ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးဆိုင်ရာ သုံးသပ်အကြံပြုချက်

မြန်မာနိုင်ငံ၏ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးဆိုင်ရာ ဥပဒေမူဘောင်များအပေါ် ဒို့မြေကွန်ရက်၏ သုံးသပ်အကြံပြုချက်

ဒီဇင်ဘာ ၂ဝ၂ဝ

တောင်ယာစိုက်ပျိုးရေးလုပ်ကွက်တစ်ခုအတွက် “ လက်စားလိုက်” စနစ်ဖြင့် စုပေါင်းကူညီစိုက်ပျိုးနေပုံ | ဓါတ်ပုံ-Southern Youth

ဒို့မြေကွန်ရက်သည် နိုင်ငံတဝှမ်းရှိ မြေယာအရေးလှုပ်ရှားကြသော အရပ်ဘက်အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူ များနှင့် မိတ်ဘက်အဖွဲ့အစည်းများ စုစည်းထားသည့် တိုင်းရင်းသားပေါင်းစုံပါဝင်သော အမျိုးသားအဆင့်ကွန်ရက် ဖြစ်သည်။ ဒို့မြေကွန်ရက်သည် ၂ဝ၁၄-ခုနှစ်မှ စတင်ကာ မြန်မာ့မြေကဏ္ဍပြုပြင်ပြောင်းလဲရေးအတွင်း အပြုသဘော ဝေဖန်ထောက်ပြ ပံ့ပိုးပေးလျက်ရှိသည်။

ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးသည် ကမ္ဘာတစ်ဝှမ်းတွင် ယနေ့အချိန်ထိ ကျင့်သုံးနေကြဆဲစနစ်ဖြစ်သည့်အပြင် မြန်မာနိုင်ငံအတွင်း နေရာဒေသအမြောက်အများတွင် ပင်မအသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ရပ်အဖြစ် လက်ဆင့်ကမ်းကျင့်သုံးကြလျက်ရှိသည်။ ရွှေ့ပြောင်းတောင်ယာစနစ်အသုံးပြုသူများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအား တရားဝင်ပြီး ဂုဏ်သိက္ခာရှိသည့်အလုပ်အဖြစ် လေးစားအသိအမှတ်ပြုရန်နှင့် မတူညီသော ရွှေ့ပြောင်းတောင်ယာစနစ်များအား တရားဝင်အသိအမှတ်ပြုရန် မဖြစ်မနေလိုအပ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ မြေနှင့်သက်ဆိုင်သော ဥပဒေများစွာတို့တွင် ဓလေ့ထုံးတမ်းမြေစနစ်များနှင့် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးစနစ်များကို တိကျရှင်းလင်းစွာ အသိအမှတ်ပြုအကာအကွယ်ပေးထားခြင်း မရှိသေး သည့်အပြင် အဆိုပါစနစ်များနှင့် စနစ်ကိုအသုံးပြုလျက်ရှိနေသူများကို ရာဇဝတ်မှုသင့်နေစေလျက်ရှိသည်။

၂ဝ၂ဝ-ခုနှစ်၊ ဖေဖော်ဝါရီလတွင် အတည်ပြုလိုက်သည့် ၂ဝ၁၂-လယ်ယာမြေဥပဒေကိုပြင်ဆင်သည့်ဥပဒေတွင် မြေ အမျိုးအစားသတ်မှတ်ချက်အတွင်း “ရွှေ့ပြောင်းတောင်ယာမြေ” ဟူသည့် မြေအမျိုးအစားတစ်ခု ပါဝင်လာသည့် အတွက် ရွှေ့ပြောင်းတောင်ယာစနစ်များအတွက် အလားအလာတစ်ခုဖြစ်နိုင်သည့်အပြင် စိုးရိမ်ပူပန်မှုများစွာလည်း ရှိနေသည်။

သုံးသပ်ချက်များ

ရွှေ့ပြောင်းတောင်ယာစနစ်သည် ကျေးလက်မိသားစုများစွာ၏ အဓိက စိုက်ပျိုး၊ အသက်မွေးမှုဖြစ်သည့်အပြင် ၎င်းတို့ရပ်ရွာဒေသအသီးသီးရှိ ရိုးရာယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှု၊ သစ်တောနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု၊ သယံဇာတနှင့်အရင်းအမြစ်များခွဲဝေမှု၊ ဓလေ့ထုံးတမ်း မြေစီမံအုပ်ချုပ်မှုစနစ် များနှင့် ယှက်နွယ်နေသည်။

အခြားသောဓလေ့ထုံးတမ်းမြေစနစ်များနည်းတူ ရွှေ့ပြောင်းတောင်ယာစနစ်တွင် မြေနှင့် ဆက်စပ်သယံဇာတ အရင်းအမြစ်များအပေါ် မှီခိုရှင်သန်နေသည့် ဒေသခံတိုင်းရင်းသားများ၊ ကျေးလက်နေ လူထုလူတန်းစား များကို ဗဟိုပြုလျက် နယ်မြေဒေသတစ်ခုလုံးအား လွှမ်းခြုံရှုမြင်သည့်ပုံစံဖြင့် လည်ပတ်လျက်ရှိသည်။ ရွှေ့ပြောင်းတောင်ယာစနစ် အပါအဝင် ဓလေ့ထုံးတမ်းမြေစနစ်များသည် ရပ်ရွာတွင်း အာဏာသက်ဝင်မှု ရှိသည့် လုပ်ပိုင်ခွင့်စနစ်တစ်ရပ်ဖြစ်ပြီး မိမိတို့၏မြေကို မိမိတို့ကိုယ်တိုင် စီမံခန့်ခွဲအုပ်ချုပ်မှုဖြစ်သည့် ဖက်ဒရယ်အခြေခံလည်းဖြစ်သည်။

ရွှေ့ပြောင်းတောင်ယာစနစ်သည် နည်းပညာပိုင်းဆိုင်ရာအလေ့အကျင့်သက်သက်မဟုတ်ပဲ ကျေးလက်လူမှု အသိုက်အဝန်းများနှင့် တစ်သားတည်းပေါင်းစည်းပါဝင်လျက်ရှိသည့်အတွက် မြေအမျိုးအစားသတ်မှတ်ရုံ မျှဖြင့် မလုံလောက်ပါ။ ရွှေ့ပြောင်းတောင်ယာမြေအတွက် လုပ်ပိုင်ခွင့်လက်မှတ်ပုံစံ (ပုံစံ-၇ ကဲ့သို့) ထုတ်ပေးရန် ရည်ရွယ်မည်ဆိုပါကလည်း အန္တရာယ်ကြီးမားသည့် ပြဌာန်းချက်များသာ ဖြစ်လာမည်။ အဘယ့်ကြောင့်ဆိုသော် လယ်ယာမြေ လုပ်ပိုင်ခွင့် (ပုံစံ-၇) သည် လုပ်ပိုင်ခွင့်သက်သက်သာဖြစ်နေပြီး ဓလေ့ထုံးတမ်းမြေစနစ်များ အတွင်းမှ မြေပိုင်ဆိုင် စီမံအုပ်ချုပ်ပိုင်ခွင့်များနှင့် ကိုက်ညီမှုမရှိပေ။

မြန်မာနိုင်ငံရှိ တည်ဆဲဥပဒေများနှင့်မြေစီမံအုပ်ချုပ်မှုများသည် လက်တွေ့မြေကျင့်သုံးမှုပုံစံများနှင့် ကိုက်ညီမှု မရှိသေးပါ။ အထူးသဖြင့် လယ်ယာမြေဥပဒေ၊ မြေလွတ်မြေလပ်မြေရိုင်းဥပဒေနှင့် သစ်တောဥပဒေများသည် မြေမှတ်ပုံတင်ရေးကို တွန်းအားပေးလျက်ရှိပြီး ဓလေ့ထုံးတမ်းမြေစနစ်ကျင့်သုံးနေသူများကို ရာဇဝတ်မှု သင့်နေစေသည်၊ ဘိုးဘွားစဉ်ဆက်လက်ဆင့်ကမ်းလာခဲ့ကြသည့် မြေများကို ဆုံးရံှုးရစေသည်။ ထို့အပြင် အဆိုပါဥပဒေများကို အသုံးပြု၍ မြေသိမ်းခြင်း၊ မြေပမာဏများစွာ လျှောက်ထားရယူခြင်း၊ ဓလေ့ထုံးတမ်း မြေစနစ်ကျင့်သုံးနေသူများကို တရားစွဲဆိုခြင်း စသည့် မြေမတရားမှုဖြစ်ရပ်များစွာလည်း ရှိနေသည်။

ရွှေ့ပြောင်းတောင်ယာစနစ်ကြောင့် သစ်တောများပြုန်းတီးသည်၊ ရာသီဥတုပြောင်းလဲမှုကို တွန်းအား ပေးသည်၊ လေထုညစ်ညမ်းမှုကို ဖြစ်စေသည်၊ ထိရောက်အကျိုးရှိမှုနည်းသည် . . . စသည့် ယုံမှတ်မှားစွာ စွပ်စွဲပြစ်တင်မှုများသည် ရွှေ့ပြောင်းတောင်ယာစနစ်နှင့် ၎င်းစနစ်ကိုကျင့်သုံးနေသူများအား အကာအကွယ် ပေးနိုင်မည့် ဥပဒေ/မူဝါဒများပေါ်ပေါက်လာရေးအတွက် များစွာအဟန့်အတားဖြစ်စေသည်။

ရွှေ့ပြောင်းတောင်ယာစနစ်ကဲ့သို့သော ဓလေ့ထုံးတမ်းမြေစီမံ ခန့်ခွဲမှုများသည် စိုက်ပျိုးမွေးမြူရေး၊ သစ်တော နှင့် သယံဇာတအရေး၊ ပတ်ဝန်းကျင်နှင့်ဂေဟစနစ်အရေး၊ ရိုးရာယဉ်ကျေးမှုနှင့် တိုင်းရင်းသားအရေး စသည့် ကျယ်ပြန့်သည့် အရေးအရာများနှင့် ဆက်နွယ်နေသည်။ ထိုသို့ ကျယ်ပြန့်အရေးကြီးသည့် စနစ်တစ်ခုကို မည်သည့်အခြေခံစည်းမျဉ်းများ၊ မည်သို့သောဥပဒေမူဘောင်များဖြင့် မည်သည့်ဌာနက စီမံအုပ်ချုပ်မည် ဆိုသည်မှာ အလွန်အရေးကြီးသည့်မေးခွန်းဖြစ်သည်။

အကြံပြုချက်များ

ရွှေ့ပြောင်းတောင်ယာအပါအဝင် ဓလေ့ထုံးတမ်းမြေစနစ်များအတွက် အာမခံချက်ရှိ်သည့် သီးခြား ဥပဒေ တစ်ရပ်နှင့် သီးခြားစီမံအုပ်ချုပ်မှုအစီအစဉ်များ လိုအပ်သည်။ ဥပဒေရေးဆွဲရေးဖြစ်စဉ်နှင့် စီမံအုပ်ချုပ်မှုအစီအစဉ်များ ဖော်ထုတ်ရေးလုပ်ငန်းစဉ်အဆင့်ဆင့်တွင် တိုက်ရိုက်သက်ဆိုင်သူများ၊ ထိခိုက်ခံရနိ်ုင်ခြေရှိသူများ၊ စစ်ဘေးရှောင်နှင့်ဒုက္ခသည်များ၊ ဓလေ့ ထုံးတမ်းမြေစနစ်ကျင့်သုံးနေကြသူများ၊ သက်ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ကိုယ်စားပြုပါဝင်မှုများကို သေချာစေရမည်။ ရွှေ့ပြောင်းတောင်ယာအပါအဝင် ဓလေ့ထုံးတမ်းမြေစနစ်ဆိုင်ရာဥပဒေအတွက် အောက်ပါတို့ကို လေးစားလိုက်နာရမည်။

  • ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်-၁၇(၁, ၂) နှင့် အပိုဒ်(၂၅-၁)၊
  • ဌာနေတိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကြေညာစာတမ်း (UNDRIP) အပိုဒ်(၁ဝ)၊ အပိုဒ် (၁၁-၁)၊ အပိုဒ် (၂၅)၊ အပိုဒ်-၂၆ (က, ခ, ဂ)၊
  • တောင်သူငယ်များနှင့် ကျေးလက်လက်လုပ်လက်စားများ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကြေငြာစာတမ်း (UNDROP) – အပိုဒ်-၂၈၊ အပိုဒ်-၁၇(၁, ၃, ၄)၊
  • မြေ၊ သားငါးနှင့် သစ်တောလုပ်ပိုင်ခွင့်လမ်းညွှန်ချက်များ(CFS-TG) အခန်း(၉)

တောင်သူငယ်များ၊ ကျေးလက်လက်လုပ်လက်စားများ၊ ဓလေ့ထုံးတမ်းမြေစနစ် ကျင့်သုံးနေသူများ၏ လူထု မြေယာအခွင့်အရေးများကို အပြည့်အဝအကာအကွယ်ပေးနိုင်မည့် လွှမ်းခြုံမှုရှိသော ဖက်ဒရယ်မြေဥပဒေ တစ်ရပ် လိုအပ်သည်။ အဆိုပါဥပဒေ မပေါ်ထွက်နိုင်သေးမီကာလအတွင်း တည်ဆဲမြေဥပဒေများကို အသုံးပြု၍ အတင်း အကြပ် မြေမှတ်ပုံတင်စေခြင်း၊ အကြီးစား မြေအသုံးချခွင့်များ ချပေးခြင်း (သို့) လျှောက်ထားစေခြင်း၊  မြေသိမ်းယူခြင်း၊ တောင်သူများနှင့် ဌာနေတိုင်းရင်းသားများအား တရားစွဲဆိုခြင်းများ မပြုလုပ်ရ။

လက်နက်ကိုင်ပဋိပက္ခများ၊ အကြီးစားစီမံကိန်းများနှင့် တည်ဆဲဥပဒေများကြောင့် မြေဆုံးရံှုးနစ်နာ နေရသူများ (စစ်ဘေးရှောင်ဒုက္ခသည်များနှင့် အဓမ္မနှင်ထုတ်ခံရသူများအပါအဝင်)၊ တရားစွဲဆိုခံ နေရသူများ/ထောင်သွင်းအကျဉ်းချခံနေရသူများ၊ မြေမဲ့ယာမဲ့များ၏ ထိခိုက်နစ်နာမှုများကို ဖြေရှင်း ပေးနိုင်မည့်၊ ကုစားပေးနိုင်မည့် ထိရောက်မှုရှိသည့် မူဘောင်နှင့် ယန္တရားများကို ရေးဆွဲအကောင် အထည်ဖော်ရမည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်သည် မြေကဏ္ဍပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နှင့် တစ်သားတည်းဖြစ်ပြီး ဖြစ်စဉ်နှစ်ခုလုံးအတွက် ပြေလည်နိုင်သောအခြေအနေမှာ စစ်မှန်သော ဖက်ဒရယ် မြေယာ အုပ်ချုပ်မှုသာဖြစ်သည်။ ဖက်ဒရယ်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆီသို့ ဦးတည်လျှောက်လှမ်းရမည့် နိုင်ငံအနေနှင့် ရွှေ့ပြောင်းတောင်ယာစနစ်အပါအဝင် ဓလေ့ထုံးတမ်းမြေစနစ်များ၊ အသက်မွေးဝမ်းကျောင်းမှုနှင့် မြေအသုံးချမှုပုံစံများကို စည်းကြပ်ထိန်းကျောင်းထားသည့် မူဝါဒများ၊ ဥပဒေများကို သုံးသပ်ပြင်ဆင် ရမည်။ ရွှေ့ပြောင်းတောင်ယာအပါအဝင် ဓလေ့ထုံးတမ်းမြေစနစ်များအပေါ် ဆိုးကျိုးသက်ရောက်မှု အလွန် ကြီးသည့် “မြေလွတ်မြေလပ်မြေရိုင်းဥပဒေ” ကို ဖျက်သိမ်းရမည်။

– ဆက်သွယ်ရန် –

(၁) ကိုစည်သူ               (၀၉-၇၉၀ ၇၃၉ ၄၈၈)
(၂) မိခမွန်း                   (၀၉-၄ဝ၁ ၆ဝ၁ ၈၂၂)
(၃) စောအဲလက်စ်        (၀၉-၇၇၆ ၅၄ဝ ၄၇၁)

ဒို့မြေကွန်ရက်               https://lioh.org,
landsinourhands@gmail.com


သုံးသပ်ချက်ကို ရယူရန် (မြန်မာဘာသာဖြင့်) (အင်္ဂလိပ်ဘာသာဖြင့်)


ဆက်လက်ဖတ်ရှုသင့်သည့်စာအညွှန်း –
De-crimilalise Agro-Forestry:
သီးနှံသစ်တောရောနှောစိုက်ပျိုးရေးစနစ်ကို ပြစ်မှုကြောင်းအရ အရေးမယူဘဲ ဖြေလျှော့ပေးခြင်း

ပြန်စာထားခဲ့ပါ။