘာ့စားနပ်ရိက္ခာ အဖွဲ့အစည်း (Food and Agriculture –FAO) မှတဆင့် ကူညီသွားမည်ဟုလည်း ဖော်ပြထားရှိပါသည်။

အမျိုးသားမြေအသုံးချမှုကောင်စီသည် အမျိုးသားမြေဥပဒေတစ်ရပ် ထွက်ပေးလာနိုင်ရေးအတွက် လုပ်ငန်း ကော်မတီများနှင့် လုပ်ငန်းစဉ်များကိုချမှတ်ဖော်ဆောင်လာရာတွင် ၁.၈.၂၀၁၉ ရက်နေ့တွင် အမိန့်ကြေငြာစာ အမှတ် ၃/၂၀၁၉ဖြင့် အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီသည် ၂.၁၀.၂၀၁၉ ရက်နေ့တွင် ပြုလုပ်ကျင်းပသည့် ပထမ အကြိမ်လုပ်ငန်းကော်မတီအစည်းအေ၀းမှ ဆွေးနွေးအတည်ပြုချက်များနှင့်အညီ အမျိုးသားမြေဥပဒေမူကြမ်း ရေးဆွဲရေးလုပ်ငန်းစီမံချက်များပေါ်ပေါက်လာရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို်လုပ်ဆောင်ခဲ့ပြီး လုပ်ငန်း ကော်မတီ၏ လုပ်ငန်းစီမံချက်ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို ၁၉.၁၂.၂၀၁၉ ရက်နေ့နှင့် ၂၀.၁၂.၂၀၁၉ ရက်နေ့တွင်လည်းကောင်း၊ ၂၉.၁.၂၀၂၀ ရက်နေ့နှင့် ၃၀.၁.၂၀၂၀ ရက်နေ့တွင်လည်းကောင်း (၂)ကြိမ်ပြုလုပ်ခဲ့သည်။ ၁၇.၇.၂၀၂၀ ရက်နေ့တွင်ပြုလုပ်ကျင်းပသော အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ်ဆွေးနွေးပွဲတွင် လုပ်ငန်းစီမံချက်ကို အတည်ပြုခဲ့သည်။ ထို့ကြောင့် ၁၇.၈.၂၀၂၀ ရက်နေ့ တွင်ထုတ်ပြန်သော အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏ အသိပေးကြေညာခြင်းတွင် အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းစီမံချက် (မူကြမ်း)နှင့် စပ်လျဉ်း၍ ၁၅.၉.၂၀၂၀ ရက်နေ့နောက်ဆုံးထား၍ အကြံပြုချက်များပေးပို့နိုင်ရန်အတွက် အသိပေးကြေညာခြင်းကို ပြုလုပ်လာပါသည်။

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးလုပ်ငန်းစီမံချက်(မူကြမ်း)အရ အမျိုးသားမြေဥပဒေရေးဆွဲခြင်းလုပ်ငန်းစဉ် များကို ၂၀၂၀ပြည့်နှစ် နေ့လည်ပိုင်းမှစတင်လုပ်ဆောင်လာသည်ကိုတွေ့ရှိရပြီး ၂၀၂၂ခုနှစ်ထိ လုပ်ဆောင်သွား မည်ဟု ဖော်ပြထားရှိပါသည်။ အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးလုပ်ငန်းစီမံချက် အလုပ်ရုံဆွေးနွေးပွဲမှ အဓိက အကြောင်းအရာ(၂၅)ခုကို ဖော်ထုတ်ထားပြီး ထိုအထဲမှ အဓိကလုပ်ငန်းစီမံချက်ကြီး (၃)ခုမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။        အမျိုးသားမြေဥပဒေ(မူကြမ်း)ရေးဆွဲရေးလုပ်ငန်းစီမံချက်ကို ပြည်သူသို့ချပြခြင်း၊ တိုင်ပင်ဆွေးနွေးခြင်း၊
၂။        အမျိုးသားမြေဥပဒေ(မူကြမ်း) ရေးဆွဲရန် ကြိုတင်ပြင်ဆင်ခြင်းများ၊
၃။        အမျိုးသားမြေဥပဒေ(မူကြမ်း) ရေးဆွဲခြင်းများ၊

ဤစီမံချက်လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းကော်မတီသည် လိုအပ် သော အထောက်အကူပြုလုပ်ငန်းအဖွဲ့၊ နည်းပညာအကြံပေးအဖွဲ့နှင့် အခြားပြင်ပ ပညာရှင်များ၊ အကျိုးသက် ဆိုင်သူကိုယ်စားလှယ်များ ပါ၀င်သောလုပ်ငန်းအဖွဲ့ငယ်များကို ဖွဲ့စည်းခြင်းနှင့် ၎င်းတို့၏ လုပ်ငန်းတာ၀န်များ သတ်မှတ်ခြင်းကိုဆောင်ရွက်ခွင့်ရှိသည်။ လုပ်ငန်းအဖွဲ့ငယ်များ၏ အဖွဲ့ခေါင်းစဉ်များနှင့်ဆက်စပ်၍ သက်ဆိုင်ရာ ၀န်ကြီးဌာနများသည် အဖွဲ့ခေါင်းဆောင်များအနေဖြင့်သော်လည်းကောင်း၊ အဖွဲ့၀င်များအနေဖြင့်သော်လည်း ကောင်း၊  အတွင်းရေးမှူးအဖြစ်သော်လည်းကောင်းပါ၀င်ကြပြီး အရပ်ဘက် လူမှုအသင်းအဖွဲ့မှကိုယ်စားလှယ် အချို့သည်လည်း ပါ၀င်လာကြသည်ကိုတွေ့ရှိကြရပါသည်။ ထို့ကြောင့် ၂၀၂၀ပြည့်နှစ်၊ နှောင်းပိုင်း အချိန်မှ စတင်၍ လုပ်ငန်းအဖွဲ့ငယ်များ၏ လုပ်ငန်းအကောင်အထည်ဖော်မှုများကို စတင်လုပ်ဆောင်လာမှုများရှိလာ သည်ကို တွေ့ရှိရပါသည်။ လုပ်ငန်းကော်မတီသည် အဖွဲ့(၇)ဖွဲ့ပါသောလုပ်ငန်းအဖွဲ့ငယ်များကို ဖွဲ့စည်းထားရှိပြီး ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။

၁။        ဥပဒေများသဟဇာတဖြစ်ရေး၊ အဂတိကင်းစင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ မြေစီမံခန့်ခွဲမှုဆိုင်ရာ ဖွဲ့စည်းပုံ အဆင့်ဆင့်၊ အမျိုးသားအဆင့် ပေါင်းစပ်ညှိနှိုင်းရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ငယ်
၂။        မြေမျိုးနှင့် မြေအတန်းအစားခွဲခြားခြင်း၊ မြေသတင်းအချက်အလက်စနစ်၊ မြေအသုံးချမှုစီမံကိန်း၊ ဇုန်သတ်မှတ်ခြင်းနှင့် မြေပုံရေးဆွဲခြင်း၊ မြို့ပြမြေအသုံးချမှု၊ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ငယ်
၃။        လုပ်ပိုင်ခွင့်၊ ပိုင်ဆိုင်မှု၊ မြေသိမ်းခြင်း၊ မြေယာလျော်ကြေးနှင့် နစ်နာကြေးပေးခြင်း၊ အဓမ္မနှင်ထုတ်ခြင်း၊ မြေအငြင်းပွားမှုဖြေရှင်းဆောင်ရွက်ခြင်း၊ မူလမြေပြန်ပေးခြင်း သို့မဟုတ် အစားထိုးဖြည့်ဆည်း ပေးခြင်း၊ မြေယာကျူးကျော်ခြင်းဆိုင်ရာကိစ္စရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့ငယ်
၄။        ဒေသခံတိုင်းရင်းသားများနှင့် ဓလေ့ထုံးတမ်းမြေယာလုပ်ပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းအဖွဲ့ငယ်
၅။        မြေခွန်၊ အခွန်အခဆိုင်ရာ လုပ်ငန်းအဖွဲ့ငယ်
၆။        ဘတ်ဂျက်၊ အလှူရှင်၊ အင်ဂျီအိုပေါင်းစပ်ညှိနှိုင်းရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ငယ်
၇။        ပြည်သူသို့ သတင်းဖြန့်ေ၀ရေးနှင့် အွန်လိုင်းပေါ်တယ်စနစ်ဆိုင်ရာ လုပ်ငန်းအဖွဲ့ငယ်

လက်ရှိအချိန်ထိ မြန်မာနိုင်ငံ၏ မြေယာပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ကို ပြန်လည်သုံးသပ်ခြင်း

၂၀၁၂ခုနှစ် သမ္မတဦးသိန်းစိန်ဦးဆောင်သော အစိုးရလက်ထက်တွင်လည်းကောင်း၊ ၂၀၁၅ခုနှစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သော အစိုးရသစ်လက်ထက်တွင်လည်းကောင်း နိုင်ငံ၏ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်နှင့်အတူ မြေယာကဏ္႑ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သော်လည်း သိသာထင်ရှားသော ပြောင်းလဲမှုများ၊ အောင်မြင်မှုများကို လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိသည်ကို လက်တွေ့အခြေအနေများမှ သက်သက် ပြလျက်ရှိနေပါသည်။ အသစ်ပြဌာန်းလိုက်သော မြေနှင့်ဆက်စပ်သောဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် မူဝါဒများကြောင့် မြေအခြေပြုအသက်မွေး၀မ်းကျောင်းပြုရသောသူများ၊ တောင်သူလယ်သမားများ၊ အလုပ် သမားများနှင့် ဌာနေတိုင်းရင်းသားတို့၏ မြေယာအခွင့်အရေးကိုအကာအကွယ်ပေးသည်ထက် အခွင့်ထူးခံ လူတန်းစားများ၏ မြေပိုင်ဆိုင်မှုများ၊ ၎င်းတို့မတရားသိမ်းယူထားသော မြေများကို တရား၀င်မှုရှိအောင် အကာ အကွယ်ပေးသကဲ့သို့ ဖြစ်စေပါသည်။ ထို့ကြောင့် ဒေသခံပြည်သူများသည် ၎င်းတို့၏ ဘိုးစဉ်ဘောင်ဆက်ပိုင် ဆိုင်လာမြေများ၊ ဓလေ့ထုံးတမ်းအရပိုင်ဆိုင်သောမြေများ အထူးသဖြင့် ဌာနေတိုင်းရင်းသားများ၏ အစဉ်အဆက်ပိုင်ဆိုင်လာခဲ့သောမြေများသည် မတရားသိမ်းဆည်းခြင်းများ၊ တရားစွဲဆိုခံရခြင်း၊ ထောင်သွင်း အကျဉ်းချခံထားရခြင်းများနှင့်အတူ ၎င်းတို့၏မြေယာများကို ဆုံးရှုံးရခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးသက် ရောက်မှုများဖြစ်သော အသက်မွေး၀မ်းကျောင်းများထိခိုက်ပျက်ဆီးခြင်း၊ လူမှုစီးပွားထိခိုက်ပျက်ဆီးခြင်းများ သည် နိုင်ငံအ၀ှမ်းတွင် ဆက်လက်ဖြစ်ပေါ်စေခဲ့ပါသည်။ ၂၀၁၅ခုနှစ် အစိုးရသစ်လက်ထက်တွင် အချို့သော မြေယာဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ခဲ့သော်လည်း သိသာထင်ရှားသောပြောင်းလဲတိုးတက်မှုများကို မပြုလုပ်နိုင်ဘဲ ရှိနေပါသည်။

တစ်ပြိုင်နက်တည်းတွင် မြေယာဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် ညှိနှိုင်း ဆွေးနွေးမှုများကိုပြုလုပ်လာခဲ့ရာမှ ၂၀၁၇ခုနှစ်၊ မေလတွင်ကျင်းပပြုလုပ်သော (၂၁)ရာစု ပင်လုံညီလာခံ၏ ဒုတိယအကြိမ်အစည်းအေ၀းနှင့် ၂၀၁၈ခုနှစ်တွင်ပြုလုပ်သော (၂၁)ရာစု ပင်လုံညီလာခံ၏ တတိယအကြိမ် အစည်းအေ၀းတွင် မြေနှင့်သဘာ၀ပတ်၀န်းကျင်ကဏ္႑ သဘောတူညီမှုအချက်(၁၂)ချက်အပါအ၀င် အခြေခံ သဘောတူညီချက်(၅၁)ချက်ကို ပြည်ထောင်စုသဘောတူညီချက်စာချုပ် အစိတ်အပိုင်း(၁)နှင့်(၂)တွင် သဘော တူညီလက်မှတ်ရေးထိုးခဲ့သည်။ ဤသဘောတူညီချက်(၅၁)ချက်ကို လွှတ်တော်တွင်အတည်ပြုပြီးဖြစ်သော် လည်း ယနေ့ထိတိုင် အကောင်အထည်ဖော်အသက်၀င်မှုမရှိသေးသည်ကိုတွေ့ရှိရပါသည်။ ထို့ကြောင့် ဤ (၂၁)ရာစုပင်လုံညီလာခံမှ မြေနှင့်သဘာ၀ပတ်၀န်းကျင် ဆိုင်ရာသဘောတူညီမှုများကိုပြန်လည်သုံးသပ်မည် ဆိုလျှင် ဖက်ဒရယ်မြေစီမံအုပ်ချုပ်မှုအတွက် အားကောင်းခိုင်မာသောသဘောတူညီချက်များမဟုတ်ဘဲ အထူးသဖြင့် ဌာနေတိုင်းရင်းသားများ၏ မြေပိုင်ဆိုင်ခွင့်နှင့် စီမံခန့်ခွဲခွင့် စသောအကြောင်းအရာများမပါ၀င်ဘဲ သဘောတူညီချက်ပါအချက်များကို တည်ဆဲဥပဒေများနှင့်အညီသာ ဆုံးဖြတ်စီမံသွားသည့်သဘောတရား များသာဖြစ်သည်။ ထို့ပြင် ဖက်ဒရယ် မြေယာအုပ်ချုပ်စီမံမှုကို ဖော်ဆောင်သောသဘောတရားများကို ဤသဘောတူညီချက်များတွင် မတွေ့ရှိပေ။ အထူးသဖြင့် စစ်တပ်၏ မြေသိမ်းဆည်းမှုများတွင်ပါ၀င်ပတ်သက်မှု၊ ပြည်တွင်းစစ်နှင့်စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသောသူများ၏ မြေယာဆိုင်ရာ အခွင့်အရေးအခြေအနေများနှင့်ပတ်သက်၍ မည်သို့ကိုင်တွယ် ဖြေရှင်းမည်စသောအချက်များကို မတွေ့ရှိရဘဲ ဖြစ်နေပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတဆင့် မြေယာကဏ္႑ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်များသည် ဖက်ဒရယ်မြေယာစီမံအုပ်ချုပ်မှုနှင့်ပတ်သက်၍ သိသာထင်ရှား သောအောင်မြင်မှုများရရှိဘဲ လက်ရှိတည်ဆဲ ဥပဒေများနှင့်လုပ်ထုံးလုပ်နည်းများ၊  မူဝါဒများနှင့်အညီသာ ပြောင်းလဲမှုများကိုသာပြုလုပ်ရန် သဘောတူညီ သော အဆင့်သာဖြစ်သည့် သဘောတူညီမှုများသာဖြစ်နေပါသည်။

(၂၁)ရာစုပင်လုံနှင့် အမျိုးသားမြေဥပဒေပေါ်ထွက်ရေးလုပ်ငန်းစဉ်များအကောင်အထည်ဖော်ခြင်း ချိန်ကိုက်ခြင်း

မြန်မာနိုင်ငံအစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းများအကြား  နိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲဖြစ်သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံညီလာခံ စတုတ္တ အကြိမ်ကို ၂၀၂၀ပြည့်နှစ် သြဂုတ်လလယ်ပိုင်းတွင် ပြုလုပ်ပြီးစီးခဲ့ပြီးဖြစ်သည်။ ဤအစည်းအေ၀းတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို သဘောတူညီမှုပြုလုပ်ခဲ့ပြီး သဘောတူညီချက်(၂၀)ချက် နှင့် ၂၀၂၀အလွန် အဆင့်လိုက် လုပ်ငန်းစဉ်နှင့် အဆင့်လိုက်အကောင်အထည်ဖော်မှုများကို ရရှိခဲ့ပါသည်။ ယေဘုယျအားဖြင့် ယခင်(၂၁)ပင်လုံညီလာခံမှ သဘောတူညီထားသော အချက်(၅၁)ချက်ကို အကောင် အထည်ဖော်ရန်အတွက် ဤစတုတ္တအကြိမ်အစည်းအေ၀း၏ သဘောတူညီချက်အစိတ်အပိုင်း(၃)၏ အပိုင်း(၁) တွင်ဖော်ပြထားရှိပြီး ၂၀၂၀အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နှင့် အဆင့်လိုက်အကောင်အထည်ဖော်မှုကို အပိုင်း(၂)နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွန်အခြေခံမူများကို အပိုင်း(၃)တွင် ဖော်ပြထားရှိပါသည်။ အခြားတစ်ဘက်တွင် အမျိုးသားမြေဥပဒေ တစ်ရပ်ပေါ်ထွက်လာရေးအတွက် အမျိုးသားမြေအသုံးချမှုကောင်စီမှ ဦးဆောင်၍ဆောင်ရွက်နေသော လုပ်ငန်း စဉ်များသည်လည်း ၂၀၂၀ပြည့်နှစ် နှစ်လည်ပိုင်း လက်ရှိပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ ညီလာခံ စတုတ္တအကြိမ်ပြီးဆုံးချိန်တွင် ပို၍ရုပ်လုံးပေါ်လွင်လာသည်ကိုတွေ့ရှိရပါသည်။

အမျိုးသားမြေဥပဒေ(မူကြမ်း)လုပ်ငန်းစီမံချက်ပါ ဖော်ပြချက်များအရ လုပ်ငန်းအကောင်အထည်ဖော်ခြင်းများကို ၂၀၂၀ပြည့်နှစ် နှစ်လယ်ပိုင်းမှစတင်အကောင်အထည်ဖော်နေပြီဖြစ်သည်ကို သိရှိနိုင်ပါသည်။ ထို့ကြောင့် ထိုလုပ်ငန်းစီမံချက်ပါ လုပ်ငန်ဖြစ်စဉ်နှင့်အစီအစဉ်များအရ မည်မျှပွင့်လင်းမြင်သာမှု၊ ကျယ်ကျယ်ပြန့်ပြန်လုပ် ဆောင်နေမှု၊ ပါ၀င်သောကိုယ်စားလှယ်များ၏ ကိုယ်စားပြုမှုနှင့်ပါ၀င်ခွင့်၊ လွတ်လပ်မှုနှင့် တရားမျှတမှု၊ အချိန် ပိုင်းဆိုင်ရာလုံလောက်မှုနှင့် သက်ဆိုင်ရာဒေသခံပြည်သူများ၊ အုပ်စုများနှင့် အဖွဲ့အစည်းများအား လွတ်လပ် သော ကြိုတင်အသိပေး အကြောင်းကြားသဘောတူညီမှုရယူခြင်းများလုပ်ဆောင်သည်နှင့်ပတ်သက်၍ လက်ရှိ အချိန်ထိ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းများကို သုံးသပ်ရန်လိုအပ်ပါသည်။ ထို့ပြင် အမျိုးသားမြေဥပဒေ တစ်ရပ် ထွက်ပေါ်လာရန်အတွက် ၎င်းတို့၏ လွတ်လပ်တရားမျှတစွာဖြင့် ဆုံးဖြတ်ခွင့်၊ ရပ်တည်မှုများကိုလည်း မေးမြန်းရန်လိုအပ်လာပါသည်။

၂၀၁၆ခုနှစ်၊ ဇန်နဝါရီလတွင်အတည်ပြုလိုက်သော အမျိုးသားမြေအသုံးချမှုမူဝါဒအရ ဖွဲ့စည်းလိုက်သော အမျိုး သားမြေအသုံးချမှုကောင်စီသည် ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြေငြာစာအမှတ် ၁၅/၂၀၁၈ဖြင့် ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက်နေ့တွင် ဖွဲ့စည်းလိုက်သော ကောင်စီဖြစ်သည်။  အမျိုးသားမြေအသုံးချမှုကောင်စီတွင် အဖွဲ့၀င်စုစုပေါင်း (၁၅)ဦးပါ၀င်၍ ဒုတိယသမ္မတ(၂)မှာ ကောင်စီ၏ ဥက္ကဌဖြစ်ပြီး ပြည်ထောင်စု၀န်ကြီး၊ သယံ ဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာနမှ အတွင်းရေးမှူးအဖြစ် ပါ၀င်ဖွဲ့စည်းထားသော ကောင်စီတစ်ခုဖြစ်သည်။ အမျိုးသားမြေဥပဒေ(မူကြမ်း) လုပ်ငန်းစီမံချက်တွင် ဖော်ပြထားချက်အရ  အထောက် အကူပြုလုပ်ငန်းအဖွဲ့၊ လုပ်ငန်းအဖွဲ့ငယ်များမှ ပြင်ဆင်ထားသော ဥပဒေမူကြမ်းကို လုပ်ငန်းကော်မတီ မှတဆင့် အမျိုးသားမြေအသုံးချမှုကောင်စီသို့တင်ပြခြင်းကိုပြုလုပ်ရမည်ဖြစ်ပြီး အမျိုးသားမြေအသုံးချမှုကောင်စီသည် တင်ပြလာ အမျိုးသားမြေဥပဒေစိစစ်ခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရန်အတွင် တာ၀န်ရှိသော ကောင်စီဖြစ်သည်။ ဤအမျိုးသားမြေအသုံးချမှုကောင်စီ၏ ဖွဲ့စည်းပုံကိုကြည့်မည်ဆိုလျှင် ပါ၀င်သောသော သူများသည် ပြည်ထောင်စုအဆင့်ရှိသက်ဆိုင်ရာ၀န်ကြီးဌာနမှ အထက်တန်းအဆင့်တာ၀န်ရှိသူများဖြစ်ကြ သည်။ ထို့ကြောင့် ဖက်ဒရယ် မြေယာအုပ်ချုပ်စီမံမှုအတွက် သို့မဟုတ် ဒေသခံဌာနေတိုင်းရင်းသားများ သို့မဟုတ် မြေအခြေပြု အသက်မွေး၀မ်းကျောင်းပြုသော အခြေခံလူတန်းစားများနှင့် တောင်သူလယ်သမားများ၏ မြေယာ ဆိုင်ရာအခွင့်အရေး လုံခြုံစိတ်ချမှု ကို််ထင်ဟပ်သော အမျိုးသားမြေဥပဒေတစ်ရပ်ပေါ်ထွန်းလာရန်အတွက် ၎င်းတို့သည် မည်မျှလုပ်ဆောင်နိုင်မည်၊ မည်မျှစိတ်ဆန္ဒရှိမည်နှင့် မည်သို့လုပ်ဆောင်မည် စသော ၎င်းတို့၏ လွတ်လပ်တရားမျှတစွာ ဆောင်ရွက်နိုင်မှုကို စောင့်ကြည့်ရန်လိုအပ်ပါသည်။

အမျိုးသားမြေအသုံးချမှုကောင်စီသည် တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော် ကောင်စီ) တို့၏ မြေအသုံးချမှုကော်မတီများဖွဲ့စည်းခြင်းများကို ဆောင်ရွက်ရန်တာ၀န်ရှိသည်နှင့်အညီ ၂၀၁၈ခုနှစ် နှောင်းပိုင်းမှစတင်၍ တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော် ကောင်စီ) မြေအသုံးချမှုကော်မတီဖွဲ့စည်းခြင်းများကို ၂၀၁၈ခုနှစ်နှောင်းပိုင်းမှစတင်၍ ကော်မတီဖွဲ့စည်းခြင်းများကို ဆောင်ရွက်လာကြသည်။ ကယား(ကရင်နီ)ပြည်တွင်လည်း ပြည်နယ်အဆင့် မြေအသုံးချမှုကော်မတီဖွဲ့စည်း ခြင်းကို ၂၀၁၈ခုနှစ်၊ အောက်တိုဘာလတွင် လုပ်ဆောင်ခဲ့ပြီး ခရိုင်အဆင့်ထိတိုးချဲ့ဖွဲ့့စည်းနိုင်ရန်အတွက်လည်း ညွန်ကြားမှုများ လည်းရှိခဲ့သည်။ ပြည်နယ်၏၀န်ကြီးချုပ်သည် ပြည်နယ် မြေအသုံးချမှုကော်မတီ၏ ဥက္ကဌဖြစ်ပြီး ညွန်ကြားရေးမှူး၊ ပြည်နယ်သစ်တောဦးစီးဌာနသည် အတွင်းရေးမှူးဖြစ်သည်။ ဤပြည်နယ်အဆင့် မြေအသုံးချမှုကော်မတီဖွဲ့စည်းပုံတွင် အလွှာ(၂၂)လွှာရှိပြီး စုစုပေါင်း(၂၇)ဦးပါ၀င်သော ကော်မတီတစ်ခုဖြစ် သည်။ ကော်မတီ၏ အလွှာ(၁၇)လွှာတွင် သက်ဆိုင်ရာ ၀န်ကြီးဌာနနှင့်ဦးစီးဌာနမှ ကိုယ်စားလှယ်(၁၇)ဦးပါ၀င် ၍ ကျန်ရှိသော အလွှာ(၅)လွှာ၏ ကိုယ်စားလှယ် (၁၀)ဦးတွင် အရပ်ဘက်လူမှုအသင်းအဖွဲ့မှကိုယ်စားပြု ရွေှးချယ်ထားသောကိုယ်စားလှယ်(၄)ဦး၊ တောင်သူလယ်သမားကိုယ်စားလှယ် (၂)ဦး၊ ဒေသခံတိုင်းရင်းသား ကိုယ်စားလှယ်(၂)ဦးနှင့် ရပ်မိရပ်ဖကိုယ်စားလှယ်(၂)ဦး စသည်တို့ပါ၀င်သည်။ ထို့ကြောင့် ဒေသခံပြည်သူလူထု နှင့် ပတ်သက်သော အရေးပါသည့် ဆုံးဖြတ်ချက်များ ဆုံးဖြတ်ရန်ကိစ္စ တစ်စုံတစ်ရာပေါ်ပေါက်လာပါက သို့မဟုတ် အဆိုပြုပါက အများစုသဘောအရ မည်သို့မှပင် အစိုးရဌာနမှကိုယ်စားလှယ်များ၏ သဘောထားကို ကျော်လွန်ရန် မဖြစ်နိုင်သည်ကို သာဓကအနေဖြင့် သိသာထင်ရှားစွာ တွေ့မြင်နေရသည်။ ထို့ကြောင့် ဖက်ဒရယ် မြေယာအုပ်ချုပ်စီမံမှုအတွက် သို့မဟုတ် ဒေသခံဌာနေတိုင်းရင်းသားများ သို့မဟုတ် မြေအခြေပြု အသက်မွေး၀မ်းကျောင်းပြုသော အခြေခံလူတန်းစားများနှင့် တောင်သူလယ်သမားများ၏ မြေယာ ဆိုင်ရာအခွင့်အရေး လုံခြုံစိတ်ချမှု ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သော ဆုံးဖြတ်ချက်များပြုလုပ်ပါက မည်သို့ မျှ ကျော်လွန်၍ မဖြစ်နိုင်ဘဲ ဧကန်မုချရံှုးမည်သာဖြစ်ပါသည်။ လက်ရှိ ကယားပြည်နယ်၊ မြေအသုံးချမှုကော်မတီ ၏ အစည်းအေ၀းကို (၅)ကြိမ်ခန့်သာ ကျင်းပနိုင်ခဲ့ပြီး အစည်းအေ၀းခေါ်ယူနိုင်ခြင်းမရှိသည်မှာ တစ်နှစ်ကျော်ခန့် ပင်ရှိနေပြီး ကော်မတီယန္တရားသည် ရပ်တန့်နေသောဖြစ်စဉ်တစ်ခုဖြစ်နေပါသည်။

တဖန် ၁.၈.၂၀၁၉ ရက်နေ့တွင် အမိန့်ကြေငြာစာ အမှတ် ၃/၂၀၁၉ဖြင့် ဖွဲ့စည်းလိုက်သော အမျိုးသား မြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီကိုလည်း ပြန်လည်သုံးသပ်ရန်လိုအပ်ပါသည်။ ထို့ပြင် ထိုလုပ်ငန်းကော်မတီမှ အမျိုးသားမြေဥပဒေထွက်ပေါ်လာရန် အတွက် ဖွဲ့စည်းထားသော လုပ်ငန်းငယ်များ၊ လုပ်ငန်းအထောက်အကူပြုအဖွဲ့များတွင် ပါ၀င်သော သူများ၏ ပါ၀င်မှုအချိုးအရသော်လည်းကောင်း၊ ကိုယ်စားပြုမှုများအရသော်လည်းကောင်း မည်မျှပွင့်လင်းမြင်သာမှု၊ လွတ်လပ်တရားမျှတသော ဆုံးဖြတ်ချက်ချနိုင်မှုတို့နှင့် ပတ်သက်သောမေးခွန်းများ မေးမြန်းရန်လည်း လိုအပ်ပါ သည်။ အထူးသဖြင့် ဖက်ဒရယ် မြေယာအုပ်ချုပ်စီမံမှုအတွက် သို့မဟုတ် ဒေသခံဌာနေတိုင်းရင်းသားများ သို့မဟုတ် မြေအခြေပြု အသက်မွေး၀မ်းကျောင်းပြုသော အခြေခံလူတန်းစားများနှင့် တောင်သူလယ်သမားများ၏ မြေယာ ဆိုင်ရာအခွင့်အရေး လုံခြုံစိတ်ချမှု ဆိုင်ရာတို့နှင့်ပတ်သက်၍ ၎င်းတို့၏ပါ၀င်မှုများအားဖြင့် မည်မျှပံ့ပိုးမှု ပြုနိုင်မည်စသည်တို့မှာလည်း အရေးကြီးလှသည်။

ထို့ကြောင့် အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်း ကော်မတီ၏ဦးဆောင်မှုဖြင့် လုပ်ငန်းအဖွဲ့ငယ်များသည် အမျိုးသားမြေဥပဒေတစ်ရပ်ပေါ်ထွက်လာစေရန် လုပ်ငန်းစဉ်များကို စတင်အကောင်အထည်ဖော်နေပြီးဖြစ်သည်နှင့်အညီ ၎င်းတို့၏လုပ်ဆောင်မှုများသည် ဖက်ဒရယ် မြေယာအုပ်ချုပ်စီမံမှုအတွက် သို့မဟုတ် ဒေသခံဌာနေတိုင်းရင်းသားများ သို့မဟုတ် မြေအခြေပြု အသက်မွေး၀မ်းကျောင်းပြုသော အခြေခံလူတန်းစားများနှင့် တောင်သူလယ်သမားများ၏ မြေယာ ဆိုင်ရာအခွင့်အရေး လုံခြုံစိတ်ချမှု သေချာစေရန် အတွက် သက်ဆိုင်ရာကဏ္႑အသီးသီးမှပါ၀င် ပတ်သက်သူများနှင့် ထိရောက်ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်ရန်လိုအပ်ပါသည်။ ထိုသို့မဟုတ်ပါက ဤဖြစ်စဉ်များမှ ထွက်ပေါ်လာမည့် နောက်ဆက်တွဲဆိုးကျိုးသက်ရောက်မှုများသည် နိုင်ငံအတွက် အထူးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရက် တစ်ပြည်ထောင်စုတည်ဆောက်ရေး ဖြစ်စဉ်တို့နှင့် အနှောင့်အယှက်ဖြစ်စေမည့် ယန္တရားများအဖြစ် ဟန့်တား စေနိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဒေသခံဌာနေတိုင်းရင်းသားများနှင့် ဌာနေတိုင်းရင်းသားများ သို့မဟုတ် မြေအခြေပြု အသက်မွေး၀မ်းကျောင်းပြုသော အခြေခံလူတန်းစားများနှင့် တောင်သူလယ်သမားများ၏ မြေယာ ဆိုင်ရာအခွင့်အရေး လုံခြုံစိတ်ချမှု သေချာစေမည့်  အနာဂတ်မြေယာအုပ်ချုပ်စီမံမှုသစ်တစ်ရပ်ကို ဦးတည်သော ချဉ်းကပ်မှုများဖြင့်သာ ဦးစားပေးလုပ်ဆောင်ရမည်ဖြစ်ပါသည်။

အခြားရွေးချယ်စရာနည်းလမ်းများကို ရှာဖွေခြင်း သို့မဟုတ် လက်ရှိမူဘောင်အောက်မှကျော်လွန်ခြင်း

အနာဂတ်မြေယာအုပ်ချုပ်စီမံမှု သို့မဟုတ် ဖက်ဒရယ်မြေယာအုပ်ချုပ်စီမံမှုသစ်တစ်ရပ် ပေါ်ထွက်လာနိုင်စေရန် အတွက်   အမျိုးသားမြေအသုံးချမှုကောင်စီနှင့် ၎င်းမှဖွဲ့စည်းလိုက်သော အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ၏ အကောင်အထည်ဖော်ဆောင်ရွက်နေ သော လုပ်ငန်းစဉ်များသည် မည်သို့ချိတ်ဆက်နေသည် သို့မဟုတ် သွေဖယ်မှုရှိနေသည်ကိုလည်း ဤလုပ်ငန်း စီမံချက်မူကြမ်းကို အကောင်အထည်ဖော်မှုဖြစ်စဉ်ကို ကြည့်ရှု၍ သုံးသပ်ရန်လည်းလိုအပ်သည်။ ဖက်ဒရယ် မြေယာအုပ်ချုပ်စီမံမှုတစ်ရပ်ပေါ်ထွက်လာစေရန်အတွက် ဖက်ဒရယ်မြေယာဆိုင်ရာအရေးကိစ္စနှင့်ပတ်သက်၍ လှုပ်ရှားဆောင်ရွက်နေကြသော အဖွဲ့အစည်းနှင့်အသင်းအဖွဲ့များမှသော်လည်းကောင်း၊ မြေယာအခွင့်အရေးလှုပ် ရှားဆောင်ရွက်နေကြသော အဖွဲ့အစည်းများနှင့်ဒေသခံဌာနေတိုင်းရင်းသားများမှသော်လည်းကောင်း ပါ၀င်လှုပ် ရှားဆောင်ရွက်ကြသည်မှာ ကြာခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံ၏မြေယာကဏ္႑ပြုပြင်ပြောင်းလဲမှုအတွက် ခိုင်မာအားကောင်းသော မြေယာမူဝါဒတစ်ရပ်ပေါ်ထွက် လာရန်လိုအပ်သည်ကို ကဏ္႑နယ်ပယ်ပေါင်းစုံမှ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းနှင့်အသင်းအဖွဲ့များမှ အစိုးရမှ ပြင်ဆင်ထားသော အမျိုးသားမြေအသုံးချမှုမူဝါဒ(မူကြမ်း)နှင့် ဖြစ်စဉ်များအပေါ် ထောက်ပြခြင်း၊ အကြံပြုခြင်းကို နိုင်ငံနှင့်အ၀ှမ်းတွင် မြေယာအရေးလှုပ်ရှားဆောင်ရွက်နေကြသော အသင်းအဖွဲ့များနှင့် အဖွဲ့အစည်းများ၊ ကွန်ရက်များ၊ တစ်သီးပုဂ္ဂလနှင့် ကျွမ်းကျင်သူတို့ှ ပုံစံမျိုးစုံဖြင့် ၀ိုင်း၀န်းလှုပ်ရှားဆောင်ရွက်မှုများကြောင့် ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလတွင် ထွက်ရှိလာသော အမျိုးသားမြေအသုံးချမှုမူဝါဒပါ ဖော်ပြချက်များကို သိရှိနိုင်ပါ သည်။ သို့သော်လည်း ဤမူဝါဒအပေါ်တွင် လက်ခံနိုင်မှုအဆင့်များသည် ယနေ့ထိတိုင်ကွဲပြားနေဆဲဖြစ်ပြီး ဤမူဝါဒသည် လူထုလူတန်းစားများအားလုံး အထူးသဖြင့် မြေယာအခြေပြုအသက်မွေး၀မ်းကျောင်းပြုကြသော အခြေခံလူတန်းစားများနှင့် တောင်သူလယ်သမားများ၊ ဌာနေတိုင်းရင်းသားတို့၏ မြေယာဆိုင်ရာအခွင့်အရေးကို လွှမ်းခြုံလုံခြုံမှုမပြုနိုင်ဟူသော ရှုထောင့်မှချဉ်းကပ်လျင် ဖြစ်သည်။

၂၀၁၆ခုနှစ်၊ ဇန်နဝါရီလတွင် ပြဌာန်းလိုက်သော အမျိုးသားမြေအသုံးချမှုမူဝါဒသည် မြန်မာနိုင်ငံ၏ မြေနှင့်တိုက် ရိုက်သက်ဆိုင်သော ပထမဆုံးသောမူဝါဒတစ်ခုဖြစ်လာပြီး ထိုမူဝါဒကိုအခြေခံသော အမျိုးသားမြေဥပဒေသစ် တစ်ရပ်ပေါ်ထွန်းလာစေရေးအတွက်လည်း ဖော်ပြထားရှိပါသည်။ ထို့ကြောင့် ၂၀၁၈ခုနှစ်မှစတင်၍ အမျိုးသား မြေအသုံးချမှုကောင်စီမှ အမျိုးသားမြေဥပဒေသစ်တရပ် ထွက်ပေါ်လာစေရေးအတွက်စတင်လုပ်ဆောင်ရာမှ ၂၀၂၀ပြည့်နှစ်၊ နှစ်လယ်ပိုင်းတွင် အမျိုးသားမြေဥပဒေမူကြမ်းထွက်ပေါ်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍  အများပြည်သူသို့ အသိပေးခြင်းကိုလုပ်ဆောင်လာသည်ကို တွေ့ရှိရပါသည်။ ဤလုပ်ငန်းစီမံချက်(မူကြမ်း) ဖော်ပြချက်အရ အမျိုးသားမြေဥပဒေမူကြမ်းတစ်ရပ်ပေါ်ထွက်လာရေးကို လုပ်ငန်းအဖွဲ့ငယ်များဖွဲ့စည်းခြင်း၊ လုပ်ငန်းအစီအစဉ်နှင့် အချိန်သတ်မှတ်ချက်များဖြင့်ချမှတ်၍ ဆောင်ရွက်သွားမည်ကိုလည်း ဖော်ပြထားသည်။ ဤလုပ်ငန်း အစီအစဉ်(မူကြမ်း)နှင့်ပတ်သက်၍ ၁၇.၈.၂၀၂၀ ရက်နေ့တွင် အများပြည်သူသို့အသိပေး ကြေညာခြင်းပြုလုပ်၍ ၁၅.၉.၂၀၂၀ ရက်နေ့နောက်ဆုံးထား အကြံပြုချက်ပေးနိုင်ရန် ထုတ်ပြန်ထားပြီး ဖြစ်သည်နှင့်အညီ ၎င်းတို့၏ လုပ်ငန်းစီမံချက်များအတိုင်း ဆက်လက်အကောင်အထည်ဖော်သွားရန်သာ ရှိတော့ မည်ဖြစ်သည်။

ထို့ကြောင့် ဖက်ဒရယ်မြေယာအုပ်ချုပ်စီမံမှုသစ်တစ်ရပ်ပေါ်ထွက်လာရန်အတွက် လှုပ်ရှားဆောင်ရွက်ကြသော အင်အားစုများအနေဖြင့် ဖက်ဒရယ်မြေယာဥပဒေသစ်တစ်ရပ်ပေါ်ထွန်းလာရေးအတွက် ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်ရန်လိုအပ်လာပါသည်။ မိမိတို့၏ မူလရည်မှန်းချက်များအတိုင်းရောက်ရှိရန် အတွက် လက်ရှိ လုပ်ငန်းစီမံချက်(မူကြမ်း)ပါအစီအစဉ်နှင့် ယန္တရားများအောက်မှမဟုတ်ဘဲ သီးခြားလွတ်လပ်သော သို့မဟုတ် အခြားရွေးချယ်စရာနည်းလမ်းများဖြင့် အလျင်အမြန်ဖန်တီးလုပ်ဆောင်အကောင်အထည်ဖော်သွား ရန် လိုအပ်နေပါသည်။ ဤလက်ရှိလုပ်ငန်းစီမံချက်(မူကြမ်း)ပါ အစီအစဉ်နှင့် ယန္တရားများအောက်တွင်ပါ၀င်၍ မိမိတို့၏ မူလရည်မှန်း ချက်များရောက်ရှိအောင် တဆင့်ချင်းလုပ်ဆောင်သွားမည်ဟူသော ယူဆချက်သည် စွန့်စားမှုများသော စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ လက်ရှိ လုပ်ငန်းစီမံချက်(မူကြမ်း)ပါဖော်ပြချက်များအရ အမျိုးသားမြေဥပဒေ(မူကြမ်း)တစ်ရပ်ထွက်ပေါ်လာရန်အတွက် ဖွဲ့စည်းထားသော လုပ်ငန်းအဖွဲ့ငယ်များ၊ လုပ်ငန်းအထောက်အကူပြုအဖွဲ့အစည်းများသည် အကောင်အထည်ဖော်ပြုစုပြင်ဆင်၍ အမျိုးသားမြေအသုံးချမှု ကောင်စီသို့တင်ပြရမည်ဖြစ်ရာ အမျိုးသားမြေအသုံးချမှုကောင်စီသည် အမျိုးသားမြေဥပဒေ(မူကြမ်း)စိစစ် အတည်ပြုခြင်းအတွက် အဓိကျသောကောင်စီတစ်ရပ်ဖြစ်သည်ကိုတွေ့ရပါသည်။ ထိုနောက်မှသာ ဥပဒေပြုခြင်း လုပ်ငန်းစဉ်များကိုဆက်လက်သွားမည်ဖြစ်ရာ ထိုအမျိုးသားမြေအသုံးချမှုကောင်စီသည် မည်မျှလွှတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာစွာဖြင့် လုပ်ဆောင်နိုင်မည်ကို မသိရှိနိုင်ပါ။ အမျိုးသားမြေအသုံးချမှုကောင်စီ၏ ဖွဲ့စည်းပုံကိုသုံးသပ်မည်ဆိုလျှင်လည်း ဗဟိုချုပ်ကိုင်မှုအပြည့်ရှိသော ဖွဲ့စည်းပုံတစ်ရပ်အဖြစ် သိသာထင်ရှားစွာ တွေ့မြင်ရပါသည်။ ဤအမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးလုပ်ငန်းစီမံချက်(မူကြမ်း)အစီအစဉ်နှင့် ယန္တရား အောက်မှသွားမည်ဆိုလျှင် ထိုဖြစ်စဉ်များ၏ အစိတ်အပိုင်းတစ်ရပ်ရပ်တွင် ပါ၀င်နိုင်ခွင့်ကိုရနိုင်ကောင်းရနိုင် မည်၊ တင်ပြခွင့်ရနိုင်ကောင်းရနိုင်မည်ဖြစ်သော်လည်း ဆုံးဖြတ်ချက်ချခြင်းကဏ္႑တွင် ပါ၀င်ဆုံးဖြတ်နိုင်ခွင့်သည် ကန့်သတ်ထားခံနေရဆဲကို လက်ရှိဖွဲ့စည်းထားသော လုပ်ငန်းအဖွဲ့ငယ်များ၊ လုပ်ငန်းအထောက်အကူပြုအဖွဲ့များ၊ အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီနှင့် အမျိုးသားမြေအသုံးချမှုကောင်စီတို့၏ ဖွဲ့စည်းမှုအနေအထားကို ကြည့်ရှုလျှင်သိရှိနိုင်မည်ဖြစ်ပြီး ဖက်ဒရယ် မြေ အုပ်ချုပ်စီမံမှုအသစ်တရပ်ပေါ်ထွန်းလာရေးမျှော်မှန်းချက်သည် အလှမ်းေ၀းနေသေးသည်ကို သုံးသပ်မိပါသည်။

ထို့ကြောင့် ဖက်ဒရယ်မြေယာအုပ်ချုပ်စီမံသစ်တစ်ရပ်ပေါ်ထွက်လာရေးအတွက် လှုပ်ရှားဆောင်ရွက်ကြသော အင်အားစုများအနေဖြင့် မိမိတို့၏မူလရည်ရွယ်ချက်နှင့် မျှော်မှန်းချက်များအတိုင်း လက်ရှိနိုင်ငံ၏ ပြဌာန်း မြေ အုပ်ချုပ်ခြင်းယန္တရားအောက်မှမဟုတ်ဘဲ သီးခြားလွတ်လပ်သော သို့မဟုတ် အခြားရွေှးချယ်စရာ နည်းလမ်းများ ဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသားမြေဥပဒေရေးဆွဲပြုစု ရေး လုပ်ငန်းစီမံချက်(မူကြမ်း)၏ ရည်ရွယ်ချက်နှင့် မျှော်မှန်းချက်များတွင် အမျိုးသားမြေဥပေဒေရေးဆွဲရာတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ၂၁ရာစုပင်လုံအစည်းအေ၀းများတွင် သဘောတူထားသည့် ပြည်ထောင်စု သဘောတူညီချက်များကိုလည်းအခြေခံ၍ ပါ၀င်ထည့်သွင်းရေးဆွဲသွားမည်ဟုဖော်ပြထားသော်လည်း မြေယာ နှင့် သဘာ၀ပတ်၀န်းကျင်ကဏ္႑မှသဘောတူညီချက်များကိုကြည့်လျှင် ဖက်ဒရယ်မြေယာအုပ်ချုပ်စီမံမှုသစ် တစ်ရပ်ပေါ်ထွက်လာရန်အတွက် အလွန်အားနည်းလျက်ရှိနေသောကြောင့်ဖြစ်သည်။ ထို့ပြင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှ သဘောတူထားသည့် ပြည်ထောင်စုသဘောတူညီချက်ကိုလွှတ်တော်တွင် အတည်ပြု ခဲ့သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်လွန်၍ လုပ်ဆောင်နိုင်ရန်မဖြစ်နိုင်သော လွှတ်တော်၏ အခန်းကဏ္႑ကို လွှတ်တော်တွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းဖြစ်စဉ်ကို ကြည့်ခြင်းဖြင့် သိသာ ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။  ထို့ကြောင့် ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုတည်ဆောက်မှုဖြစ်စဉ် အတွက် အဟန့်အတားဖြစ်စေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်လွန်နိုင်ခြင်းမပြုသရွှေ့ နိုင်ငံ၏ စစ်မှန်သောနိုင်ငံရေးပြောင်းလဲမှုကို ရောက်ရှိနိုင်မည်မဟုတ်သလို ဖက်ဒရယ်မြေယာအုပ်ချုပ်စီမံစနစ်သစ် တစ်ရပ်သည်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၎င်း၏ယန္တရားများအောက်မှ ထွက်လာရန်အကြောင်း လုံး၀မရှိပေ။ ထို့ကြောင့် ဖက်ဒရယ်မြေယာအုပ်ချုပ်စီမံမှုအသစ်တစ်ရပ်ဆီသို့ရောက်ရှိရန်အတွက်  မိမိတို့ချမှတ် ထားသော နည်းဗျူဟာများဖြင့် အတူတစ်ကွပူးပေါင်း၍ ဆက်လက်ချီတက်အကောင်အထည်ဖော်သွားရန် အကြံပြုတိုက်တွန်းအပ်ပါသည်။


သုံးသပ်ချက်စာတမ်းကို ရယူရန် (အင်္ဂလိပ်)၊ (မြန်မာ)

ပြန်စာထားခဲ့ပါ။