၁၇ အောက်တိုဘာ ၂၀၂၂
ဓမ္မကိုစိုက်ပျိုး အဓမ္မကိုရိုက်ချိုး
တော်လှန်ရင်းစိုက် စိုက်ရင်းတော်လှန်
အောက်တိုဘာ(၁၆)ရက်နေ့သည် ကမ္ဘာ့စားနပ်ရိက္ခာနေ့ဖြစ်ပြီး နွေဦးတော်လှန်ရေး (၆၂၂)ရက်မြောက်နေ့လည်းဖြစ်သည်။ ချင်း၊ ကရင်နီပြည်နှင့် အညာဒေသစိုက်ပျိုးရေးရပ်ဝန်းများမှ စတင်ခဲ့သည့် ကျေးလက်အခြေပြုတော်လှန်ရေးများသည် ယခုအခါ နိုင်ငံအဝှမ်းကျယ်ပြန့်လျက်ရှိသည်။ လက်ရှိကာလတွင် နိုင်ငံအဝှမ်းမှ တောင်သူလယ်သမား မြောက်များစွာသည် ဖက်ဆစ်စစ်တပ်၏ မတရားဖိနှိပ်မှုအောက်တွင် စပါးကျီ၊ သီးနှံ၊ အိုးအိမ်အဆောက်အဦး ထောင်ပေါင်းများစွာ မီးရှို့ဖျက်စီးခံရလျက်ရှိသည်။ စစ်ပြေးစစ်ရှောင်ဘဝများဖြင့် မစိုက်နိုင် မရိတ်နိုင်၊ ထိုမှတဆင့် စားနပ်ရိက္ခာရှားပါးလာရပြီး ကပ်ဘေးအသွင်ပင်ကူးပြောင်းလာလျက်ရှိသည်။ ကျေးရွာတလျောက်မှ စိုက်ပျိုးရေးရပ်ဝန်းများ တိုက်ခိုက်ခံနေရမှုသည် မြို့ပြရပ်ဝန်းများအတွက် စားနပ်ရိက္ခာအကြပ်အတည်းလည်း ဖြစ်လာသည်။
အစားအစာသည် နေ့စဉ်လိုအပ်ချက်ဖြစ်သကဲ့သို့ တော်လှန်ရေးအတွက် မဟာဗျူဟာမြောက်လိုအပ်ချက်တစ်ရပ်လည်းဖြစ်သည်။ ဖိနှိပ်မှုမျိုးစုံ၊ အကြပ်အတည်းမျိုးစုံနှင့် ရင်ဆိုင်နေကြရသည့်ကာလမှာပင် ဒေသအသီးသီးမှ တိုင်းရင်းသားပြည်သူလူထုအသီးသီးသည် ပုံစံမျိုးစုံနှင့် အသက်ရှင်သန်ရပ်တည်နေကြရင်း အာဏာရှင်ကျဆုံးရေးတိုက်ပွဲအတွင်း ကြံ့ကြံ့ခံပါဝင်လျက်ရှိကြသည်။ ထိုသို့သော စိုက်ပျိုး၊ ဝေငှရင်း ရုန်းကန်နေကြသည့် ကြိုးစားအားထုတ်မှုများသည်လည်း ဂုဏ်ပြုခံထိုက်သည်။
တစ်ချိန်တည်းမှာပင် အစားအစာစိုက်ပျိုးထုတ်လုပ်ရန်မှာ မြေ၊ ရေအရင်းအမြစ်၊ မျိုးစေ့ စသည့် အခြေခံလိုအပ်ချက်များ မရှိမဖြစ်လိုအပ်လာသည်။ အဆိုပါအရင်းအမြစ်များကို ပိုင်ဆိုင်အသုံးပြုခွင့်ရမှသာ အစားအစာထုတ်လုပ်သူများအနေနှင့် အမှီအခိုကင်းကင်း၊ ဂုဏ်သိက္ခာရှိရှိ အသက်ရှင်ရပ်တည်လုပ်ကိုင်နိုင်မည်။ လက်ငင်းလိုအပ်ချက်ဖြစ်သော အာဟာရပြည့်သည့် အစားအစာရရှိဖူလုံနေရေးအပြင် ဆက်လက်တည်ဆောက်ရမည့် အနာဂတ်ဖက်ဒရယ်နိုင်ငံ၏ အစားအစာစနစ်ကို မျှော်မှန်းတည်ဆောက်နိုင်ရေးသည်လည်း နိုင်ငံရေးအရ အဓိပ္ပါယ်များစွာသက်ရောက်လျက်ရှိသည်။
သို့ဖြစ်ရာ ကမ္ဘာ့စားနပ်ရိက္ခာနေ့ကို အကြောင်းပြု၍ အစားအစာနှင့် တော်လှန်ရေး၊ အစားအစာနှင့် မြေတို့၏ ဆက်နွယ်ပုံများကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိသတိပြုမိနိုင်ရေးအတွက် ဒို့မြေကွန်ရက်က နှိုးဆော်လိုသည်။ ထိုသို့ နှိုးဆော်နိုင်ရန်အတွက် လွယ်ကူဘေးကင်းစွာဖြင့် အများပါဝင်ဆောင်ရွက်နိုင်သော ဓါတ်ပုံသပိတ်တစ်ခု ပြုလုပ်ခဲ့ပါသည်။
သတင်းစကားများ
#ဓမ္မကိုစိုက်ပျိုး_အဓမ္မကိုရိုက်ချိုး
#တော်လှန်ရင်းစိုက်_စိုက်ရင်းတော်လှန်
#စစ်အာဏာရှင်ပျက်သုန်းဖို့_စိုက်ရင်းပျိုးရင်းတော်လှန်စို့
#စားနပ်ရိကာဖူလုံရေးမှသည်_တော်လှန်အောင်ပွဲဆီသို့
#Land_in_our_hands #LIOH
ပါဝင်လှုပ်ရှားခဲ့ကြသည့် ဓါတ်ပုံအချို့






















ဒို့မြေကွန်ရက် Facebook Page တွင် ကြည့်ရန်။