ကမ္ဘာ့ဘဏ်၏ မြေယာနှင့်ဆင်းရဲနွမ်းပါးမှုကွန်ဖရင့်(၂ဝ၁၉)အပေါ် ဒို့မြေကွန်ရက်၏သဘောထား
၂၅ မတ် ၂ဝ၁၉

၂၅-၂၉ နေ့ရက်များအတွက် ကမ္ဘာ့ဘဏ်က ၎င်း၏နှစ်စဉ်ပြုလုပ်မြဲကွန်ဖရင့်ကို “မြေယာနှင့်ဆင်းရဲနွမ်းပါးမှု” ခေါင်းစဉ် ဖြင့် ကျင်းပလျက်ရှိသည်။ အဆိုပါကွန်ဖရင့်ကို ပညာရှင်များစုစည်း၍ မြန်မာနိုင်ငံမှအရေးကိစ္စများအပါအဝင် ကမ္ဘာ့ မြေယာအရေးအတွက် ဆွေးနွေးအဖြေရှာကြမည့် စကြႅံတစ်ခုအဖြစ် ရည်ရွယ်ထားသည်။

ကမ္ဘာ့ဘဏ်အနေနှင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လူထုများအား မြေယာနှင့်ဆက်နွယ်သည့် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ရေးတွင် ဦးဆောင်နေခြင်းက မှားယွင်းနေသည်၊ ၎င်း၏ရင်းနှီးမြှုပ်နှံမှုများ၊ ဖွဲ့စည်းတည်ဆောက်ပုံ ပြုပြင် ပြောင်းလဲရေးစီမံကိန်းများမှတဆင့် မြေယာနှင့်ဆက်နွယ်သည့် မညီမမျှဖြစ်စေမှုများကြောင့် အကျိုးစီးပွားပဋိပက္ခများ ဖြစ်နေစေကြောင်း ကျွန်ုပ်တို့ဒို့မြေကွန်ရက်က ခိုင်မာစွာယုံကြည်သည် [ဒို့မြေကွန်ရက်သည် မြန်မာနိုင်ငံတဝှမ်းရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့များနှင့်မိတ်ဘက်ပြုစုစည်းထားသည့်တိုင်းရင်းသားပေါင်းစုံပါဝင်သော အမျိုးသားအဆင့်ကွန်ရက်ဖြစ်သည်]။

ဆယ်စုနှစ်ပေါင်းများစွာ ကျေးလက်နေပြည်သူများထံမှ စနစ်ကျကျ၊ ကျယ်ကျယ်ပြန့်ပြန့် မြေသိမ်းမှုများပြုလုပ်ခဲ့သည့် စစ်အစိုးရလက်ထက်မှစတင်ခဲ့သော ဆိုးဝါးသည့်မြေယာပြဿနာများကို မြန်မာနိုင်ငံက ရင်ဆိုင်နေရဆဲဖြစ်သည်။ လက်ရှိ အဲန်အယ်လ်ဒီဦးဆောင်နေသောအစိုးရကလည်း မြေယာအမြတ်ထုတ်မှုသမိုင်းကြောင်းများကိုလျစ်လျူရှုကာ မြေကို ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတစ်ရပ်အဖြစ် ယခင်အာဏာရှင်များကဲ့သို့ မညီမျှမှု၊ ပဋိပက္ခနှင့် ဆင်းရဲနွမ်းပါးမှု မီးတောက်များကို ဆက်လက်တောက်လောင်စေသည်။ အဲန်အယ်လ်ဒီဦးဆောင်သောအစိုးရ၏ မြေယာပြုပြင် ပြောင်းလဲရေးများက နိုင်ငံတစ်ဝှမ်းရှိ သန်းပေါင်းများစွာသော လယ်သမားများ၏ မြေယာပိုင်ဆိုင်မှုများကို မလုံမခြုံ ဖြစ်စေပြီး စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲရေး၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးများထံ ဦးတည်ခြင်းမရှိသည်ကို ဝမ်းနည်းစွာတွေ့ရပါသည်။

မကြာသေးမီကပြင်ဆင်လိုက်သော မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲမှုဥပဒေက မြန်မာနိုင်ငံရှိ မြေဧရိယာဧက ၄၅-သန်းကို “မှတ်ပုံတင်ထားခြင်းမရှိသော” သို့မဟုတ် မြေလွတ်မြေလပ်အဖြစ် သတ်မှတ်ထားပြီး ရင်းနှီးမြှုပ်နှံမှု အတွက် အသုံးပြုနိုင်ရန် ပံ့ပိုးပေးထားသည်။ အဆိုပါမြေဧရိယာ၏ ၈၂-ရာခိုင်နှုန်းက ဗမာမဟုတ်သည့် တိုင်းရင်းသား ဒေသများ (ပြည်နယ်များ)တွင် ရှိနေသည်။ မြန်မာနိုင်ငံတွင် မြေလွတ်မြေလပ်ဟူသော မြေအမျိုးအစားမရှိပါ။ ဒေသ အလိုက်ကျင့်သုံးလျက်ရှိသည့် တောင်သူလယ်သမားများ၏ မြေယာပိုင်ဆိုင်စီမံခန့်ခွဲမှုအလေ့အထမျိုးစုံကို လျစ်လျူရှု ခြင်းအားဖြင့်၊ မြေလွတ်မြေလပ်များအဖြစ် သတ်မှတ်လိုက်ခြင်းအားဖြင့် ဤဥပဒေက အဆိုပါတောင်သူလယ်သမား များစွာကို မြေယာမဲ့ရာဇဝတ်သားများအဖြစ်သတ်မှတ်လိုက်သည်၊ ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းမှုများကို ရုတ်သိမ်းလိုက်သည်၊ ၎င်းတို့၏ ယဉ်ကျေးမှုအမွေအနှစ်နှင့် ဖြစ်တည်မှုအမှတ်အသားများကို ခွာချလိုက်သည်။ ဤ အခြေအနေကို တုံ့ပြန်ရန်အတွက် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အရပ်ဘက်အဖွဲ့အစည်း ၃၄၆-ဖွဲ့ (https://lioh.org/?p=46) ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများ (https://lioh.org/?p=53) နှင့် ကချင်ပြည်နယ်မှ စစ်ဘေးဒဏ်သင့်၍ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူများက (https://lioh.org/?p=61) မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲမှုဥပဒေကို ပြန်လည်ရုတ်သိမ်းရန် မြန်မာအစိုးရထံ သဘောထားကြေငြာချက်များ ထုတ်ပြန်ခဲ့ကြသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများက အဓိပ္ဗါယ်ပြည့်ဝသော၊ ရေရှည်အကျိုးမျှော်ကိုးသော ပြုပြင် ပြောင်းလဲရေးများမဖြစ်သေးမီတွင် နိုင်ငံခြားအစိုးရများနှင့် နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းများက ပံ့ပိုးထားသော နိုင်ငံခြားကုမ္ဗဏီများက အကျိုးအမြတ်မျှော်ကိုး၍ အလျင်စလိုဝင်ရောက်လာခြင်းက လက်ရှိဖြစ်ပေါ်နေသော နိုင်ငံ တစ်ဝှမ်းရှိ မြေယာပဋိပက္ခများကို ပိုမိုဆိုးဝါးလာစေမည်ဖြစ်သည်။ မြန်မာ့မြေယာအရေးတွင် ကမ္ဘာ့ဘဏ်၏ပါဝင်မှုက မြေသိမ်းမှုများကိုအရှိန်မြှင့်စေနိုင်ပြီး ဒေသခံများကို မြေနှင့်သယံဇာတပိုင်ဆိုင်မှုများ လက်လွတ်ရစေနိုင်သည်။ ထို့အပြင် နေရပ်ရွေ့ပြောင်းစေခြင်းအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပဋိပက္ခများကို ထပ်မံဖြစ်ပေါ်စေနိုင် သည့်အတွက် ဒို့မြေကွန်ရက်မှ ဤသဘောထားကြေငြာချက်ကို ထုတ်ပြန်လိုက်သည်။

ဒို့မြေကွန်ရက် (LIOH)

https://lioh.org, landsinourhands@gmail.com, +95-9785175874

Download (English) (Myanmar)

ပြန်စာထားခဲ့ပါ။