အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ခြင်းနှင့် ညအချိန် ရှောင်တခင်ဝင်ရောက်ဖမ်းဆီးခြင်းကို ကန့်ကွက်ရှုံ့ချခြင်း

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ စောသာဘိုးအား နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ခြင်းနှင့် ညအချိန် ရှောင်တခင်ဝင်ရောက်ဖမ်းဆီးခြင်းကို ကန့်ကွက်ရှုံ့ချခြင်း

၂ဝ၂ဝ-ခုနှစ် မတ်လ(၁ဝ)ရက်

၁။        ၂ဝ၂ဝ-ခုနှစ် မတ်လ(၆)ရက်နေ့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ စောသာဘိုးအား နိုင်ငံတော် အကြည်ညိုပျက်စေမှု [ရာဇသတ်ကြီးဥပဒေပုဒ်မ-၅ဝ၅(ခ)]ဖြင့် အမှုဖွင့်ကာ ညအချိန်ရှောင်တခင် ဝင်ရောက်ဖမ်းဆီးခြင်းပြုသည်ဟု ကြားသိရပါသည်။ အဆိုပါဖြစ်ရပ်သည် ၂ဝ၂ဝ-ခုနှစ် ဇန်နဝါရီလ(၁၇)ရက်နေ့ ဘားကပ်ကျေးရွာအုပ်စု၊ နတ်ကုန်းရွာတွင်ပြုလုပ်ခဲ့သည့် ဒေသခံများ၏ ရိုးရာယုံကြည်မှုဓလေ့အရ မေတ္တာပို့ ဆုတောင်းပွဲနှင့်စပ်လျဉ်းသည်ဟုလည်း သိရသည်။

၂။        အဆိုပါ တရားစွဲဆိုအမှုဖွင့်ခြင်းနှင့် ညအချိန် ရှောင်တခင်ဝင်ရောက်စီးနင်း ဖမ်းဆီးခြင်းအပေါ် ဒို့မြေကွန်ရက်က ပြင်းထန်စွာကန့်ကွက်ရံှု့ချသည်။
(က)    ရိုးရာဓလေ့အရပြုလုပ်သည့် ဆုတောင်းပွဲကိုအကြောင်းပြု၍ တရားစွဲဆိုခြင်း၊ ဝင်ရောက်ဖမ်းဆီး ခြင်းသည် ရိုးရာဓလေ့ကို စော်ကားရာရောက်ပြီး လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံနှုန်းများကိုလည်း ချိုးဖောက်ရာရောက်သည်။
(ခ)     သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးအား ငြိမ်းချမ်းစွာစုစည်းခွင့်နှင့် ငြိမ်းချမ်းစွာ ဖော်ထုတ်ခွင့် အခွင့်အရေးများ ကျင့်သုံးသည့်အတွက် တရားစွဲဆို/ ဝင်ရောက်ဖမ်းဆီးခြင်းသည် လူ့ အခွင့်အရေးနှင့် ဒီမိုကရေစီစံနှုန်းများကို ချိုးဖောက်ရာရောက်သည့်အပြင် အရပ်ဘက်လူမှုအဖွဲ့အစည်း များ၏ အခန်းကဏ္႑ကို ခြိမ်းခြောက်ခြင်းဖြစ်သည်။
(ဂ)      ယခုကဲ့သို့ မတရားပုဒ်မတပ်၍တရားစွဲဆိုခြင်း၊ ဝင်ရောက်ဖမ်းဆီးခြင်းသည် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ် နှင့် အနာဂတ်ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များအတွက် လွန်စွာရုပ်ဆိုးသည်။

၃။        သို့ဖြစ်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ စောသာဘိုးအား စွဲဆိုထားသည့် အမှု များအား ချက်ချင်းပယ်ဖျက်ရန်နှင့် လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ ဌာနေတိုင်းရင်းသားအခွင့်အရေးများ နှင့် ဒီမိုကရေစီ စံချိန်စံနှုန်းများကို လေးစားလိုက်နာရန် ဒို့မြေကွန်ရက်က တောင်းဆိုသည်။

– ဆက်သွယ်ရန် –
ကိုစည်သူ         – ၀၉ ၇၉၀ ၇၃၉ ၄၈၈
မိခမွန်း  – ၀၉ ၄ဝ၁ ၆ဝ၁ ၈၂၂


သဘောထားကြေညာချက်အား ရယူရန် (မြန်မာဘာသာဖြင့်) (အင်္ဂလိပ်ဘာသာဖြင့်)

အလားတူ ကြေညာချက်များအား ရယူရန် –
* ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့ (မြန်မာဘာသာ) (အင်္ဂလိပ်ဘာသာ)
* မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ (မြန်မာဘာသာ)
* သံလွင်မြစ်ထိန်းကာကွယ်ရေးကွန်ယက် (မြန်မာဘာသာ) (အင်္ဂလိပ်ဘာသာ)

“ကျွန်ုပ်တို့ဒေသတွင် မြေလွတ်မြေလပ်မြေရိုင်းမရှိ” – အစီရင်ခံစာ

“ကျွန်ုပ်တို့ဒေသတွင် မြေလွတ်မြေလပ်မြေရိုင်းမရှိ”
ဒေသအသီးသီးမှ လှုပ်ရှားမှုများအား အမျိုးသားအဆင့် ပြန်လည်စုစည်းခြင်း

မတ်လ ၂ဝ၂ဝ

“ ချင်းပြည်နယ်တွင် မြေလွတ်မြေလပ်မြေရိုင်းမရှိ” ဟူသည့်ပိုစတာဗီနိုင်းအား ကျေးရွာတစ်ရွာရှိ အများမြင်သာသည့်နေရာတွင် ကပ်နေပုံ။ ဓါတ်ပုံ – CLAN

မူလအရင်းမြစ်

မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေသည် ၁၉၉၁-ခုနှစ် န၀တအစိုးရလက်ထက် မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုလုပ်ထုံးလုပ်နည်းကိုအခြေခံထားသည့် ဥပဒေဖြစ်သည်။ မြေကိုရောင်းကုန်တစ်ခုကဲ့သို့ အရင်း အနှီးပြုကာ ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံစေနိုင်ရန် ဆွဲဆောင်ပြဌာန်းခဲ့သည့် အမိန့်ညွှန်ကြားချက် ဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင်ကြီးများ အလွယ်တကူမြေသိမ်းနိုင်ရန်၊ အစိုးရ(သို့)အစိုးရနှင့် ပတ်သက်ဆက်နွယ်သူ များအတွက် မြေကိုမတရားသိမ်းယူနိုင်ရန်လမ်းဖွင့်ပေးသည့် အမိန့်ညွှန်ကြားချက်လည်း ဖြစ်သည်။

၂၀၁ဝ-ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်းတက်လာသည့် အစိုးရသစ်လက်ထက်တွင် ယခင် ဖြစ်ပေါ်ခဲ့သော အဓမ္မ မြေယာသိမ်းယူမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား ဥပဒေကြောင်းအရ ဘောင်၀င်စေရန် ၂၀၁၂-ခုနှစ်တွင် မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲမှုဥပဒေကို ရေးဆွဲပြဌာန်းခဲ့သည်။ ရေးဆွဲရာတွင် ပြည်သူလူထု၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပညာရှင်များ ပါ၀င်ရေးဆွဲခြင်းမရှိဘဲ (လည်/ဆည်)၀န်ကြီးဌာနမှ ၀န်ကြီးအမိန့်ဖြင့် အချိန်တို အတွင်း ဖိအားပေးရေးဆွဲစေခဲ့သည်။ ၂၀၁၂-ခုနှစ် မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲမှုဥပဒေအရ စီးပွားရေး လုပ်ငန်းရှင်ကြီးများက မြေလွတ်မြေရိုင်းခေါင်းစဉ်တပ်၍ ပြည်သူတို့၏မြေယာများကို အလွယ်တကူထပ်မံသိမ်းယူ နိုင်ရန်ဖန်တီးပေးထားသည်။ ထို့အပြင် ယခင်က ပြည်တွင်းစစ်ကြောင့် သိမ်းယူရန်ခက်ခဲခဲ့သည့် ပြည်နယ်အတော် များများရှိ တိုင်းရင်းသားနယ်မြေများကိုပါ သိမ်းယူရန် ခြေလှမ်းခြင်း ဖြစ်သည်။

မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲမှုဥပဒေ၏ သက်ရောက်မှုများ

မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲမှုဥပဒေအရ ရင်းနှီးမြှုပ်နှံမည့်ကုမ္ပဏီများသည် ၄င်းတို့ လုပ်ပိုင်ခွင့်ရရှိ ထားသော ဒေသများတွင် ဧက(၃ဝ,ဝဝဝ)အထိ နှစ်ပေါင်း(၃ဝ)ကြာ ရယူအသုံးပြုနိုင်သည် (ပုဒ်မ-၁ဝ)။ ထို့အပြင် ဒေသခံတောင်သူလယ်သမားများကို ကျူးကျော်မှု (ပုဒ်မ-၂၇)၊ ဟန့်တားနှောင့်ယှက်မှု (ပုဒ်မ-၂၈) ဥပဒေပုဒ်မများ အရအမှုဖွင့်၍ ရဲတပ်ဖွဲ့အင်အားများအသုံးပြုကာ ပြည်သူလူထုကို ဖိနှိပ်အရေးယူတရားစွဲခြင်းများ ဖြစ်ပေါ်စေသည်ကို တွေ့ရသည်။

လယ်ယာမြေဥပဒေပုဒ်မ(၃၄)အရ မြေလွတ်မြေရိုင်းမှ လယ်ယာမြေအဖြစ် တရား၀င်ပြောင်းလဲနိုင်ပြီး လယ်ယာမြေ ဥပဒေပုဒ်မ(၉)အရ ငှားရမ်း/ပေါင်နှံ/ရောင်းချခွင့်ရှိနေခြင်းသည် ဒေသခံတောင်သူလယ်သမားများ၏ အသက်မွေးဝမ်း ကျောင်းမှုနှင့် ဘဝရပ်တည်မှုများကို စိန်ခေါ်ခြင်းဖြစ်သည်။ အချုပ်အားဖြင့်ဆိုရသော် ဤဥပဒေသည် ဒေသခံ လုပ်ကွက်ငယ်တောင်သူများထက်
ပြည်တွင်းပြည်ပလုပ်ငန်းရှင်ကြီးများကိုသာ အသာစီးပေးထားသည့် ဥပဒေသာ ဖြစ်နေသည်။

ဤမြေလွတ်မြေလပ်မြေရိုင်းဥပဒေနှင့် လယ်ယာမြေဥပဒေများသည် တစ်သီးပုဂ္ဂလ မြေယာမှတ်ပုံတင်ခြင်းစနစ် (အသုံးပြုခွင့်)ကို တွန်းအားပေးထားသည်။ ရေမြေတောတောင်၊ တောင်ယာ/လယ်ယာ စိုက်ပျိုးခြင်းစနစ်များနှင့် ယဉ်ကျေးမှု/ထုံးတမ်းစဉ်လာများ၊ လူနေမှုဘဝများဆက်စပ်နေသည့် လူမှုအသိုက်အဝန်းတစ်ခုတွင် တစ်သီးပုဂ္ဂလ မြေယာမှတ်ပုံတင်ခြင်းစနစ်သည် အဆိုပါလူမှုအသိုက်အဝန်းကို ပျက်စီးစေမည်သာဖြစ်သည်။ ၎င်းစနစ်အားဖြင့် ရပ်ရွာဒေသရှိ ဘုံနေရာများ/အများနှင့်သက်ဆိုင်သည့်နေရာများ၊ အထွဋ်အမြတ်ထားရာနေရာများ ဆုံးရှုံးစေ နိုင်သည်၊ ဓလေ့ထုံးတမ်းအရမြေယာစီမံခန့်ခွဲမှုများ ပျက်သုဉ်းစေသည်။ လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူများကို ထာဝရ မြေမဲ့ယာမဲ့များ ဖြစ်စေသည်။

မြေလွတ်/လပ်/ရိုင်းများစီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈)

မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို ၂၀၁၇-ခုနှစ်အတွင်း ရေးဆွဲခဲ့ပြီး ၂ဝ၁၈-ခုနှစ် စက်တင်ဘာ(၁၁)ရက်နေ့တွင် အတည်ပြုပြဌာန်းခဲ့သည်။ အဆိုပါဥပဒေသည် တောင်သူလယ်သမား များကိုသာမက တောင်သူအရေး/မြေယာအရေးတက်ကြွလှုပ်ရှားသူများကို ရာဇဝတ်မှုကျူးလွန်သူအဖြစ် ထောင်ထဲ ထည့်ရန် ဆင့်တက်ပြင်ဆင်ထားသည်။ တစ်သီးပုဂ္ဂလမြေယာမှတ်ပုံတင်ခြင်းကို ကာလတိုတစ်ခုအတွင်း ပြုလုပ် စေရန် ဖိအားပေးထားသည်။ အဆိုပါကာလအလွန်တွင် မှတ်ပုံတင်ထားခြင်းမရှိပဲ မြေယာအသုံးပြုနေသူများကို ဒဏ်ငွေ ငါးသိန်းဖြစ်စေ၊ ထောင်ဒဏ် ၂-နှစ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေမည်ဖြစ်ကြောင်း ပြဌာန်း ထားသည်။

နိုင်ငံတဝှမ်းရှိတောင်သူများအနေနှင့် ဘိုးဘွားအစဉ်အဆက် ဓါးမဦးချလုပ်ကိုင်လျက်ရှိကြပြီး ကိန်းဂဏန်းများအရ မှတ်ပုံမတင်ရသေးသည့်မြေ ဧက ၄၅-သန်းရှိနေသည်။ ၎င်းမြေအများစုက တိုင်းရင်းသားဒေသများတွင် ရှိနေသည်။ အဆိုပါ သန်းပေါင်းများစွာသောမြေယာများကို မှတ်ပုံတင်ရန်မှာ အစိုးရအတွက်လည်း လက်တွေ့မကျပဲ ဒေသခံ တောင်သူများအနေနှင့်လည်း အဆိုပါအခက်အခဲကို နှစ်ပေါင်းများစွာ ရင်ဆိုင်တွေ့ကြုံခဲ့ကြရပြီးဖြစ်သည်။ သို့ဖြစ်ရာ အဆိုပါ ဥပဒေအရ ၂ဝ၁၉-ခုနှစ်၊ မတ်လ(၁၁)ရက်နေ့မှစ၍ နိုင်ငံတဝှမ်းရှိ ပြည်သူများစွာမှာ ရာဇဝတ်ဘေးသင့်လျက် ရှိသည်။ မြေယာမှတ်ပုံတင်ရှိနေသည့်တိုင် (တရားဝင် အသုံးပြုခွင့်ရထားသည့်တိုင်) မြေသိမ်းခံရနိုင်ကြောင်းလည်း အထောက်အထားများရှိနေသည်။

အကြံပြုချက်

မိမိကြမ္မာမိမိဖန်တီးခွင့်၊ ဖက်ဒရယ်မြေယာစီမံခန့်ခွဲမှုနှင့် လူထုမြေယာအခွင့်အရေးတို့ကသာ ငြိမ်းချမ်းရေးနှင့် လူမှုရေး တရားမျှတမှုတို့ကို ဆောင်ကျဉ်းပေးနိုင်သည်ဟု ဒို့မြေကွန်ရက်က ယုံကြည်သည်။ လူထုအတွင်းတွင်၊ တိုင်းရင်းသား ဒေသများတွင် ကောင်းမွန်သောစီမံခန့်ခွဲမှုအလေ့အထများ ရှိနှင့်နေပြီးဖြစ်သည်။ တိုင်းရင်းသားမြေယာမူဝါဒများ၊ ဓလေ့ထုံးတမ်းမြေယာစီမံခန့်ခွဲမှုများ၊ လူထုကရေးဆွဲ၍ လူထုကစီမံခန့်ခွဲသော အစီအစဉ်များ ရှိနှင့်နေပြီးဖြစ်သည်။ ၎င်းအလေ့အထများကိုအားပေးမြှင့်တင်အသိအမှတ်ပြုရမည်။ လုပ်ကွက်ငယ်တောင်သူ/ မြေယာရယူသုံးစွဲသူများ၊ တိုင်းရင်းသားများ၊ မြေမဲ့ယာမဲ့များနှင့် စစ်ဘေးရှောင်ပြည်သူများ/ဒုက္ခ္ခသည်များ၏ မြေယာအခွင့်အရေးများကို အပြည့်အဝထည့်သွင်းစဉ်းစား၍ အကာအကွယ်ပေးသော ဖက်ဒရယ်မြေဥပဒေတစ်ရပ်ကို ဒီမိုကရေစီနည်းကျ ရေးဆွဲ ရမည်။ အဆိုပါ ဖက်ဒရယ်မြေဥပဒေတစ်ရပ် မပေါ် ထွက်သေးမီကာလအတွင်း လက်ရှိမြေနှင့်သက်ဆိုင်သည့် ဥပဒေ များအား အကောင်အထည်ဖော်ခြင်းမပြုပဲ ဆိုင်းငံ့ထားရမည်။ မြေကိုအသုံးပြုသည့် အကြီးစားစီမံကိန်းများ (စိုက်ပျိုး စီးပွားစီမံကိန်းများအပါအဝင်) ကို တွန်းအားပေးခြင်းမပြုရ။ လက်ရှိမြေပြဿနာများကို ပြေလည်စေမည့် အစီအမံများ ဆောင်ရွက်ရမည်။ ဖော်ပြပါလုပ်ငန်းစဉ်များတွင် အန္တရာယ်အကြီးဆုံးဖြစ်သည့် “မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေ” ကို လုံးဝဖျက်သိမ်းရမည်။


“ ချင်းပြည်တွင် မြေလွတ်မြေလပ်မြေရိုင်းမရှိ၊ ဘိုးဘွားပိုင်မြေသာရှိသည်” ဟူသည့် ပိုစတာဖြင့် ကမ်ပိန်းတွင် ပါဝင်ခဲ့ကြသည့် ချင်းတိုင်းရင်းသားများကို တွေ့ရစဉ်။ ဓါတ်ပုံ – CLAN


အစီရင်ခံစာအပြည့်အစုံကို ရယူရန်။ (အင်္ဂလိပ်ဘာသာ)၊ (မြန်မာဘာသာ)

VFV Campaign Report – March 2020 (Version-2). A5-sized Booklet is available in Bilingual (English/Burmese).

မြေယာကဏ္ဍခြုံငုံသုံးသပ်ချက် (အကျဉ်း)

အချက်အလက်များ ပိုမိုသိရှိလိုပါက ဒို့မြေထံဆက်သွယ်ပါ။
landsinourhands@gmail.com

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ၏ ပြည်ထောင်စုမြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ ဒို့မြေကွန်ရက်၏ သဘောထားကြေညာချက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ၏ ပြည်ထောင်စုမြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ ဒို့မြေကွန်ရက်၏ သဘောထားကြေညာချက်

၁၇ ဇန်နဝါရီ ၂ဝ၂ဝ

ဒို့မြေကွန်ရက်သည် နိုင်ငံတဝှမ်းရှိမြေယာအရေးလှုပ်ရှားကြသည့် အရပ်ဘက်အဖွဲ့အစည်းများ၊ တောင်သူလယ်သမား သမဂ္ဂများနှင့် မိတ်ဘက်အဖွဲ့များပါဝင်သည့် အမျိုးသားအဆင့် တိုင်းရင်းသားပေါင်းစုံပါဝင်သော ကွန်ရက်တစ်ခု ဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင်းပင်သည် ၂ဝ၂ဝ-ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံအတွင်း သံတမန်ခရီးစဉ် တစ်ခုရှိပြီး အဆိုပါခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာသဘောတူညီချက်များကိုလည်း ရေးထိုးမည်ဟု ကြားသိရ ပါသည်။ သို့ဖြစ်ရာ အဆိုပါခရီးစဉ်နှင့်သဘောတူညီချက်များအပေါ် ဒို့မြေကွန်ရက်က အောက်ပါအတိုင်း သဘောထား ကြေညာချက်ကို ထုတ်ပြန်အပ်ပါသည်။

၁။ မြန်မာနိုင်ငံ၏ မြေယာပြဿနာများနှင့် မတရားမြေသိမ်းမှုများသည် ယနေ့အချိန်ထိ ထိရောက်စွာဖြေရှင်းပြေလည် နိုင်ခြင်းမရှိသေးပဲ ဆက်လက်ရှုပ်ထွေးနေဆဲဖြစ်သည်။ လက်ရှိမြေနှင့်သက်ဆိုင်သည့်ဥပဒေမူဘောင်များနှင့် ပြဿနာ ဖြေရှင်းရေးယန္တရားများက အဆိုပါပြဿနာများကို ဖြေရှင်းပြေလည်နိုင်ခြင်းမရှိသည့်အပြင် မတရားမြေသိမ်းဆည်းမှု များကို တရားဝင်ဆောင်ရွက်ခွင့်ပြုသည့် ဥပဒေမူဘောင်များဖြစ်နေသည့်အတွက် မြေယာပြဿနာများကို ပိုမိုးဆိုးဝါး လာစေလျက်ရှိသည်။ အထူးသဖြင့် ဓလေ့ထုံးတမ်းအရမြေယာရယူစီမံခန့်ခွဲအသုံးပြုမှုစနစ်များကို ခြိမ်းခြောက်လျက် ရှိနေပြီး တိုင်းရင်းသားဒေသများရှိပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများကို မြေမဲ့ယာမဲ့များဖြစ်နေစေသည်။

၂။ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများသည် (အထူးသဖြင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြ ံအတွင်းမှ စီမံကိန်းများ) မြေယာ ပြဿနာများနှင့် တိုက်ရိုက်ပတ်သက်လျက်ရှိပြီး ယနေ့အချိန်ထိ မဖြေရှင်းနိုင်သေးသည့် ပြဿနာများစွာလည်း ရှိနေသည်။ ဆက်လက်ဆောင်ရွက်မည့်/ ဆောင်ရွက်ရန် သဘောတူမည့်စီမံကိန်းများ၊ လုပ်ငန်းများအတွက်လည်း ဒေသခံပြည်သူများ၏ စိုးရိမ်ပူပန်မှုများ မြှင့်တက်လျက်ရှိသည် – (အထူးသဖြင့် စီမံကိန်းများကြောင့် လျော်ကြေးပင် မရပဲ မြေသိမ်းခံရမည့် ဥပဒေအရဖယ်ကျဉ်ခံနေရသော ဓလေ့ထုံးတမ်း မြေယာစီမံအုပ်ချုပ်မှုအောက်မှ မရေမတွက် နိုင်သောပြည်သူများ)။

၃။ ထို့အပြင် တရုတ်-မြန်မာစီးပွားရေးစင်္ကြ ံအတွင်းရှိ စီမံကိန်းများ၊ သဘောတူညီမှုများကိုဆုံးဖြတ်ခြင်း၊ အကောင် အထည်ဖော်ခြင်းများတွင် အောက်ပါအချက်များကို သုံးသပ်တွေ့ရှိရသည်။

  • စီမံကိန်းများ၊ သဘောတူညီမှုများကိုဆုံးဖြတ်ရာ၌ သက်ဆိုင်ရာဒေသခံများ၊ ထိခိုက်ခံရနိုင်ခြေရှိသူများ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်နေခြင်းမရှိ။
  • ရှိနှင့်ပြီးသား မြေယာပြဿနာများကို ဖြေရှင်းပြေလည်နိုင်ခြင်းမရှိသေးပဲ စီမံကိန်းအသစ်များကို သဘောတူ လက်မှတ်ထိုးခြင်းများသည် ဒေသခံများအတွက်သာမက ရင်းနှီးမြှုပ်နှံသူများအတွက်ပါ အန္တရာယ်များသည်။
  • တိုင်းရင်းသားဒေသများတွင် တိုးမြှင့်ကျယ်ပြန်လာနေသော လက်နက်ကိုင်ပဋိပက္ခများသည် ရှုပ်ထွေးနေဆဲ မြေယာကဏ္႑အတွင်း ပဋိပက္ခကို ပိုမိုတိုးပွားလာစေမည့်အန္တရာယ်ရှိနေကြောင်း ထင်ရှားသည့် အထောက် အထားများဖြစ်သည်။
  • သတင်းအချက်အလက် လုံလောက်စွာမရသောကြောင့် ပြည်သူများက စီမံကိန်းများအပေါ် ဆန့်ကျင် ကန့်ကွက်ကြမည့် အလားအလာများရှိသကဲ့သို့ ပွင့်လင်းမြင်သာမှုကင်းမဲ့ခြင်းများက ရှိနှင့်ပြီးသား အကျင့် ပျက်ခြစားမှုများကို ပိုမိုဆိုးဝါးလာစေနိုင်သည်။
  • ရင်းနှီးမြှုပ်နှံမှုများကြောင့် ပဋိပက္ခများတိုးပွားစေပြီး ငြိမ်းချမ်းရေးကိုထိခိုက်နေသည့် ဖြစ်စဉ်များသည်  နှစ်နိုင်ငံဆက်ဆံရေးကိုလည်း ထိခိုက်လာနိုင်သည်။

၄။ အဆိုပါအခြေအနေတွင် အိမ်နီးချင်းနှစ်နိုင်ငံ၏ ကောင်းမွန်သော သံတမန်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်း နိုင်ရန်နှင့် ၎င်းမှတဆင့် ပိုမိုကောင်းမွန်သည့်အကျိုးဆက်များ ဆက်လက်ရရှိနိုင်ရန်အတွက် အောက်ပါအချက်များ လိုက်နာဆောင်ရွက်နိုင်ပါရန် တောင်းဆိုပါသည်။

  • စီမံကိန်းနှင့်ပတ်သက်သည့် ဒေသရှိ ပြည်သူများ၊ ထိခိုက်ခံရနိုင်ခြေရှိသူများ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် စီမံကိန်းရေးဆွဲရေး၊ သဘောတူရေး၊ အကောင်အထည်ဖော်ရေး ဖြစ်စဉ်တစ်လျှောက်လုံးတွင် အဓိက ဆုံးဖြတ်ချက်ချရာ၌ ပါဝင်နေရမည်။
  • ဆောင်ရွက်နေဆဲစီမံကိန်းများ၊ ဆက်လက်သဘောတူမည့်စီမံကိန်းများသည် လက်ရှိမြေယာပြဿနာများကို ဆက်လက်ရှုပ်ထွေးစေနိုင်သည့်အတွက် ဖြေရှင်းပြေလည်စေမည့်နည်းလမ်းများကို ဦးစွာဖော်ထုတ်ပြင်ဆင် ဆောင်ရွက်ရန် တာဝန်ခံရမည် ။
  • ဒေသခံများ၊ တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းအရမြေယာစီမံအုပ်ချုပ်မှုစနစ်များကို အသိအမှတ်ပြု လေးစားလိုက်နာရမည်။ လက်နက်ကိုင်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ၏ မြေယာ အခွင့်အရေးများကို အပြည့်အဝ အာမခံမှု ရှိရမည်။
  • မြေယာအခွင့်အရေးသည် လူ့အခွင့်အရေးဖြစ်သည့်အလျောက် – တရုတ်၏ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများသည် လူ့အခွင့်အရေးချိုးဖောက်သော/ လူ့အခွင့်အရေးချိုးဖောက်မှုကို အားပေးသော စီမံကိန်းများမဖြစ်စေရန် အာမခံ တာဝန်ယူ၊ တာဝန်ခံရမည်။
  • ရင်းနီးမြှုပ်နှံမှုများသည် မြေနှင့်ဆက်စပ်နေသည့် သဘာဝပတ်ဝန်းကျင်ဂေစနစ် ထိခိုက်ပျက်စီးစေကြောင်း အထောက်အထားများရှိပြီး ဖြစ်သောကြောင့်  သဘာဝပတ်ဝန်းကျင်ဂေဟစနစ် ထိခိုက်ပျက်စီးမှုမရှိစေရန် အာမခံ တာဝန်ယူ၊ တာဝန်ခံရမည်။
  • အထက်ပါအခြေအနေများကို မရရှိနိုင်သေးသည့်ဒေသများ၊ စီမံကိန်းများကို တွန်းအားပေးခြင်းမပြုပဲ ဆိုင်းငံ့ ထားရမည်။

ဆက်သွယ်ရန်

၁။ ကိုစည်သူ       ၀၉ ၇၉၀၇၃၉ ၄၈၈
၂။ မိခမွန်း             ၀၉ ၄၀၁၆၀ ၁၈၂၂


ဒို့မြေကွန်ရက်၏ သဘောထားကြေညာချက်ကို အင်္ဂလိပ်ဘာသာ သို့မဟုတ် မြန်မာဘာသာဖြင့် ရယူနိုင်သည်။


အခြားအဖွဲ့အစည်းများ၏ ဆက်စပ်သဘောထားကြေညာချက်များ (မြန်မာဘာသာဖြင့်) –

အမျိုးသားမြေအသုံးချမှုကောင်စီထံ အရပ်ဘက်အဖွဲ့အစည်းများ၏ အိတ်ဖွင့်ပေးစာ

အမျိုးသားမြေအသုံးချမှုမူဝါဒ အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်းများ၏ တောင်းဆိုချက်များကို အိတ်ဖွင့်ပေးစာအနေနှင့် အမျိုးသားမြေအသုံးချမှုကောင်စီထံ ၂ဝ၁၉-ခုနှစ် နိုဝင်ဘာလအတွင်း ပေးပို့ခဲ့သည်။ အဆိုပါ အိတ်ဖွင့်ပေးစာကို အရပ်ဘက်အဖွဲ့အစည်း ၈၉-ဖွဲ့က ပါဝင်ထောက်ခံထားပြီး ၎င်းပေးစာနှင့်ဆက်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ၂ဝ၁၉-ခုနှစ် နိုဝင်ဘာလ ၂၆-ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

အိတ်ဖွင့်ပေးစာ အပြည့်အစုံကို ဤနေရာတွင် ရယူဖတ်ရှုနိုင်သည်။

နေရပ်စွန့်ခွာတိမ်းရှောင်ရသူများနှင့် ဘေးဒုက္ခသည်များ၏ မြေယာရပိုင်ခွင့်ဆိုင်ရာ ကြေညာစာတမ်း

၂ဝ၁၉-ခုနှစ်၊ သြဂုတ်လ(၂၁)ရက်နေ့

အဖွင့်နိဒါန်း

၂၀၁၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ခဲသ့ ူများနှင့် စစ်ဘေးဒုက္ခသည်များအပြင် ၎င်းတို့ကို အနီးကပ်ပံ့ပိုးကူညီပေးလျက်ရှိသည့် နယ်ခံအဖွဲ့အစည်းများ အတူတကွ စုစည်း၍ ၎င်းတို့၏ နေရပ်ပြန်ရေးနှင့် မူလရပိုင်ခွင့်ပြန်လည်ရရှိရေးဆိုင်ရာ မြေယာကိစ္စရပ်များကို အတူတကွ ဆွေးနွေးအဖြေရာ၍ စည်းရုံးရေးဆိုမည့် လုပ်ငန်းစဉ်တစ်ရပ်ကို ၀ိုင်း၀န်ဖော်ဆောင်လာခဲ့ကြပါသည်။

မြန်မာနိုင်ငံသည် ဆယ်စုနှစ်ပေါင်းများစွာ စစ်ပွဲဒဏ်သင့်လာခဲ့သည့် နိုင်ငံတစ်ခု၏ ရလဒ်အနေဖြင့် တိုင်းရင်း သားရပ်ရွာအသိုက်အ၀န်းပေါင်းများစွာ မူရင်းရပ်ရွာဒေသများကို စွန့်ခွာထွက်ပြေးခဲ့ကြရပြီး မိမိတို့၏ မြေယာ ပိုင်ဆိုင်ခွင့်အပါအ၀င် လူ့အခွင့်အရေးအားလုံးနီးပါး ထိခိုက်နစ်နာခဲ့ရသည်။ မြေယာပိုင်ဆိုင်ခွင့်အခွင့်အရေးကို အနှစ်သာရရှိရှိဖြင့် အပြည့်အ၀အသိအမှတ်ပြုမှုအပါအ၀င် IDPs နှင့် Refugees များအတွက် တရားမျှတမှုရှာ ဖွေရာ၌ စိန်ခေါ်မှုအခက်အခဲများစွာ ကြုံတွေ့ရလျက်ရှိသည်။ ဤကဲ့သို့သော စိန်ခေါ်မှုအခက်အခဲများကြောင့် ကချင်၊ ကရင်နီ၊ ကရင်၊ မွန်နှင့် ရှမ်းပြည်နယ်(၅)ခုမှ ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်သူများနှင့် စစ်ဘေးဒုက္ခသည်များအပါအ၀င် ၎င်းတို့ကို ကူညီထောက်ပံ့ပေးလျက်ရှိသည့် ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များသည် အထူးသဖြင့် IDPs နှင့် Refugees များ၏ မြေယာရပိုင်ခွင့်အခွင့်အရေးနှင့် ပတ် သက်၍ ကြုံတွေ့ရလျက်ရှိသည့် စိန်ခေါ်မှုအခက်အခဲများနှင့် အတွေ့အကြုံများကို အစဉ်တစိုက်ဆွေးနွေးအဖြေ ရှာလာခဲ့ကြပြီး လာမည့်အနာဂတ်၌ မဟာဗျူဟာကျကျ တုန့်ပြန်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေး ဖော်ထုတ်၍ ၂၀၁၉ ခုနှစ် သြဂုန်လ ၂၁ ရက်နေ့၌ ဤသဘောထားကြောညာစာတမ်းကို ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါသည်။

ဤသဘောထားကြေညာစာတမ်း၌ ကျွန်ုပ်တို့၏ အခြေခံမူများကို ထုတ်ပြန်ကြေညာ၍ ကျွန်ုပ်တို့၏ အဓိကကျ သည့် တောင်းဆိုချက်များကို မချပြမီ ကျွန်ုပ်တို့အသီးသီး ရင်ဆိုင်ကြုံတွေ့နေရသည့် တူညီသည့်အခြေအနေ များနှင့် ကွြဲပားခြားနားသည့် အခြေအနေများကို ဦးစွာရှင်းလင်းဖော်ပြထားပါသည်။ ဤသဘောထားကြေညာစာ တမ်းသည် “စာတမ်းရှင်” ဖြစ်သဖြင့် စာတမ်းအတွင်း IDPs နှင့် Refugees များအားလုံးကို ကိုယ်စားပြုထား သည်ဟု မဆိုနိုင်သော်လည်း ကျွန်ုပ်တို့ IDPs နှင့် Refugees များ၏ မြေယာဆိုင်ရာ ရပိုင်ခွင့်အခွင့်အရေးကို အ နှစ်သာရရှိရှိ အသိအမှတ်ပြု၍ အကာအကွယ်ပေးကာ ပြန်လည်ရယူခံစားပိုင်ခွင့် အပြည့်အ၀ရရှိစေသည့် အခြေ အနေသို့ ဦးတည်လာစေရန်အတွက် အချက်အလက်များဖော်ထုတ်ရန်၊ အလေးပေးအာရုံစိုက်ဆောင်ရွက်ရန်၊ ဆွေးနွေးအဖြေရှာသည့် စကား၀ိုင်းများဖြစ်ထွန်းလာစေရန်၊ နိုင်ငံရေးရေချိန်နှင့် စည်းလုံးညီညွတ်မှု ခိုင်မာအား ကောင်းလာအောင်တည်ဆောက်သွားရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

နေရပ်စွန့်ခွာတိမ်းရှောင်ရသူများနှင့် ဘေးဒုက္ခသည်များ၏ မြေယာရပိုင်ခွင့်ဆိုင်ရာ ကြေညာစာတမ်း အပြည့်အစုံဖတ်ရှုရန် . . . (၂ဝ၁၉-ခုနှစ်၊ သြဂုတ်လ(၂၁)ရက်နေ့)(English) (Burmese)

ပထမတော့ သေနတ်နဲ့ ကျနော်တို့ရဲ့ မြေတွေကို လုယူသွားခဲ့ကြတယ်။ အခုကျတော့ မြေလုဖို့ ဥပဒေကို အသုံးချလာပြန်ပြီ။

တိုက်ပွဲနှင့် စစ်ဘောင်ကျယ်လာမှုကြောင့် နေရပ်စွန့်ခွာစစ်ဘေးတိမ်း ရှောင်ခဲ့ရသူများ၏ မြေရပိုင်ခွင့်အခွင့်အရေးအပေါ် TNI ၏ သုံးသပ်ချက် အကျဉ်း

၂၆ သြဂုတ်လ ၂ဝ၁၉

Growing up in an IDP camp, Kachin State / Photo credit Tom Kramer
Growing up in an IDP camp, Kachin State / Photo credit Tom Kramer

မြန်မာနိုင်ငံထဲက နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ခဲ့ရသူတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ တရား မျှတမှုမရှိတဲ့ဒဏ်ကို တစ်ရစ်ပြီးတစ်ရစ် ခါးစည်းခံခဲ့ကြရတယ်။ ဒီနေ့ဒီအချိန်မှာလည်း သန်းခေါင် ထက်ညနက်တဲ့ အခြေအနေမျိုး ကြုံတွေ့နေကြရတုန်းပါပဲ။

“စစ်ပွဲတွေရဲ့ဒဏ်ကို မြန်မာနိုင်ငံထဲက လူထုလူတန်းစားတွေ ခါးစည်းခံနေရချိန်မှာ မြန်မာနိုင်ငံအစိုးရ က နေရပ်စွန့်ခွဲစစ်ဘေးတိမ်းရှောင်ခဲ့ရသူတွေကို ကြိုးကိုင်ခြယ်လှယ်ပြီး သွေးခွဲအုပ်ချုပ်ဖို့ ကြိုးစားနေ တယ်။ နေရင်းဒေသတွေဆီ အချို့ပြန်သွားခဲ့ကြပေမယ့် တစ်ချို့ကတော့ IDP စခန်းတွေမှာ ဆက်ပြီး ကျန်နေရစ်ခဲ့ကြတယ်။ နိုင်ငံထဲမှာ ငရဲကျနေသလိုပဲ။” (မြစ်ကြီးနားမြို့၌ ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရသူများ အစည်းအေ၀း) 

မြန်မာနိုင်ငံမြောက်ပိုင်းဒေသ၌ လက်ရှိဖြစ်ပျက်လျက်ရှိသည့် အခင်းအကျင်းနှင့် ပတ်သက်၍ ၂၀၁၁ ခုနှစ်က တည်းက စစ်ရှောင်ခဲ့ရသည့် IDP တစ်ဦးက အထက်ပါအတိုင်း သုံးသပ်ပုံဖော်သွားခဲ့သည်။ မြန်မာနိုင်ငံ မြောက် ပိုင်းနှင့် အရှေ့ပိုင်းဒေသနှစ်ခုစလုံးမှ နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ခဲ့ရသူများသည် ဆယ်စုနှစ်ပေါင်းများစွာ တရားမျှတမှုမရှိသည့်ဒဏ်ကို တစ်ရစ်ပြီးတစ်ရစ် ခါးစည်းခံခဲ့ကြရသည်။ ယနေ့အချိန်ထိလည်း သန်းခေါင်ထက် ညနက်သည့် အခြေအနေမျိုး ကြုံတွေ့နေကြရဆဲဖြစ်သည်။ယခင်နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရသူများ မိမိတို့၏ နဂိုနေရင်းရပ်ရွာများ၊ တောင်ယာများ၊ နေအိမ်များနှင့် သစ်တောများဆီသို့ နေရပ်ပြန်နိုင်ခြင်းမရှိစေရန် ပိတ်ဆို့ ခံထားရသည့် အခြေအနေ၌ ဆက်လက်ဖြစ်ပွားလျက်ရှိသည့် လက်နက်ကိုင်ပဋိပက္ခ၊စစ်ဘောင်ချဲ့မှု့နှင့် စီးပွား ရေးအသားပေး အကြီးစားစီမံကိန်းကြီးများက နေရပ်စွန့်ခွာတိမ်းရှောင်မှုလှိုင်းလုံးသစ်များ ထပ်မံထွက်ပေါ်လာ စေရန် ဖန်တီးလျက်ရှိသည်။

၂၀၁၀ ခုနှစ်ကတည်းက မြေ၊ သစ်တော၊ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အမျိုး သားအဆင့် မူဝါဒများနှင့် ဥပဒေပေါင်းများစွာကို တစ်လှေကြီးရေးဆွဲအတည်ပြုခဲ့ကြသည်။ သို့သော်လည်း အ ဆိုပါဥပဒေမူဘောင်များ၌် နေရပ်စွန့်ခွာ၍ တိမ်းရှောင်ခဲ့ကြရသူများ၏ လိုအပ်ချက်များ သို့မဟုတ် အခွင့်အရေး များကို ထည့်သွင်းစဉ်းစားထားခြင်းမရှိပေ။ လက်ရှိအချိန်ထိ ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရသူများနှင့် စစ်ဘေးဒုက္ခသည်များ၏ မြေယာဆိုင်ရာရပိုင်ခွင့် အခွင့်အရေးပေါ် အခြေခံထားသည့် မူလရပိုင်ခွင့်အခွင့်အရေး များကို ပြန်လည်ရယူခံစားပိုင်ခွင့်ရှိကြောင်း အသိအမှတ်ပြုခြင်းဖြင့် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူများ ဆိုးဆိုး ရွားရွားတွေ့ကြုံခံစားရလျက်ရှိသည့် အခြေအနေအရပ်ရပ်ကို သင့်တင်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်းပေး ထားသည့် ဥပဒေတစ်ခုတစ်လေမျှ ရှိမနေပေ။ ယင်းအစား လက်ရှိအစိုးရ၏ မူဝါဒသည် IDPs နှင့် Refugees များပိုင်ဆိုင်ခဲ့ကြသည့် မြေယာများကို စီးပွားရေးအကျိုးစီးပွားအတွက် ပြန်လည်ခွဲေ၀ချထားပေးရန်သာ အား သန်သလို ဖြစ်နေပါသည်။ အလွန်အရေးပါသည့် တောင်ဖက်စွန်းဒေသရှိ သဘာ၀အတိုင်းကျန်ရှိနေဆဲဖြစ်သည့် ကျွန်းများပင်ဖြစ်နေပါစေ သို့မဟုတ် မြောက်ဖက်စွန်းရှိ ခန့်ညားထည်ဝါလှသည့် တောင်စဉ်တောင်တန်းများ ပင်ဖြစ်နေပါစေ အလျဉ်းဂရုမစိုက်ဘဲ သဘာ၀ခရီးသွားလုပ်ငန်းအပါအ၀င် စိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေး၊ စက် မှုလုပ်ငန်းနှင့် အခြေခံအဆောက်အအုံစီမံကိန်းများဖော်ဆောင်ရန် ၀န်မလေးလှပေ။  

အထူးသဖြင့် ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးဥပဒေနှင့် ယင်း၏ ၂၀၁၈ ခုနှစ် ပြင်ဆင် ချက်ဥပဒေသည် IDP-refugee မြေများ၊ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရသူများ၏1 နေရပ်ပြန်ခွင့်နှင့် မူလရပိုင်ခွင့် အခွင့်အရေးများနှင့် ငြိမ်းချမ်းရေး2 တို့ကို အာမဘနေ္တခံရမည့် ကျင့်၀တ်သိက္ခာပိုင်းဆိုင်ရာ ၀တ္တရားများအပေါ် အ ကြီးအကျယ်ခြိမ်းခြောက်လာခဲ့သည်။ လက်ရှိအချိန်၌ မသမာသူများနှင့် စီးပွားရေးဇာတ်ကောင်များသည် VFV ဥပဒေနှင့် ယင်း၏ပြင်ဆင်ချက်တို့ကို အသုံးချ၍ IDP နှင့် Refugee များ၏ မြေယာများကို အမည်ပေါက်မှတ်ပုံ တင် လျှောက်ထားရယူလျက်ရှိသည်။ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူများကို ပထမနေရာ၌ထား၍ ထည့်သွင်းစဉ်း စားရမည့် အစိုးရနှင့် အခြားအရေးပါသည့်အင်အားစုများ၏ လစ်ဟင်းပျက်ကွက်မှုသည် ကာလရှည်ကြာလွန်းသည့် နေရပ်စွန့်ခွာတိမ်းရှောင်မှုများဆီသို့ ဦးတည်သွားစေလျက်ရှိသည့်အပြင် နေအိမ်များနှင့် အသက်မွေး၀မ်း ကျောင်းလုပ်ငန်းများ ပျက်စီးဆုံးရှုံးခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခကြောင့် နာကျင်ခံစားခဲ့ရသည့် စိတ်ဒဏ်ရာအ ပေါ် တစ်ပူပေါ်နှစ်ပူဆင့်လာစေပြန်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဦးဆောင်သည့် အစိုးရသက်တမ်းအတွင်း တစ်ကြိမ်တစ်ခါမျှ အားပြည့်အင် ပြည့်ထိထိရောက်ရောက် လည်ပတ်နိုင်ခဲ့ခြင်းမရှိသည့် ပြည်လုံးကျွတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် လက်ရှိအ ချိန်၌ မရေမရာဖြင့် အသင်ငင်နေပြီဖြစ်သည်။ အနောက်ခြမ်းရှိ ရခိုင်ပြည်နယ်အပါအ၀င် မြန်မာနိုင်ငံမြောက် ပိုင်းနှင့် အရှေ့ပိုင်းတစ်လွှား စစ်ဘောင်ချဲ့မှုနှင့် တိုက်ပွဲများဆက်တိုက်ဆိုသလို ကျယ်ပြန့်လာလျက်ရှိသည်။ ပြင်းထန်သည့် ထိတွေ့တိုက်ခိုက်မှုများ ပုံမှန်ဆိုသလို ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ အထူးသဖြင့် ထိုင်းနိုင်ငံ နှင့် နယ်စပ်ဒေသတစ်ကြောရှိ စစ်ဘေးဒုက္ခသည်စခန်းများ၌ ဆက်လက်နေထိုင်နေကြသူများသည် အရဲစွန့်ရမှု အန္တရာယ်ပေါင်းများစွာအကြား နေရပ်ပြန်ရန် နှစ်ဖက်အစိုးရ၏ ဖိအားပေးမှုခံနေရသလို နိုင်ငံတကာအသိုက် အ၀န်းသည်လည်း စခန်းနေလူထုလူတန်းစားများအတွက် ထောက်ပံ့ပေးလျက်ရှိသည့် လူသားချင်းစာနာ ထောက်ထားရေးအကူအညီများကို လျှော့ချလာခဲ့သည်။ တစ်ချိန်တည်းလိုလို၌ မြန်မာနိုင်ငံအစိုးရသည် စစ်ပုံ သွင်းမှုနှင့် လက်နက်ကိုင်ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည့် နယ်မြေဒေသများအပါအ၀င် နိုင်ငံအနှံ့အ ပြားရှိ ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်စခန်းများကို ပိတ်သိမ်းပစ်ရန် အစီအစဉ်များ ရေးဆွဲချမှတ်လျက်ရှိသည်။ သို့ဖြစ်၍ လက်ရှိမြန်မာနိုင်ငံ၏ ဒေသအချို့ကို လောကငရဲသဖွယ် တင်စားပြောဆိုသွားသည့်အ ပေါ် ထူး၍မအံ့သြမိတော့ပေ။
မိမိတို့၏ မြေရပိုင်ခွင့် အခွင့်အရေးအတွက် စည်းလုံးညီညွတ်လာကြသည့် IDPs နှင့် Refugees များ နယ်ခံလူထုလူတန်းစားများနှင့် ၎င်းတို့၏ မြေယာများအပေါ် တစ်နေ့တစ်ခြားကြီးထွားလာနေသည့် ဖိအားများအ ကြား The Border Consortium နှင့် Transnational Institute တို့သည် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရသူများ (အဓိကအားဖြင့် လက်နက်ကိုင်ပဋိပက္ခကြောင့် စစ်ရှောင်ခဲ့ကြရသည့် IDPs နှင့် Refugees များ)နှင့် ၎င်းတို့ကို အနီးကပ်ကူညီပံ့ပိုးပေးလျက်ရှိသည့် အဖွဲ့အစည်းများ အတူတကွလက်တွဲ၍ ၎င်းတို့၏ မြေယာရပိုင်ခွင့် အခွင့် အရေးများအတွက် ကာကွယ်တိုက်ပွဲသွားမည့် စည်းရုံးအရေးဆိုမှုစင်္ကြန်တစ်ရပ် ထူထောင်နိုင်စေရန် အစဉ်အ ဆက်ပံ့ပိုးကူညီလာခဲ့သည်။ ၂၀၁၆ ခုနှစ်မှစ၍ ကချင်၊ ကယား(ကရင်နီ)၊ ကရင်၊ မွန်နှင့် ရှမ်း ပြည်နယ်ငါးခုမှ IDPs နှင့် စစ်ဘေးဒုက္ခသည်များသည် မိမိတို့၏ အတွေ့အကြုံများနှင့် စိတ်ကူးရည်မှန်းချက်များကို နှီးနှောဖ လှယ်၍ ယင်းတို့ကို လူ့အခွင့်အရေးအခြေခံမူများ၊ ပဋိဉာဉ်မူများနှင့် သဘောတူစာချုပ်များဖြင့် နှိုင်းယှဉ်သုံးသပ် ကာ မိမိတို့၏ မြေရပိုင်ခွင့် အခွင့်အရေးများနှင့်ပတ်သက်သည့် ရပ်တည်ချက်သဘောထားတစ်ရပ် ရေးဆွဲပြင် ဆင်ရန် ရန်ကုန်နှင့် မြစ်ကြီးနားမြို့များ၌ အကြိမ်ပေါင်းများစွာ တွေ့ဆုံစည်းေ၀းခဲ့ကြပါသည်။3

လက်ရှိအချိန်၌ အထူးသဖြင့် VFV အပါအ၀င် မြေယာဥပဒေပြင်ဆင်ချက်အသစ်များနှင့် အစိုးရ၏ IDP စခန်း ပိတ်သိမ်းရေး အစီအစဉ်များက မိမိတို့၏ အခွင့်အရေးကို အသိအမှတ်ပြု၍ အကာအကွယ်ပေးရန် တောင်းဆို လျက်ရှိသည့် လူထုလူတန်းစားများ၏ အသံများကို ပိုမိုကျယ်လောင်လာစေလျက်ရှိသည်။  IDPs နှင့် စစ်ဘေးဒုက္ခသည်နှစ်ရပ်စလုံးပါ၀င်လျက်ရှိသည့် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူများသည် အခြေအနေကို ထိပ်တိုက်ရင် ဆိုင်ဖြေရှင်းရုံမှတစ်ပါး အခြားရွေးစရာလမ်းမရှိတော့ကြောင်း သိမြင်လာကြပြီဖြစ်သည်။ မိမိတို့၌ရှိသည့် ရရာအ ရင်းအမြစ်များကို ကိုင်စွဲ၍ မတူကွဲပြားသည့် အတွေ့အကြုံများအကြား ဘုံရည်မှန်းချက်တစ်ရပ် ရှာဖွေဖော်ထုတ် ကာ အချင်းချင်းချိတ်ဆက်လက်တွဲ၍ စည်းလုံးညီညွတ်သည့် အမာခံအင်အားစုတစ်ရပ် ၀ိုင်း၀န်းထူထောင်ပြီး မိတ်ဖက်အင်အားစုများနှင့်အတူ စည်းရုံးအရေးဆိုမှုများ တစ်နေ့တစ်ခြားကြီးထွားလာလျက်ရှိသည်။ 

လတ်တလောမှာပင် ပြည်နယ်ငါးခုမှ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူများ အတူတကွပူးပေါင်း၍ ရပ်တည်ချက်သ ဘောထား ကြေညာစာတမ်းတစ်စောင်ရေးဆွဲဲပြင်ဆင်၍ ရန်ကုန်မြို့၌ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွား ရန် ဆုံးဖြတ်ခဲ့ကြသည်။သတင်းစာရှင်းလင်းပွဲဖြင့် သဘောထားကြေညာစာတမ်းကို မထုတ်ပြန်မီ LIFT ရန်ပုံငွေ ဘုတ်အဖွဲ့နှင့် နိုင်ငံရေးပါတီများဖြင့် စုဖွဲ့ထားသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA)တို့ကို ဦးစွာရှင်းလင်းတင်ပြခဲ့ကြသည်။ အစီအစဉ်တစ်ခုချင်းစီ၌ ပြည်နယ်ငါးခုမှ ကိုယ်စားလှယ်တစ်ဦးစီ ပါ၀င်သည့် စကား၀ိုင်းဆွေးနွေးမှုအားဖြင့် နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်မှုကြောင့် ကြုံတွေ့ခံစားနေရသည့် စိတ်ဒဏ်ရာနှင့် ငြိမ်းချမ်းရေး၊ တရားမျှတမှုရရှိရေးနှင့် အသိအမှတ်ပြုခံရရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်လှုပ် ရှားနေကြရသည်ဟု မျှေ၀သွားခဲ့ကြသည်။

ရန်ကုန်မြို့ရှိ Summit Park View ဟိုတယ်၌ စီစဉ်ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲသို့ သံရုံးအများအပြားမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် နိုင်ငံတကာအရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် မီဒီယာများမှ ကိုယ်စားလှယ်ပေါင်း(၁၃၀)ကျော် တက် ရောက်လာခဲ့ကြသည်။ ဤသတင်းစာရှင်းလင်းပွဲသည် မြေယာလုယူမှုနှင့် တိုက်ပွဲများအကြား မြေစာပင်ဖြစ်ခဲ့ရ သည့် သာမန်အရပ်သားပြည်သူ နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်ခဲ့ရသူများက မိမိတို့ ကိုယ်တိုင်ဖန်တီးခဲ့ခြင်း မဟုတ်သော်လည်း ဘေးပရောဂကြောင့် နစ်မွန်းနေရသည့် ခိုကိုးရာမဲ့အခြေအနေမျိုးမှ ကောင်းကျိုးချမ်းသာရရှိ ခံစားနိုင်ရန်အတွက် ကိုယ်တိုင်ကြိုးပမ်းအားထုတ်လာသည့် အံ့မခန်းအခြေအနေမျိုးကို မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်သည်။

ရှင်းလင်းတင်ပြနေစဉ်အတွင်း သက်ဆိုင်ရာ ကိုယ်စားလှယ်အသီးသီးက တိုက်ပွဲများကြောင့် ၎င်းတို့ နေရပ်စွန့် ခွာစစ်ဘေးတိမ်းရှောင်ခဲ့ရပြီးနောက်ပိုင်း ၎င်းတို့ချန်ထားရစ်ခဲ့သည့် မြေယာများကို တပ်စခန်းချရန်အတွက် တပ် ရင်းတပ်ဖွဲ့များ သို့မဟုတ် “ရင်းနှီးမြှုပ်နှံမှု” သို့မဟုတ် “ဖွံ့ဖြိုးရေး”အမည်ခံ စီမံကိန်းများအတွက် ကုမ္ပဏီများကို လုပ်ပိုင်ခွင့်ချထားပေးရန် အစိုးရအာဏာပိုင်များက သိမ်းဆည်းသွားခဲ့သည်။ နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်ခဲ့ ရသည့် ကာလအပိုင်းအခြားချင်းသာ ကွဲပြားခဲ့သော်လည်း ပြည်နယ်ငါးခုစလုံး၌ အလားတူပုံစံမျိုးကိုပင် ကြုံတွေ့ ခဲ့ရခြင်းဖြစ်သည်။   

မည်ကဲ့သို့ ဖြစ်စေချင်သနည်းဟူသည့် မေးခွန်းနှင့်ပတ်သက်၍ ကိုယ်စားလှယ်များက ၎င်းတို့စွန့်ခွာထားခဲ့ရသည့် မြေယာများကို ၎င်းတို့လက်၀ယ်သို့ ပြန်လည်အပ်နှံပေးရန်လိုအပ်သလို ၎င်းတို့၏ ဘေးကင်းလုံခြုံရေး အာမခံ ချက်ရှိ၍ သက်ဆိုင်ရာ မြေနှင့် အသက်မွေး၀မ်းကျောင်းလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်မှသာလျှင် နေရပ် ပြန်လိုသည်ဟု ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ ထို့အပြင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဥပဒေ ကို ပယ်ဖျက်ရန်၊ ၎င်းတို့၏ ဓလေ့ထုံးတမ်းစဉ်လာ ပိုင်ဆိုင်မှုစနစ်များကို အသိအမှတ်ပြုရန်နှင့် မြေပေါ်နေထိုင် လုပ်ကိုင်စားသောက်လျက်ရှိသူများသာ ယင်းမြေကိုပိုင်ဆိုင်မှုရှိသင့်ကြောင်း အသိအမှတ်ပြုရန် လိုအပ်သည် ဟုလည်း ထုတ်ဖော်ပြောဆိုသွားခဲ့ကြသည်။

အထက်ပါ ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ရန် IDPs နှင့် Refugees များ၏ မြေရပိုင်ခွင့် အခွင့်အရေး များကို အသိအမှတ်ပြု၍ ၎င်းတို့အား အနှစ်သာရရှိရှိ ပါ၀င်ဆောင်ရွက်ခွင့်ပြုထားသည့် အားလုံးပါ၀င်မှုရှိ၍ အောက်ခြေမှ အထက်သို့ဦးတည်သည့် လုပ်ငန်းစဉ်တစ်ရပ်ဖြင့် မြေဥပဒေသစ်တစ်ခု ရေးဆွဲပြင်ဆင်သင့်သည်။ အဆိုပါ ဥပဒေသစ်အတွင်း၌လည်း မျိုးဆက်ပေါင်းများစွာ အစဉ်အဆက်ကျင့်သုံးလာခဲ့သည့် တိုင်းရင်းသား လူထုလူတန်းစားများ၏ ကိုယ်ပိုင်ဓလေ့ထုံးတမ်းဆိုင်ရာ မြေယာပိုင်ဆိုင်မှုနှင့် စီမံခန့်ခွဲမှုစနစ်များကို မဖြစ်မနေအ သိအမှတ်ပြုပေးရန် လိုအပ်ပါသည်။ ချုပ်၍ဆိုရသော် မြန်မာနိုင်ငံ၏ မြေယာဥပဒေသည် လက်ရှိအလုပ်အကျေွး ပြုလျက်ရှိသည့် လက်တစ်ဆုပ်စာ စီးပွားရေးအကျိုးစီးပွားများအတွက်သာမဟုတ်ဘဲ ဆင်းရဲသားများကို အ လုပ်အကျေွးပြု၍ အကျိုးသက်ဆိုင်သူအားလုံး၏ သဘောတူခွင့်ပြုချက်ရရှိအောင် ကြိုးပမ်းဆောင်ရွက်သင့်ပါ သည်။
 
IDP-refugee သတင်းစာရှင်းလင်းပွဲမှ ကိုးကားပြောဆိုချက်များ
“တစ်ချို့က IDPs ဖြစ်လာတာမကြာသေးပေမယ့် တစ်ချို့ကတော့ အရမ်းကြာခဲ့ပြီ။ တစ်ချို့ဆိုရင် မြန်မာ့တပ်မ တော်ရဲ့ “ဖြတ်လေးဖြတ်”မဟာဗျူဟာစခဲ့တဲ့ ၁၉၇၄ ကတည်းက တိမ်းရှောင်ခဲ့ကြရတာပါ။ မြို့ကြီးပြကြီးမှာနေ တဲ့သူတွေ သိချင်မှသိမယ်ဆိုပေမယ့် ကျနော်တို့ကတော့ ဘယ်တော့မှမေ့သွားမှာ မဟုတ်ပါဘူး။ ၁၉၈၄ က တည်းက ထိုင်းနိုင်ငံမှာ ဒုက္ခသည်စခန်းတွေ ပေါ်ပေါက်လာခဲ့တာပါ။” (ကရင်စစ်ဘေးဒုက္ခသည်တစ်ဦး၊ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၁ ရက်)

“၂၀၁၂ ခုနှစ်မှာ VFV ဥပဒေကို အတည်ပြုခဲ့ကြတယ်။ ဒါကို ကျနော်တို့ အရမ်းစိုးရိမ်ပါတယ်။ ကျနော်တို့ ချန် ထားရစ်ခဲ့တဲ့ နေရင်းရပ်ရွာတွေမှာ စီးပွားရေးသမားတွေက ကျနော်တို့ရဲ့ မြေတွေကို ဒီဥပဒေနဲ့ မှတ်ပုံတင်ယူနေ ကြတယ်။ ကျနော်တို့မှာက ဓလေ့ထုံးတမ်းစနစ်ကလွဲပြီး ဘာတရား၀င်စာရွက်စာတမ်း အထောက်အထားမှ မရှိကြပါဘူး။ ကျနော်တို့ဒေသကို အစိုးရက အမည်းရောင်နယ်မြေဆိုပြီး တောက်လျှောက်သတ်မှတ်ထားခဲ့တဲ့ အတွက် မြေတိုင်းစာရေးတွေ လာတိုင်းပေးဖို့ငြင်းဆိုကြတဲ့အတွက် လျှောက်ထားခဲ့ရင်တောင် ဘယ်လိုမှ ပုံစံ(၇) မရနိုင်ဘူးဖြစ်နေတယ်။ သူတို့လာပြီး ကွင်းဆင်းတဲ့အခါမှာ သူတို့ရဲ့လုံခြုံရေးကို တာ၀န်ယူပေးနိုင်လို့လားလို့ပဲ ဆင်ခြေပေးနေကြတော့ ဘယ်သူက ဘယ်သူ့ကို ကာကွယ်ပေးဖို့ တာ၀န်ရှိတာလဲ။” (ရှမ်းမြောက်ဒေသ IDP တစ်ဦး၊ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၁ ရက်) 
 
“VFV ဥပဒေ ပြင်ဆင်ခဲ့ပြီးနောက်ပိုင်း ဖရူဆိုမြို့က မြေဧက(၅၀)ကျော်ကို မြန်မာ့တပ်မတော်ရဲ့ တပ်မှူးနာမည် နဲ့ လျှောက်ထားပြီး မှတ်ပုံတင်ယူလိုက်တယ်။ ဥပဒေတွေဆိုတာ ပြည်သူလူထုအတွက်ဖြစ်ရမယ့်ဟာကို ခုတော့ လက်တစ်ဆုပ်စာ လူတွေကပဲ အကျိုးခံစားခွင့်ရနေကြတယ်။” (ကရင်နီ IDP-refugee မြေရပိုင်ခွင့် အခွင့်အ ရေးကာကွယ်စောင့်ရှောက်သူ၊ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၁ ရက်)

“ လက်ရှိကျနော်တို့ ရင်ဆိုင်နေရတဲ့ အရေးပေါ်ကိစ္စကတော့ မြေယာပါပဲ။ ကျနော်တို့ရဲ့ မြေနဲ့ ရပ်ရွာတွေ တ ရုတ်တစ်သျှူးငှက်ပျောစိုက်ခင်းတွေရဲ့ ခြိမ်းခြောက်မှုကိုခံနေရပါတယ်။ သစ်တောဦးစီးဌာနက ကျနော်တို့ရဲ့မြေ တွေကို သစ်တောကြိုး၀ိုင်းအဖြစ် ကြေညာလိုက်ပြီ။ သူတို့ရဲ့ သတိပေးဆိုင်းဘုတ်တွေက ငှက်ပျောကုမ္ပဏီတွေ ၀င်လာပြီးနောက်မှ လာစိုက်သွားကြတာပါ။ အရင်က တစ်ခါမှကို မမြင်ဖူးမကြားဖူးခဲ့ဘူး။ အစိုးရဖက်က VFV ဥပဒေနဲ့ ပတ်သက်လာရင် တက်တက်ကြွကြွနဲ့ အတော်ကို အားသွန်ခွန်စိုက်ရှိပြီး လက်ရှိအချိိန်မှာ မြေယာစစ် တမ်းတစ်ခု ကောက်ယူနေပါတယ်။ ကျနော်တို့ ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးတွေကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီး နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ခဲ့ရတယ်။ အခုတော့ ကျနော်တို့ရဲ့ မြေယာတွေနဲ့ ပတ်သက်ပြီး နောက်ထပ် ပြဿနာတွေ အများကြီးရင်ဆိုင်နေရပြီ။” (ကချင်ပြည်နယ်မှ IDP တစ်ဦး၊ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၁ ရက်)
“မြေက ကျနော်တို့ရဲ့ မိသားစုကို ကျေွးမွေးပြုစုဖို့နဲ့ ဘ၀လုံခြုံရေးအတွက် အရမ်းအရေးကြီးတယ်။ မွန်ပြည်နယ် မှာ လက်ရှိတိုက်ပွဲတွေ မရှိဘူးဆိုပေမဲ့ VFV ဥပဒေကြောင့် ထိခိုက်မှုတွေနဲ့ မြေယာလုယူမှုတွေ အများကြီးဖြစ် နေတယ်။ ကျနော်တို့ မွန်ဒေသမှာ VFV မြေဆိုတာ ရှိကိုမရှိပေမဲ့ အစိုးရက ကျနော်တို့အပေါ် ဒီဥပဒေနဲ့ ဆက်ပြီး စည်းကြပ်ထိန်းချုပ်နေတုန်းပဲ။ မွန် IDPs တွေရဲ့ နေရင်းရပ်ရွာဒေသတွေမှာ အစိုးရက စီမံကိန်းတွေအများ ကြီးဖော်ဆောင်ဖို့အတွက် ပြင်ဆင်ထားတယ်။ အဓိကအနေနဲ့ကတော့ ကျနော်တို့အနေနဲ့ ဒီ VFV ဥပဒေကို ဘယ်လိုမှ လက်မခံနိုင်ဘူးလို့ပဲ ပြောချင်ပါတယ်။ ကျနော်တို့ဒေသမှာ VFV မြေဆိုတာကို မရှိတာပါ။” (မွန်  IDP-refugee မြေရပိုင်ခွင့် အခွင့်အရေးကာကွယ်စောင့်ရှောက်သူ၊ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၁ ရက်) 
 
“၂၀၁၂ ခုနှစ်မှာ ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ အစိုးရတို့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်။ အဲဒီအချိန်ကစပြီး ငြိမ်းချမ်းသွားပြီဖြစ်တဲ့အတွက် IDPs နဲ့ Refugees တွေ အိမ် ပြန်လို့ရပြီလို့ နိုင်ငံတကာ အဖွဲ့အစည်းတော်တော်များများ စပြောလာခဲ့တယ်။ နေရပ်ပြန်ဖို့အတွက် ကျနော်တို့ ကို အဖက်ဖက်က ဖိအားပေးလာခဲ့ပြီး ရိက္ခာအထောက်အပံ့တွေလည်း လျော့ကျလာခဲ့တယ်။ ကျနော်တို့ပြန်ဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် ဘယ်မှာသွားနေရမှာလဲ။ ရွာထဲမှာ အစိုးရတပ်စခန်းတွေနဲ့ ကျနော်တို့ရဲ့ မြေတွေကို ၀င်ရောက် လုပ်ကိုင်စားသောက်နေကြတဲ့သူတွေလည်းရှိတယ်။ နေရပ်ပြန်တဲ့သူတွေအတွက် အစိုးရကပြင်ဆင် ပေးထားတဲ့ အိမ်တွေက အရမ်းသေးတော့ လုပ်ကိုင်စားသောက်ရဖို့မြေနဲ့ တစ်ခြားစီးပွားရေးအခွင့်အလမ်းတွေ လည်းမရှိဘူး။ တကယ်လို့ IDPs နဲ့ refugees တွေ နေရပ်ပြန်တော့မယ်ဆိုရင် မြန်မာ့တပ်မတော်ဖက်က တပ်စ ခန်းတွေကို ဖယ်ရှားပေးဖို့လိုသလို မြေမြှုပ်မိုင်းရှင်းလင်းရေးနဲ့ အသက်မွေး၀မ်းကျောင်းအကူအညီတွေ ပေးအပ် ဖို့လိုတယ်။”  (ကရင် IDP၊ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၁ ရက်) 
 
“အာဏာပိုင်တွေက ကျနော်တို့ကို ပြန်ခိုင်းနေကြတယ်။ ရွာထဲမှာ အစိုးရစစ်တပ်တွေ တပ်စွဲထားတုန်းပဲ။ ဆို တော့ ကျနော်တို့ပြန်ပြီးနောက်ပိုင်း တိုက်ပွဲထပ်မဖြစ်ဘူးလို့ ဘယ်သူအာမခံပေးမလဲ။ နိုင်ငံရေးဆွေးနွေးပွဲကနေ ရေရာသေချာတဲ့ အဖြေမျိုးမထွက်လာသေးဘူး။” (ကချင် IDP၊ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၁ ရက်)

ကျောက်မီးသွေးတွင်းမှ စာဝါငှက် 

IDP-refugee ကိုယ်စားလှယ်များ၏ အဓိကတောင်းဆိုချက်များ၌ အောက်ပါအချက်သည်လည်း တစ်ခုအပါအ ၀င်ဖြစ်သည်။ 

“အာဏာပိုင်တွေ(အစိုးရနှင့် EAOs)အနေနဲ့ IDP-refugee တွေရဲ့ နေရင်းရပ်ရွာဒေသတွေမှာ ချန်ထားရစ်ခဲ့ ရတဲ့ မြေယာတွေကို သူတို့လက်ထဲ ပြန်အပ်ပေးဖို့နဲ့ သူတို့ရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ဂုဏ်သိက္ခာရှိရှိ ကိုယ့်သဘောဆန္ဒအတိုင်း နေရပ်ပြန်နိုင်ရေးတို့ကို ဦးစားပေးဆောင်ရွက်ပြီး မူလရပိုင်ခွင့် အခွင့်အရေးတွေကို အနှစ်သာရရှိရှိ အရင်အတိုင်းပြန်ရယူခံစားနိုင်အောင် ဖြည့်ဆည်းဆောင်ရွက်ပေးသင့်ပါတယ်။ အဲဒီမှာ ငြိမ်းငြိမ်းချမ်းချမ်း အန္တရာယ်ကင်းကင်းနဲ့ ဂုဏ်သိက္ခာပြည့်၀တဲ့ ဘ၀တွေကို ပြန်ပြီးတည်ဆောက်နိုင်ဖို့  သင့်တင့်လျောက်ပတ်ပြီး ရေရှည်အလုပ်ဖြစ်တဲ့ အသက်မွေး၀မ်းကျောင်းလုပ်ငန်းတွေ၊ အခြေခံရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးနဲ့ စီးပွား ရေးဆိုင်ရာ အခွင့်အလမ်းတွေကို လက်လှမ်းမီနိုင်အောင် ဆောင်ရွက်ပေးရမယ့် ကိစ္စရပ်တွေ ပါ၀င်နေပါတယ်။”

အလားတူအခြေအနေမျိုး၌ ပိတ်မိလျက်ရှိသည့် မည်သည့်နိုင်ငံသားမဆို(ကမ္ဘာနေ လူသားတိုင်း) ဤကဲ့သို့ပင် တောင်းဆိုကြမည်ဖြစ်ပြီး ၎င်းတို့၏ ဒီမိုကရေစီနှင့် တရားမျှတမှုရှိသည့် တောင်းဆိုချက်မှ ပေါက်ဖွားလာမည့် စစ်မှန်သည့် ငြိမ်းချမ်းရေးအတွက် အလားတူသဘောဆန္ဒမျိုးဖြင့် မျှော်လင့်မိကြမည်ဖြစ်သည်။  

အစိုးရနှင့် စီးပွားရေးသမားများအနေဖြင့် အချိန်ကြာလာသည်နှင့်အမျှ မြန်မာနိုင်ငံအတွင်းရှိ IDPs နှင့် Refugees များ အလိုအလျောက် ပျောက်ကွယ်သွားလိမ့်မည်ဟု မျှော်လင့်ထားကြပုံရသည်။ သို့သော်လည်း မည်သည့်နည်းနှင့်မျှ ထိုကဲ့သို့ဖြစ်ပေါ်လာနိုင်ခြေမရှိကြောင်း သိသာထင်ရှားလျက်ရှိသည်။ ယင်းအစား နေရပ် စွန့်ခွာစစ်ဘေးတိမ်းရှောင်ခဲ့ရသူများသည် စနစ်တကျစည်းရုံးလှုပ်ရှားလာကြပြီး အားကောင်းကောင်းဖြင့် ရှင်း လင်းပြတ်သားစွာ စည်းရုံးအရေးဆိုလာခဲ့ကြပြီဖြစ်သည်။ ပြန်လည်ကုစားပေးသည့်နည်းလမ်းအရ တရားမျှတမှု ရှာဖွေခြင်းဖြင့် မြေရပိုင်ခွင့်အခွင့်အရေးအပါအ၀င် အခြေခံလူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်များကို အဓိပ္ပာယ်ရှိရှိ အပြည့်အ၀အသိအမှတ်ပြုပေးရန်သာအစဉ်အဆက်တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ IDPsနှင့်refugeesများ အနေဖြင့်မိမိတို့သည်မှားယွင်းသည့်ဖက်ခြမ်း၌ရောက်ရှိနေသဖြင့် ကံမကောင်းအကြောင်းမလှဖြစ်ရသူများဖြစ်ပြီး ဘယ်သောအခါမျှ ကံတက်လာမည့်သူများမဟုတ်သကဲ့သို့ လက်လျှော့အရှုံးပေးခြင်းမပြုသင့်ပေ။ အဘယ် ကြောင့်ဆိုသော် ၎င်းတို့သည် ကျောက်မီးသွေးတွင်းထဲမှ စာဝါငှက်ငယ်လေးများဖြစ်ပြီး ၎င်းတို့အပေါ် သက် ရောက်ခဲ့သည့် ထိခိုက်မှုများသည် ကျန်လူ့ဘောင်အသိုက်အ၀န်းတစ်ရပ်လုံး၏ ရှေ့တွင်စောင့်ကြိုလျက်ရှိသည့် ရှေ့ပြေးကြမ္မာဆိုးနိမိတ်များပင်ဖြစ်သည်။ နိုင်ငံ၏ လူ့ဘောင်အသိုက်အ၀န်းအကြား ဆင်းရဲနွမ်းပါးမှုအရှိဆုံးနှင့် ပစ်ပယ်ခံလူထုလူတန်းစားများ၏ လူ့အခွင့်အရေးကိုပင် အာမခံပေးနိုင်မှုမရှိခြင်းသည် အနာဂတ် နိုင်ငံရေးအ ပြောင်းအလဲကို ဆိုးဆိုးရွားရွား စွဲချက်တင်လိုက်ခြင်းပင်ဖြစ်သည်။

Endnotes

  1. See, https://www.tni.org/en/article/a-declaration-of-war-on-us
  2. https://www.tni.org/en/article/implementation-of-burmas-vacant-fallow-and-virgin-land-management-law
  3. See e.g. https://www.irrawaddy.com/news/burma/civil-society-groups-demand-national-land-restitution-policy-for-displaced-communities.html; and, https://www.tni.org/en/publication/re-asserting-control-voluntary-return-restitution-and-the-right-to-land-for-idps-and

နေရပ်စွန့်ခွာတိမ်းရှောင်ရသူများနှင့် ဘေးဒုက္ခသည်များ၏ မြေယာရပိုင်ခွင့်ဆိုင်ရာ ကြေညာစာတမ်း အပြည့်အစုံဖတ်ရှုရန် . . . (၂ဝ၁၉-ခုနှစ်၊ သြဂုတ်လ(၂၁)ရက်နေ့)(English) (Burmese)

မြေသိမ်းမှုများကို ထောက်ပံ့ခြင်းများရပ်ဆိုင်းပါရန် AIIB ဘဏ်သို့ ပေးပို့သည့် PCFS ၏ သဘောထားကြေညာချက်

http://foodsov.org/to-aiib-stop-bankrolling-landgrabs/

၁၄ ဇူလိုင် ၂ဝ၁၉

Asian Infrastructure and Investment Bank (AIIB) [အာရှအခြေခံအဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှုဘဏ်] အနေနှင့် မြေသိမ်းမှုများကိုဖြစ်စေသည့်၊ ကျေးလက်ပြည်သူများ ရွေ့ပြောင်းရစေသည့် စီမံကိန်းများအတွက် ငွေကြေးပံ့ပိုးနေခြင်းကို ရပ်တန့်ပါရန် Peoples Coalition on Food Sovereignty (PCFS) [အစားအစာအုပ်စိုးစီမံမှုဆိုင်ရာ လူထုမဟာမိတ်] က သဘောထားကြေညာချက် ထုတ်ပြန်တောင်းဆိုသည်။ တရုတ်၏ ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း (Belt & Road Initiative – BRI) စီမံကိန်းများကို အဓိက ရည်ညွှန်းသည်။ လူဇင်ဘာ့ခ်တွင် ဇူလိုင်လ ၁၂-၁၃ ရက်နေ့များ၌ပြုလုပ်ခဲ့သည့် AIIB ၏ နှစ်ပတ်လည်အစည်းအဝေးတွင် တောင်းဆိုခဲ့သည့် ကျေးလက်နေပြည်သူများ၏ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု ပိုမိုကောင်းမွန်းစေရေး တောင်းဆိုချက်များကို ကျွန်ုပ်တို့ထောက်ခံသကဲ့သို့ လူထုမြေယာအခွင့်အရေးချိုးဖောက်မှုများအတွက် တရားမျှတမှု တောင်းဆိုခြင်းအတွက်လည်း ကျွန်ုပ်တို့ထောက်ခံသည်။

AIIB အနေနှင့် ကာလအရှည်ကြာဆုံးရပ်တည်ခဲ့သည့် နိုင်ငံစုံပါဝင်သည့်ဘဏ်တစ်ခုဖြစ်သည်ဟု ပြောဆိုထားသော်လည်း မကြာသေးမီက ထုတ်ပြန်ချက်များအရ ကမ်ဘာ့တောင်ဘက်ခြမ်း နိုင်ငံ(၆ဝ)ကျော်ကိုဖြန့်ကျက်လျက် တရုတ်ကငွေကြေးပံံပိုးထားသည့် ပို့ဆောင်ရေး၊ အဏ္ဏဝါရေကြောင်း၊ စွမ်းအင်၊ ကုန်သွယ်ရေးများ စီမံကိန်း ၇,ဝဝဝ ကျော်ပါဝင်သော BRI အစီအစဉ်အတွက် အမာခံပံ့ပိုးနေသည့် ဘဏ္႑ာရေးအဖွဲ့အစည်းတစ်ရပ်ဖြစ်သည်ဟု ဖော်ပြနေသည်။

နိုင်ငံစုံပါဝင်သည့် ချေးငွေဘဏ်တစ်ခုဖြစ်သော်လည်း BRI စီမံကိန်းအများစု၏နောက်ကွယ်တွင် ပူးတွဲပံ့ပိုးသူ သို့မဟုတ် အဓိက ချေးငွေထုတ်ပေးနေသူတစ်ဦးအဖြစ် အစဉ်တစိုက် ရှိနေခဲ့ပါသည်။ ဤအချက်က AIIB ဥက္ကဌ ကျင်းလိချွင်၏ BRI အပေါ်အာရုံစိုက်၍ ဘဏ်၏ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုပုံရိပ်ထူထောင်ရန်နှင့် ဘဏ်ကို BRI ၏ “အမွှာအင်ဂျင်” တစ်လုံးအဖြစ် ရှုမြင်ရန် ဟူသည့် ကြေညာချက်များကို အရှိန်မြှင့်တင်စေသည်ဟု သေချာစေသည်။[i] AIIB ၏ အဖွဲ့ဝင်နိုင်ငံစုစုပေါင်း ၈၇-နိုင်ငံမှ နိုင်ငံ ၆ဝ-ကျော်က BRI ၏ အစိတ်အပိုင်းများဖြစ်နေသည်။ ထို့အတွက် လက်ရှိတွင် ကမ်ဘာ့တောင်ပိုင်းနိုင်ငံများမှ ကျေးလက်နေပြည်သူများကို ထိခိုက်စေနိုင်သည့် တရုတ်၏ နယ်မြေချဲ့ထွင်ငွေကြေးချေးငှားရေးဗျူဟာကို AIIB က ပံ့ပိုးလျက်ရှိနေသည်။

ဟောင်ကောင်တွင် ယခင်လအတွင်း PCFS နှင့် APRN (အာရှ-ပစိဖိတ်သုတေသနကွန်ရက်) တို့က တရုတ်၏ BRI နှင့် ၎င်း၏ကျေးလက်ပြည်သူများအပေါ် အကျိုးဆက်များအတွက် ဖိုရမ်တစ်ခု ကျင်းပပြုလုပ်ခဲ့သည်။ အာရှ၊ အာဖရိက၊ လက်တင်အမေရိကဒေသများမှ တက်ရောက်သူများ၏ ဆွေးနွေးချက်များ၊ ကောက်ချက်များမှတဆင့် ကျေးလက်ပြည်သူများနှင့် အစားအစာအုပ်စိုးစီမံမှုအခွင့်အရေးအပေါ် BRI ၏ ဆိုးကျိုးသက်ရောက်မှု ပုံရိပ်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။ နေရပ်စွန့်ခွာရွေ့ပြောင်းရခြင်း၊ မြေသိမ်းခြင်း၊ အရှက်ရခြင်း၊ ယဉ်ကျေးမှုများ ထိခိုက်ပျက်သုဉ်းခြင်း၊ ဒေသများတွင် ထိရှလွယ်ဖြစ်မှု ပိုတိုးလာခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ရပ်များစွာကို တွေ့ရှိခဲ့ရသည်။

မြေယာအခွင့်အရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်။
ဒေသတွင်းနှင့် နိုင်ငံများတွင် ပြည်သူလူထုက ရှင်းလင်းစွာမသိရ၊ လက်လှမ်းမမှီသည့် BRI စီမံကိန်းများစွာကို လုံလောက်သော ပတ်ဝန်းကျင်နှင့်လူမှုရေး ဆန်းစစ်ချက်များမပါပဲ AIIB က ပူးတွဲငွေကြေးပံ့ပိုးပေးနေခဲ့သည်။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း မြေသိမ်းမှုများနှင့် နေရာရွေ့ပြောင်းအခြေချစေခြင်း ကိစ္စရပ်များဖြစ်စေသည့် အကြီးစားရေလှောင် တမံများ၊ လမ်းမကြီးများ၊ ဆိပ်ကမ်းများ၊ စွမ်းအင်ထိန်းရုံများဆိုင်ရာ စီမံကိန်းများဖြစ်ကြသည်။

ယနေ့ကာလ ကမ်ဘာပေါ်တွင် တရုတ်နိုင်ငံသည် လျင်မြန်စွာကြီးထွားလာနေသည့် မြေသိမ်းသူဖြစ်လာလျက်ရှိသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်တာကာလတစ်ခုအတွင်းတွင်ပင် အရောင်းအဝယ်ဖြစ်မြောက်ပြီး မြေယာကိစ္စ ၅.၆ သန်း အပါအဝင် စုစုပေါင်း မြေယာရောင်းဝယ်မှု ၁၂.၇ သန်း ရှိခဲ့သည့်အတွက် BRI သည် ကမ်ဘာ့တောင်ပိုင်းမှ ကျေးလက်နေပြည်သူများ၏ဘဝများကို ပျက်စီးစေသည့်အဓိကမောင်းနှင်သူတစ်ဦး ဖြစ်လာခဲ့သည်။

ကမေ်ဘာဒီးယားနိုင်ငံ တစ်နိုင်ငံတည်းကိုကြည့်လျှင်ပင် (Preah Vihear ခရိုင်မှ ကွမ်တုံဟိန်းဖူ-သကြားကုမ္ဗဏီ၏ ကြံစိုက်ပျိုးရေးအတွက် မြေ ဟက်တာ ၃၆,ဝဝဝ အပါအဝင်) စုစုပေါင်း မြေဧက ၃၇ဝ,ဝဝဝ ခန့်ကို တရုတ်ကုမ္ဗဏီများအတွက် အကြီးစားမြေအသုံးပြုခွင့် ၄၂-ခုအောက်မှ ပေးအပ်ခဲ့သည်။[ii] သကြားတင်ပို့နိုင်ရေးအတွက် ထောင်ဂဏန်းရှိသော တောင်သူများ၊ ကိုး (Kuy) တိုင်းရင်းသားများ နေရပ်ရွေ့ပြောင်းခဲ့ရသည်။

ဖိလစ်ပိုင်နိုင်ငံ၊ ကွီဇုံတွင် အမေရိကန်ဒေါ်လာ ၃၇၄-သန်းတန်ဖိုးရှိသည့် ရာပြည့်ရေအရင်အမြစ်အသစ် – ကလီဝရေကာတာစီမံကိန်းအတွက် တရုတ်အစိုးရက ငွေကြေးပံ့ပိုးခဲ့သည်။ အဆိုပါစီမံကိန်းအတွက် AIIB က အဓိက ထောက်ပံ့ပေးခြင်းဖြစ်ကာ ထောင်ပေါင်းများစွာသော တောင်သူများ၊ ဌာနေတိုင်းရင်းသားများကို ရွေ့ပြောင်းနေထိုင်စေရန် ဖန်တီးထားပြီး သောင်းဂဏန်းပမာဏ အရေအတွက်ရှိသော ပြည်သူများကို ထိခိုက်စေမည်ဖြစ်သည်။

အစားအစာအခွင့်အရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်။
ကမ်ဘာ့စိုက်ပျိုးထုတ်ကုန်ကူးသန်းရောင်းဝယ်ရေးအတွင်း တရုတ်၏အခန်းကဏ္ဍခိုင်မာစေရေးသည် BRI ၏ စိုက်ပျိုးရေးစီမံကိန်းများစွာအတွက် အသည်းနှလုံးဖြစ်သည်။ ၁၄-နှစ်တာကာလအတွင်း စိုက်ပျိုးရေးကဏ္ဍအတွက် တရုတ်၏ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၉၈-ဘီလီယံရှိခဲ့ပြီး[iii] – အဆိုပါ ပမာဏအတွင်းမှ ၇၅% ကို လွန်ခဲ့သည့် ငါးနှစ်အတွင်းရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်သည်။[iv] 
GRAIN ၏ လေ့လာမှုတစ်ခုအရ တရုတ်သည် “အလွန်အမင်း ဝယ်ယူရောင်းချရေးကို တွန်းအားပေးနေသည်၊ အမေရိကန် ဝက်သားထုတ်လုပ်ရေးနှင့် ဘရာဇီး ပဲပုပ်ထုတ်လုပ်ရေးများအပါအဝင် ကမ်ဘာ့ထုတ်လုပ်ရေးကွင်းဆက်များအတွင်း ဆင့်တက်ဝယ်ယူလျက်ရှိသည်၊ ဆွစ်အခြေစိုက် မျိုးစေ့ကုမ္ဗဏီကြီးဖြစ်သည့် Syngenta ၏ အဓိကပိုင်ဆိုင်မှုများကို ဝယ်ယူပြီး ကမ်ဘာ့မျိုးစေ့ကဏ္႑အတွင်း ပို၍ ထိန်းချုပ်မှု ရယူလျက်ရှိသည်”။[v]

ဤသို့ စိုက်ပျိုးရေးနှင့်နွယ်သည့် မြေယာရယူမှုများတွင် မိုဇမ်ဘစ်၊ ယူဂန်ဒါ၊ ဇမ်ဘီယာ၊ ကာဇက်ခ်စတန်၊ လာအိုနိုင်ငံများရှိ စိုက်ပျိုး-စက်မှုဥယျာဉ်ကြီးများလည်းပါဝင်သည်။ ဘရာဇီးနိုင်ငံအတွင်း တရုတ်၏ပဲပုပ် ပို့ကုန်များသည် အမေဇုန်သစ်တော ပျက်စီးရခြင်း၏ အဓိကတွန်းအားတစ်ခုဖြစ်ပြီး ဒေသတွင်းရှိ တောင်သူများနှင့် ဌာနေတိုင်းရင်းသားများကို နေရပ်မှနှင်ထုတ်စေသည့် အကြောင်းရင်းလည်းဖြစ်သည်။

သီရိလင်္ကာရှိ ဘဏ္ဍာရေးခရိုင်ဖြစ်သည့် BRI ကိုလမ်ဘိုတွင် AIIB က ငွေကြေးပံ့ပိုးထားသော ဆင့်ပွားစီမံကိန်းအချို့ ရှိနေပြီး[vi] တံငါသည်များ ၎င်းတို့၏ရေအရင်းအမြစ်များကို လက်လှမ်းမီမှုနှင့် ငါးဖမ်းယူရရှိမှုကို သိသိသာသာ လျော့ကျစေခဲ့သည်။ မြေပြန်ဖို့ခြင်းစီမံကိန်းအတွက် ကမ်းလွန်သဲထုတ်လုပ်ငန်းမှတဆင့် ကမ်းခြေတိုက်စားမှုများဖြစ်လာစေပြီး တံငါရွာများ ရွာလုံးကျွတ်ရွေ့ပြောင်းရခြင်းကို ဖြစ်ပေါ်စေခဲ့သည်။

ကာဇက်ခ်စတန်တွင် လယ်မြေဧကများစွာသိမ်းယူပြီး စိုက်ပျိုး-စက်မှုဥယျာဉ်များထူထောင်ခြင်းသည် ဒေသတွင်း အစားအစာအုပ်စိုးစီမံမှုအပေါ် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်သည်။ ဗဟိုအာရှဒေသသည် အဆိုပါနေရာများမှ ဆန်/ဂျုံများ၊ ဆန်/ဂျုံစိုက်ပျိုးရေးများအပေါ် အလွန်မှီခိုလျက်ရှိနေသည်။ ဒေသတွင်းရှိ စိုက်ပျိုးထုတ်လုပ်မှုနှင့် ထုတ်လုပ်မှုကွင်းဆက်ကို တရုတ်က ဝယ်ယူထိန်းချုပ်ခြင်းကြောင့် ကျေးလက်ငတ်မွတ်မှုနှင့် အာဟာရချို့တဲ့မှုများကို လျော့ချနိုင်မည်မဟုတ်ပါ။

ဇီဝအမျိုးစုံလင်ကွဲပြားမှုအတွက် ခြိမ်းခြောက်မှုတစ်ရပ်။
ကမ်ဘာ့တောရိုင်းတိရိစၦာန်စောင့်ရှောက်ရေးရံပုံငွေဟောင်ကောင်၏ အဆိုအရ တရုတ်၏ BRI သည် ခြိမ်းခြောက်ခံနေရပြီဖြစ်သည့် တိရိစၦာန်မျိုးစိတ် ရာဂဏန်းအထိ ထိခိုက်စေမည်ဟုဆိုသည်။ အဆိုပါမျိုးစိတ်များတွင် ပျောက်ကွယ်လုဆဲ ကျားများ၊ ပန်ဒါကြီးများ၊ Saiga Antelope (ရှားပါး တောဆိတ်တစ်မျိုး)၊ ကမ်ဘာပေါ်တွင် ဇီဝမျိုးစိတ်အကြွယ်ဝဆုံးဒေသဖြစ်သည့် – အရေးကြီး ငှက်မျိုးစိတ် ၁,၈ဝဝ ခန့်ရှိနေသည့်နေရာများ၊ ဇီဝအမျိုးစုံလင်ကွဲပြားသော အဓိကနေရာများ၊ ကမ်ဘာ့ဇီဝမျိုးစုံမျိုးကွဲများတည်ရှိရာ နေရာများနှင့် ကမ်ဘာ့ဂေဟဒေသ-၂ဝဝ ပါဝင်သည်။

AIIB ၏ ထောက်ပံ့မှုအပြည့်ဖြင့် တရုတ်၏ BRI ကို တွန်းအားပေးခြင်းသည် ကမ်ဘာ့တောင်ခြမ်းမှ ကျေးလက်နေပြည်သူများအပေါ် ဆိုးဝါးစွာ အကျိုးသက်ရောက်မှုကို ဆက်လက်ဖြစ်ပေါ်စေမည်ဖြစ်သည်။ နိုင်ငံစုံပါဝင်သည့်ဘဏ်ဖြစ်သည့် AIIB က ငွေကြေးပံ့ပိုးထားသော စီမံကိန်းများ၏ အကျိုးဆက်များကို စုံစမ်းစစ်ဆေး ဖော်ထုတ်ပေးပါရန် ကျွန်ုပ်တို့အနေနှင့် AIIB အဖွဲ့ဝင်များကို တောင်းဆိုသည်။ AIIB ငွေကြေးပံ့ပိုးထားသည့် စီမံကိန်းများရှိရာ နိုင်ငံအစိုးရများနှင့် ထိတွေ့ချိတ်ဆက်ပြီး ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုများကို တောင်းဆိုကြရန် PCFS ၏ အဖွဲ့ဝင်များနှင့် ကွန်ရက်များကို တိုက်တွန်းသည်။ နောက်ဆုံးအချက်အဖြစ် အခြေခံအဆောက်အအုံဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် အစီအစဉ်များအသည် ကျေးလက်နေပြည်သူများ၏လိုအပ်ချက်နှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဦးစားပေးချက်များအပေါ် ၎င်းတို့ကိုယ်တိုင်ဆုံးဖြတ်ခွင့်ကို အခြေခံရမည်ဟူသော ကျွန်ုပ်တို့၏တောင်းဆိုချက်ဖြင့် ထပ်မံတိုက်တွန်းသည်။ ###


[i] https://www.chinadailyhk.com/articles/18/35/125/1557557982955.html
[ii] Landmatrix (as calculated April 2019)
[iii] https://www.aei.org/china-global-investment-tracker/
[iv] Ibid
[v] https://www.grain.org/en/article/6133-the-belt-and-road-initiative-chinese-agribusiness-going-global
[vi] https://www.aiib.org/en/news-events/news/2019/20190404_002.html

Reference: http://foodsov.org/to-aiib-stop-bankrolling-landgrabs/

Disclaimer
[PCFS ၏ သဘောထားကြေညာချက်ဖြစ်ပြီး သတင်းအချက်အလက်အနေနှင့်သာ မြန်မာဘာသာသို့ပြန်ဆိုထားခြင်းဖြစ်သည်။ တစ်စုံတစ်ရာကွဲလွဲမှုရှိပါက မူရင်း အင်္ဂလိပ်ဘာသာကသာ အတည်ဖြစ်သည်။ သက်ဆိုင်ရာ အမည်များကို အနီးစပ်ဆုံး ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။]

ပထမဆုံးအကြိမ် ကော်သူးလေတစ်ခုလုံးဆိုင်ရာကျေးရွာပိုင်ဘုံသစ်တော နှီးနှောဖလှယ်ပွဲထုတ်ပြန်ကြေငြာချက်

၂ဝ၁၉ ခုနှစ်၊ ဇူလိုင်လ၊ ၄ ရက်

ကော်သူးလေတစ်ခုလုံးဆိုင်ရာ ကျေးရွာပိုင်ဘုံသစ်တော ပထမဆုံးအကြိမ်နှီးနှောဖလှယ်ပွဲကို ၂ဝ၁၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက် နေ့မှ ၃ ရက်နေ့အထိဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပိတခကျေးရွာတွင် ကျင်းပခ့ဲပါသည်။ နှီးနှောဖလှယ်ပွဲတွင် ဌာနေ တိုင်းရင်း သားများ၊ နိုင်ငံတကာ အဖ့ွဲအစည်းများ၊ အရပ်ဖက်လူမှုအဖ့ွဲအစည်းများ၊ ကော်သူးလေဗဟို၊ ခရို်င်၊ မြို့နယ်သစ်တောဌာနနှင့် ကျေးရွာလူထုပိုင်ဘုံသစ်တော ကော်မတီမှကိုယ်စားလှယ်များ၊ အားလုံးစုစုပေါင်းလူဦးရေ (၂၄၄) ဦးတက်ရာက်ခ့ဲကြသည်။

ယခုပြုလုပ်သည့်နှီးနှောဖလှယ်ပွဲတွင် ခရိုင်တစ်ခုချင်းစီ၏ ကျေးရွာပိုင်ဘံသု စ်တောများစီမံအုပ်ချုပ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ် များနှင့် ပတ်သက်ပြီး တစ်ဖ့ွဲချင်းအလိုက်ဆွေးနွေးနှီးနှောဖလှယ်ခြင်းနှင့်အတူ လေ့လာသင်ယူမှုများကို ပြုလုပ်ခ့ဲကြသည်။ ထို့အပြင် နိုင်ငံတကာရှိ ဌာနေတိုင်းရင်းသားများဆောင်ရွက်နေသော ကျေးရွာလလူထုပိုင်ဘုံသစ်တောများထိန်းသိမ်းစီမံ အုပ်ချုြပ်ခင်းဆိုင်ရာ နည်းလမ်းများကို ကော်သူးလေနယ်မြေအတွင်းရှိဌာနေတိုင်းရင်းသားများက လေ့လာသင်ယူခ့ဲသလို မိမိတို့၏ဒေသနှင့်လိုက်လျောညီထွေသည့် စီမံအုပ်ချုပ်မှုပုံစံများကို လေ့လာသင်ယူခ့ဲသည်။

ကျေးရွာပိုင်ဘုံသစ်တောကိုဖွဲစည်းခြင်းဖြင့် သဘာဝပတ်ဝန်းကျင်၊ ရိုးရာဓလေ့ယဉ်ကျေးမှုထိန်းသိမ်းရေး၊ ဒေသခံလူထု၏ စားဝတ်နေရေး၊ ကောင်းမွန်သောဒေသတွင်းအုပ်ချုပ်ရေးစနစ်အားကောင်းရေး၊ လူထုတစ်ရပ်လုံးကိုအကျိုးပြုနိုင်သော လက်တွဲပူးပေါင်းလုပ်ဆောင်မှုအားကောင်းစေရေး၊ စသည်တို့အတွက် မည်သို့အကျိုးပြုကြောင်းကို နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသောကိုယ်စားလှယ်များက ၎င်းတို့၏အတေ့ွအကြုံများ တင်ပြဆွေးနွေးဖလှယ်ခ့ဲကြသည်။

၎င်းအပြင် ကျေးရွာပိုင်ဘုံသစ်တောဆိုင်ရာအားနည်းချက်၊ အားသာချက်များ၊ အခွင့်အရေး၊ စိန်ခေါ်မှုများနှင့်အတူ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာလူမှုအကျိုးပြုမှု၊ ရိုးရာဓလေ့နှင့်စီးပွားရေးဆိုင်ရာတိုးတက်ဖြစ်ထွန်းနိုင်မှုများအပေါ်ပြန်လည်သုံးသပ်ပြီး ကျေးရွာပိုင်ဘုံသစ်တောဆိုင်ရာ ရှေ့လုပ်ငန်းစဉ် (၁၈) ရပ်ကို အတူတကွချမှတ်ခ့ဲကြသည်။

ကော်သူးလေခရိုင်နှင့် မြို့နယ်အသီးသီးမှ ၂ဝ၁၁ ခုနှစ်မှစပြီး ၂ဝ၁၉ ခုနှစ်အထိ ခရိုင် (၇) ခရိုင်တွင် စုစုပေါင်းဧရိယာ ၂၄၄,၅၈၈.၀၃ ဧကရှိ ကျေးရွာပိုင်ဘုံသစ်တော (၁၅၁) ခု ဖ့ွဲစည်းတည်ထောင်ထားရှိပြီးဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ အစိုးရ၏ မြေယာနှင့်သစ်တောဥပဒေများ၊ အကြီးစားဖ့ံွဖြိုးရေးလုပ်ငန်း၊ စီးပွားရေးစီမံကိန်းများနှင့်အမျိုးသားဥယျာဉ်၊ ကြိုးပြင်ကာကွယ်တောစသည့် ထိန်းသိမ်းသစ်တောနယ်မြေတိုးချဲ့ ဖ့ွဲစည်းမှုအစီအစဉ်များသည် ဒေသခံဌာနေလူထုတို့၏ ရေရှည်တည်တံ့ခိုင်မြဲသော ကျေးရွာလူထုပိုင်ဘုံသစ်တောစီမံအုပ်ချုပ်မှုစနစ်ကို ကြီးမားစွာခြိမ်းခြောက်နေသည်။

မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးကို ချောမေ့ွစွာဖေါ်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံအစိုးရအနေဖြင့် ကျွန်ုပ်တို့ဌာနေ တိုင်းရင်းသားများနှင့် ကျွန်ုပ်တို့၏အခွင့်အရေးများကိုလေးစားရမည်။ ထို့အပြင်ဒေသခံပြည်သူလူထုများနှင့်တိုင်ပင်ညှိနှိုင်းမှု မရှိဘဲ တဖက်သတ်ဖော်ဆောင်နေသည့် ၎င်းတို့၏မြေယာ၊ သစ်တောဆိုင်ရာ ဥပဒေရေးဆဲြွပဌာန်းမှုများနှင့် အမျိုးသား ဥယျာဉ်၊ ကြိုးပြင်ကာကွယ်တော၊ စသည့် သဘာဝထိန်းသိမ်းရေးသစ်တောများတိုးချဲ့ ဖွဲ့စည်းမှုများသည် ဒေသခံဌာနေ ပြည်သူများ၏အသက်မွေးဝမ်းကြောင်းနှင့် ကျေးရွာလူထုပိုင်ဘုံသစ်တောလုပ်ငန်းများကို ကြီးမားစွာထိခိုက်နေသည်။ ထို့ကြောင့် အဆိုပါ ဥပဒေများနှင့်စီမံကိန်းများကို မြန်မာနိုင်ငံအစိုးရမှ ပြန်လည်သုံးသပ်ပြီးဖျက်သိမ်းရန် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသော ကျေးရွာပိုင်ဘုံသစ်တောကိုယ်စားလှယ်များမှ တစ်စိတ်တစ်ဝမ်းတည်း ညီညွတ်စွာ တောင်းဆို လိုက်သည်။

“ တို့ကျေးရွာတို့သစ်တောတို့ရ့ဲဘဝ”

ဆက်သွယ်ရန် –
ပထမဆုံးအကြိမ်ကော်သူးလေတခုလုံးဆိုင်ရာ ကျေးရွာလူထုပိုင်ဘုံသစ်တော နှီးနှောဖလှယ်ပွဲဖြစ်မြောက်ရေးကော်မတီ
(၁) နော်နေးဆယ်ဖေါ – ဝ၉၇၈ဝ၄၈၈၈၂၂ (ကရင်ဘာသာ)
(၂) စောဂျဲမဲ – ဝ၉၇၉၂ဝ၄၄၁၃၁ (ကရင်၊ မြန်မာဘာသာ)
(၃) စောကဲဒို – ဝ၉၄၅၃၂၈၁၆၂၉ (ကရင်၊ မြန်မာဘာသာ)

သဘောထားကြေညာချက်ကို ဤနေရာတွင် ရယူပါ။

“ ကော်” ရိုးရာဓလေ့နယ်မြေ စီမံအုပ်ချုပ်ခြင်းစနစ်ဆိုင်ရာနှီးနှောဖလှယ်ပွဲထုတ်ပြန်ကြေငြာချက်

“ ဒို့ကော်၊ ဒို့ရဲ့ဘ၀၊ ဒို့ရဲ့အနာဂတ်”

၂၀၁၉ ခုနှစ်၊ မေလ ၃၀ ရက်။

Group photo of participants in “ Kaw” (customary) Land Seminar; taken on 30 May 2019

၂၀၁၉ ခုနှစ်၊ မေလ(၂၉) ရက်မှ (၃၀) ရက်နေ့အထိကျင်းပပြုလုပ်သော “ ကော်” ရိုးရာဓလေ့နယ်မြေစီမံ အုပ်ချုပ်ခြင်းစနစ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ဒေသခံလူမှုအသိုင်းအ၀ိုင်းများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အလှူရှင်များ၊ နိုင်ငံတကာအစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ကေအဲန်ယူ – ကရင်အမျိုး သားအစည်းအရုံးမှ ခေါင်းဆောင်များအပါအ၀င် အဖွဲ့အစည်းပေါင်း (၅၆) ဖွဲ့မှ ကိုယ်စားလှယ်ပေါင်း (၅၁၉) ဦး သည် ကေအန်ယူ – ကရင်အမိျုးသားအစည်းအရုံး ဘားအံခရိုင်၊ လေးဝါးတွင် ကော်သူးလေဒေသတွင်း တည်ရှိနေသော “ ကော်” ရိုးရာဓလေ့နယ်မြေစီမံအုပ်ချုပ်ခြင်းစနစ်၏ ရင်ဆိုင်နေရသောလက်ရှိစိန်ခေါ်မှုများနှင့် “ ကော်” ရိုးရာဓလေ့နယ်မြေစီမံအုပ်ချုပ်ခြင်းစနစ်အား ပိုမိုအားကောင်းခိုင်မာလာစေရန်၊ အနာဂတ်တွင်အဖွဲ့အစည်း အသီးသီးနှင့်ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။

“ ကော်” ရိုးရာဓလေ့နယ်မြေစီမံအုပ်ချုပ်မှုသည်စုပေါင်းပိုင်ဆိ်ုင်ခြင်း၊ စုပေါင်းအသုံးပြုခြင်း၊ စုပေါင်းလိုက်နာဆောင် ရွက်ခြင်း၊ စုပေါင်းထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းကို အခြေခံသည့် မြေ၊ ရေ၊ သစ်တောနှင့် သဘာ၀ သယံဇာတအရင်းအမြစ်များကို ရေရှည်တည်တံ့စေရန်စီမခံ န့်ခွဲခြင်းအပါအ၀င် ဓလေ့ထုံးတမ်းတရားစီရင်ခြင်း၊ ရိုးရာယဉ်ကျေးမှုထိန်းသိမ်းခြင်း၊ ဓလေ့ထုံးတမ်းကိုးကွယ်ယုံကြည်ခြင်း၊ ဇီ၀မျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်ကို တန်ဖိုး ထားခြင်းစနစ်များပေါင်းစပ်ထားသောအုပ်ချုပ်မှုစနစ်များပါ၀င်သည်။

ထို့ပြင်” ကော်” ရိုးရာဓလေ့နယ်မြေစီမံအုပ်ချုပ်မှုစနစ်တွင် မည်သည့်ပြင်ပသြဇာသက်ရောက်မှု တစ်စုံတစ်ရာမျှ မရှိဘဲ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အ၀ဖြင့် ကောင်းမွန်သည့် ဒေသန္တရ နယ်မြေစီမံအုပ်ချုပ်ခြင်း၊ တရားစီရင်ခြင်း စနစ်များရှိသည်။” ကော်” ရိုးရာဓလေ့နယ်မြေစီမံအုပ်ချုပ်မှုစနစ်သည် တည်ငြိမ်အေးချမ်းမှုကိုဖြစ်စေပြီး ဌာနေ တိုင်းရင်းသားများ၏အခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည် ထောင်စုစနစ်အား တည်ထောင်ရာတွင် အထောက်အကူပြုစေသော ကိုက်ညီသည့်စနစ်ဖြစ်သည်။

ထို့ကြောင့် မြေ၊ သစ်တော၊ ရေနှင့် သဘာ၀သယံဇာတအရင်းအမြစ်များ ရေရှည်တည်တံ့ရန် စုပေါင်းလိုက်နာ၊ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းကိုအထူးပြုသည့် ကရင်ဓလေ့” ကော်” စီမံအုပ်ချုပ်မှုစနစ်ဆက်လက်တည် တံ့ခြင်းအလို့ငှာ ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၏ မြေယာမူဝါဒနှင့် သစ်တောမူဝါဒတွင် အသိအမှတ် ပြုထားပြီး စီမံအုပ်ချုပ်မှုစနစ်ကောင်းမွန်စွာ ပြန်လည်ဖွ့ံဖြိုးရန်နှင့် ထိရောက်စွာထိန်းသိမ်းကာကွယ်ထားရန်

လိုအပ်ပြီး ယနေ့ကာလအခြေအနေနှင့်လိုက်လျောညီထွေမှုရှိမည့် “ ကော်” ရိုးရာဓလေ့မြေစီမံအုပ်ချုပ်စနစ်တရပ်် ပေါ်ထွန်းရန် ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံးမှ လုပ်ငန်းစီမံချက်များချမှတ်၍ အကောင်ထည် ဖေါ်ဆောင်ရွက်လျက်ရှိသည်။

၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ သုတေသနလေ့လာချက်အရ ကော်သူးလေနယ်မြေတွင် “ ကော်” ရိုးရာဓလေ့ နယ်မြေစီမံအုပ်ချုပ်မှုစနစ် (၁၉၈) ကော်ရှိပြီး ထိုကော်များထဲမှ ကော် (၃) ကော်အား အသေးစိတ်လေ့လာမှု ပြုလုပ်ခဲ့ပြီးနောက်တွင် သုတေသနတွေ့ရှိချက်များအရ “ ကော” ် ရိုးရာဓလေ့နယ်မြေစီမံအုပ်ချုပ်မှုစနစ်သည် အလွန်ကောင်းမွန်ပြီး ခေတ်စနစ်နှင့် ကိုက်ညီနေဆဲဖြစ်သည်ကို တွေ့ရှိရသည်။

“ ကော်” ရိုးရာဓလေ့နယ်မြေစီမံအုပ်ချုပ်မှုစနစ်အပါအ၀င် တိုင်းရင်းသားများ၏ဓလေ့ထုံးတမ်းပေါ် အခြေခံသည့် စုပေါင်းမြေယာပိုင်ဆိုင်ကျင့်သုံးမှုစနစ်များကို ဖိနှိပ်ဆန့်ကျင်နေပြီး လက်ရှိငြိမ်းချမ်းရေးတည်ဆောက်မှု၊ အနာ ဂတ်ဖက်ဒရယ်တည်ဆောက်မှုနှင့်ကိုက်ညီခြင်းမရှိသည့် မြန်မာနိုင်ငံအစိုးရ၏ မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံ ခန့်ခွဲမှုဥပဒေအပါအ၀င် အခြားမြေနှင့်ဆိုင်သည့်ဥပဒေများအား ဖျက်သိမ်းခြင်း၊ နှင့်ပြန်လည်ပြင်ဆင်သုံးသပ်ခြင်း များပြုလုပ်ရန် တိုက်တွန်းသည်။ ထို့အပြင် ငြိမ်းချမ်းရေးတည်ဆောက်မှုကို သော်လည်းကောင်း၊ ကော်ရိုးရာ ဓလေ့မြေယာစီမံအုပ်ချုပ်ခြင်းကိုသော်လည်းကောင်း အဟန့်အတားဖြစ်စေမည့် မြေတိုင်းဥပဒေ(မူကြမ်း)ကို ဆန့်ကျင်ကန့်ကွက်ပါသည်။

သို့ဖြစ်ပါသောကြောင့် ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံးအုပ်ချုပ်မှုနယ်မြေအတွင်း ကေအဲန်ယူမြေယာ နှင့် သစ်တောမူဝါဒနှင့်အညီ လွတ်လပ်စွာစီမံခန့်ခွဲခွင့်နှင့် “ ကော်” ရိုးရာဓလေ့နယ်မြေစီမံအုပ်ချုပ်မှုစနစ်အား ပိုမိုအားကောင်းခိုင်မာလာစေရန် ထိရောက်စွာဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် ခိုင်မာသည့် သံန္နိဌာန်ချထားကြာင်းဤနှီးနှောဖလှယ်ပွဲမှထုတ်ပြန်ကြေငြာအပ်ပါသည်။

ဆက်သွယ်ရန်
ပဒိုမန်းဘထွန်း –              +၆၆ ၆၁၃၄၅၀၅၃၃
ပဒိုစောနေသဘလေး –   +၆၆ ၉၇၃၅၀၃၄၁၀
စောသူးကဘီး –             +၉၅ ၉၇၈၅၁၇၅၈၇၄

သဘောထားကြေညာချက်ကို အင်္ဂလိပ်ဘာသာမြန်မာဘာသာ များဖြင့် ရယူနိုင်သည်။