မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာလှုပ်ရှားမှုနှင့်ပတ်သက်၍ ဒို့မြေကွန်ရက်၏သဘောထား

မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာလှုပ်ရှားမှုနှင့်ပတ်သက်၍
ဒို့မြေကွန်ရက်၏သဘောထား

၂၀၁၉-ခုနှစ်၊ ဧပြီလ(၁)ရက်

မြန်မာနိုင်ငံအတွင်းတည်ဆောက်ပြီးစီးခဲ့သော ရေကာတာစီမံကိန်းများအားလုံးသည် ပြောသလိုမလုပ်၊ ပြောသလိုမဖြစ်ဘဲ အများပြည်သူများထိခိုက်နစ်နာသောစီမံကိန်းများဖြစ်ကြောင်း သက်သေအမြောက် အမြားရှိခဲ့ပြီးဖြစ်သည်။ ထိုစီမံကိန်းများကြောင့် လူပေါင်းများစွာတွင်ဖြစ်ပေါ်လာသော ဘဝထိခိုက်ပျက်စီးမှု များကိုဖြေရှင်းခြင်းမရှိဘဲ စီမံကိန်းအသစ်များကိုသာ ဦးစားပေးလိုက်လံဆောင်ရွက်စီစဉ်နေမှုများကို ကန့်ကွက်သည်။

ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏အသက်သွေးကြောဖြစ်သည်။ နိုင်ငံ၏သမိုင်းအမွေအနှစ်ဖြစ်သည်။ မြစ်ဆုံ၊ ဧရာဝတီမြစ်နှင့် မြစ်ဝှမ်းဒေသများ၏ သဘာဝဂုဏ်သတ္တိတန်ဖိုးများကို ယွမ်ငွေ၊ ဒေါ်လာနှင့် ကျပ်ငွေများဖြင့် ရောင်းဈေးတွက်ချက်စဉ်းစားသည့် အတွေးအခေါ်လုပ်ရပ်မှန်သမျှကို ဆန့်ကျင်ကန့်ကွက်သည်။

မြစ်ဆုံ၊ ဧရာဝတီမြစ်နှင့် မြစ်ဝှမ်းဒေသများမှ လူ့ယဉ်ကျေးမှု၊ လူမှုဘဝဖြစ်တည်ထွန်းကားမှု၊ သမိုင်းတန်ဖိုး များကို လျှပ်စစ်မီဂါဝပ်ဖြင့် တွက်ချက်ရောင်းစားမည့် အတွေးအခေါ်လုပ်ရပ်များသည် ဒေသတွင်း နေထိုင်သည့် တိုင်းရင်းသားလူမျိုးများအပေါ် အသိအမှတ်မပြု၊ နှိမ့်ချစော်ကားခြင်းဖြစ်ပြီး လူမျိုးပေါင်းစုံ နေထိုင်သော မြန်မာနိုင်ငံအတွင်းတွင် ပိုမိုသွေးကွဲမှုများ ဖြစ်ပွားစေရန် တွန်းအားပေးဖော်ဆောင်ခြင်းလည်း ဖြစ်သည်။

မြစ်ဆုံ၊ ဧရာဝတီမြစ်နှင့် မြစ်ဝှမ်းဒေသများမှ လူမှုအဖွဲ့အစည်းများအားလုံး၏ အနာဂတ်နှင့်တန်ဖိုးကို (၅)နှစ် တစ်ကြိမ်သာသက်တမ်းရှိသော အစိုးရလူတစ်စုမှ ဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်း ရှင်းလင်းစွာ အသိပေး အပ်ပါသည်။

လက်ရှိအစိုးရအနေဖြင့် ကျန်ရှိသည့် (၂)နှစ်သက်တမ်းတွင် မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေးကို မဖြစ် မနေ အကောင်အထည်ဖော်ရန် တိုက်တွန်းတောင်းဆိုသည်။

တရုတ်အစိုးရနှင့် ၎င်းတို့အထောက်အပံ့ပေးသောကုမ္ပဏီများသည် မြန်မာနိုင်ငံပြည်သူလူထု၏ ဆန္ဒ၊ သဘောထားများကို မျက်ကွယ်ပြုစော်ကားပြီး စီမံကိန်းများအဓမ္မဖော်ဆောင်ရန်ကြိုးပမ်းနေသည့် လုပ်ရပ် များကိုကန့်ကွက်ရှုံ့ချပြီး မြစ်ဆုံစီမံကိန်းအကောင်အထည်ဖော်မှုကိုအမြန်ဆုံးရပ်တန့်ရန်တောင်းဆိုသည်။

ဒို့မြေကွန်ရက်

(သဘောထားကြေညာချက် ရယူရန် English သို့မဟုတ် ဗမာ)

ပြန်စာထားခဲ့ပါ။