[မြန်မာနိုင်ငံအတွင်း လက်ရှိကြုံတွေ့နေရသည့် မြေ၊ အိမ်နှင့် ပိုင်ဆိုင်မှုများ သိမ်းဆည်းခံရခြင်း၊ မီးရှို့ဖျက်ဆီးခံရခြင်းများအား စောင့်ကြည့် သိရှိနိုင်မည့် အခြေအနေပြမြေပုံကို ကြည့်ရှုနိုင်ပြီဖြစ်သည်။]
၇ နိုဝင်ဘာ ၂၀၂၂
၂၀၂၁-ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်၏ ဆိုးဝါးလှသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျယ်ပြန့်စွာ ကြုံတွေ့လာရသည့်အပြင် အာဏာရှင်အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီအရေးတို့အတွက် ပုံစံမျိုးစုံဖြင့် တိုက်ပွဲဝင်လျက်ရှိသည့် တိုင်းရင်းသားပြည်သူများအား တရားမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မြေ အိမ်နှင့် ပိုင်ဆိုင်မှုများ မတရားသိမ်းဆည်းခြင်း၊ အစုလိုက်အပြုံလိုက် နေရပ်ရွေ့ပြောင်းရစေခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းများကို နေ့စဉ်ကြုံတွေ့လာရသည်။ အဆိုပါ ပျက်စီးဆုံးရှုံးရမှုများအတွက် တရားမျှတမှုကို ဖော်ဆောင်ရာ၌ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဒို့မြေကွန်ရက်အနေနှင့် အချက်အလက်များကို လက်လှမ်းမီသရွေ့ ကောက်ယူစုဆောင်း မှတ်တမ်းတင်လျက်ရှိပါသည်။ မြေပြဿနာများ၊ မီးရှို့ခံရသည့် အိမ်များနှင့် ချိတ်ပိတ်ခံရသည့် အိမ်များ၏ အခြေအနေများကို ယခုအခါ ဒို့မြေကွန်ရက်၏ ဝက်ဘ်စာမျက်နှာတွင် သက်ဆိုင်ရာမြေပုံများဖြင့် ကြည့်ရှုနိုင်ပြီဖြစ်သည်။
မြေသိမ်းပြဿနာများ
မြေသိမ်းပြဿနာများကို ၂၀၁၅-ခုနှစ်နှင့် ၂၀၂၀-ခုနှစ်တို့တွင်ပြုလုပ်ခဲ့သော ဒို့မြေကွန်ရက်၏ သုတေသနများ၊ ၂၀၁၉-၂၀၂၀ ခုနှစ်များအတွင်း ဒို့မြေကွန်ရက်၏ မြေအမှုအခင်းမှတ်တမ်းများ၊ (၂၀၂၀-ခုနှစ်နောက်ပိုင်း) သတင်းမီဒီယာများတွင် ဖော်ပြချက်များမှတဆင့်သာ ကောက်ယူစုဆောင်းထားခြင်းဖြစ်သောကြောင့် အချက်အလက်ရရှိမှုတွင် အကန့်အသတ်များစွာရှိပါသည်။ ဤမြေပုံတွင် ဖော်ပြထားနိုင်သည့် ဖြစ်ရပ်များမှာ နိုင်ငံအဝှမ်းတွင် အမှန်တကယ်ကြုံတွေ့နေရသည့် မြေသိမ်းမှုများစွာ၏ အလွန်သေးငယ်သော ပမာဏသာဖြစ်ပါသည်။
နေအိမ်များ မီးရှို့ခံရခြင်းနှင့် ချိတ်ပိတ်သိမ်းဆည်းခံရခြင်း
အိမ်များမီးရှို့ဖျက်ဆီးခံရခြင်းနှင့် ချိတ်ပိတ်သိမ်းဆည်းခံရသည့် အခြေအနေပြ မြေပုံအတွက် ကနဦးအချက်အလက်များကို တရားဝင်သတင်းမီဒီယာများနှင့် ယုံကြည်ရသည့် လူမှုကွန်ရက်အကောင့်များမှ ထုတ်နုတ်ရယူပါသည်။ ၂၀၂၂-ခုနှစ် စက်တင်ဘာလမှစ၍ ရွာများ/အိမ်များ မီးရှို့ဖျက်ဆီးခံရသည့် အချက်အလက်များအတွက် Civil Information Network (CIN) နှင့် ပူးပေါင်းဆောင်ရွက်ပါသည်။


ကြည့်ရှုရန်နေရာနှင့် အညွှန်း
မြေပုံများကို ကြည့်ရှုနိုင်ရန်အတွက် ဒို့မြေကွန်ရက် ဝက်ဘ်စာမျက်နှာ၏ “ လှုပ်ရှားမှုများ” ခေါင်းစဉ်အောက်ရှိ “ ပိုင်ဆိုင်မှုများ ဆုံးရှုံးရခြင်း” ဟူသည့် နေရာတွင်လည်းကောင်း၊ ဤ (https://lioh.org/my/မြေပုံ/ ) လင့်ခ် တွင်လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ကောက်ယူရရှိသောအချက်အလက်များအလိုက် မြေပုံတွင်တိုက်ရိုက် ဖော်ပြပေးမည်ဖြစ်ပြီး တိုင်း/ပြည်နည်အလိုက်သော်လည်းကောင်း၊ မြို့နယ်အလိုက်သော်လည်းကောင်း၊ ဖြစ်သည့်နေ့စွဲအလိုက်သော်လည်းကောင်း စစ်ထုတ်၍ ကြည့်ရှုနိုင်ပါသည်။
- မြေပုံပေါ်မှ အစက်/အဝိုင်များကို ထောက်ကြည့်ခြင်းဖြင့် သက်ဆိုင်ရာအချက်အလက်အချို့ကို သိရှိနိုင်ပါသည်။ ပထမမြေပုံတွင် အမှုစာရင်းသွင်းနံပါတ်၊ ဖြစ်ရပ်အမျိုးအစားနှင့် ထိခိုက်ခံရသည့်မြေဧကစုစုပေါင်းကို ဖော်ပြပေးမည်ဖြစ်ပြီး၊ ဒုတိယမြေပုံတွင် သက်ဆိုင်ရာဒေသ (ကျေးရွာ/မြို့နယ်) နှင့် ထိခိုက်ခံရသည့် အိမ်အရေအတွက်ကို ဖော်ပြပေးမည်ဖြစ်သည်။
- ပထမမြေပုံအတွက် နေ့စွဲ၊ ဖြစ်ရပ်အမျိုးအစား၊ ပြည်နည်/တိုင်းအလိုက်သော်လည်းကောင်း၊ ဒုတိယမြေပုံအတွက် နေ့စွဲ၊ ပြည်နယ်/တိုင်း (သို့) မြို့နယ်အလိုက်သော်လည်းကောင်း စစ်ယူကြည့်ရှုနိုင်သည်။
- မြေပုံတစ်ခုလုံး၏ မြင်ကွင်းကို အပြည့်ကြည့်ရှုလိုပါက မြေပုံ၏ညာဘက်အောက်ထောင့်မှ စတုရန်းကွက်အားနှိပ်၍ ကြည့်ရှုနိုင်သည်။ မြင်ကွင်းပြည့်မှ ပြန်ထွက်လိုပါက (မူလနေရာသို့ပြန်သွားလိုပါက) အဆိုပါ စတုရန်းကွက်နေရာအား ပြန်လည်နှိပ်နိုင်ပါသည်။
မြေပုံများကိုကြည့်ရန် ဤနေရာကိုနှိပ်ပါ။
မြေပုံသုံးစွဲရန် အသေးစိတ်ကို မြန်မာဘာသာဖြင့် (သို့မဟုတ်) အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုရန်။