မြန်မာနိုင်ငံရှိ အစားအစာအခွင့်အရေးဆိုင်ရာဆွေးနွေးတင်ပြချက်
ဒို့မြေကွန်ရက်
၁၃ မေလ ၂ဝ၂၂
မှတ်ချက်။ ။ ဤတင်ပြချက်သည် ကြိုတင်ပေးပို့ထားသော မေးခွန်းများအလိုက် ပြန်လည်ဖြေကြားထားခြင်းသာ ဖြစ်ပြီး လွှမ်းခြုံမိသော ဆွေးနွေးချက်မဟုတ်ပါ။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးများစွာ နေထိုင်ကြပြီး အခက်အခဲများကြုံရချိန်တွင် မိသားစုများကို နွေးနွေးထွေးထွေးနှင့် သက်တောင့်သက်သာဖြစ်စေသည့် အစားအစာများကို သက်ဆိုင်ရာ လူမျိုးအလိုက် တွေ့ရှိနိုင်ပါသည်။ ဥပမာအားဖြင့် – ကရင်လူမျိုးတို့၏ တာလဘော၊ အချို့ဒေသမှ ဗမာလူမျိုးတို့၏ ပဲထမင်းနှင့် ချင်းလူမျိုးတို့၏ စာဘူးသီးတို့ဖြစ်ကြသည်။ ယေဘုယျအားဖြင့်မူ ထမင်းသည် အဓိက အစားအစာဖြစ်ပြီး လတ်လတ်ဆတ်ဆတ် ခူးဆွတ်ထားသည့် အသီးအရွက်များကို ရွေးချယ်စားသောက်ကြသည်။ စားသည့်အစားအစာထက် အတူတကွ စားသုံးခြင်းက ပို၍ လေးနက်သည့် အဓိပ္ပါယ်ရှိပါသည်။
အစိုးရ၏ မူဝါဒများမှာ တောင်သူများကို နိုင်ငံတကာအစားအစာအင်ပါယာကြီးများအတွင်း မောင်းသွင်းနေခဲ့သည်မှာ ကိုဗစ်ကာလမတိုင်မီကတည်းကပင်ဖြစ်ပြီး ၎င်း၏ရလဒ်မှာ – အလုပ်သမားများ အပြင် တောင်သူများကိုယ်တိုင်ပင် တင်သွင်းရသည့်အစားအစာများအပေါ် ပိုမိုမှီခိုရမှု များပြားလာနေခဲ့သည်။ ကိုဗစ်၏ရိုက်ခတ်မှုနောက်ပိုင်းတွင် အစားအစာထုတ်လုပ် စီးဆင်းမှုအခြေအနေများ ပျက်ယွင်းလာခဲ့ရသည့်အတွက် အစားအစာမလုံခြုံမှုကို ကြုံရသည့်လူဦးရေ ပိုများလာခဲ့ရသည်။
လွန်ခဲ့သည့်နှစ်တွင်ဖြစ်ပေါ်ခဲ့သည့် အာဏာသိမ်းမှုက အဆိုပါအခြေအနေကို ပို၍ဆိုးဝါးလာစေခဲ့ပါသည်။ တောင်သူများ စိုက်ပျိုးရေးကိုဆက်လက်မလုပ်နိုင် (သို့မဟုတ်) သီးနှံများ မရိတ်သိမ်းနိုင် ဖြစ်ရသည့်အပြင် မြေများဆုံးရှုံးရခြင်း၊ အိုးအိမ်များလက်လွတ်ဆုံးရှုံးရခြင်း၊ ကျွဲနွားများ ဆုံးရှုံးရခြင်း များကို ကြုံတွေ့ကြရသည်။ ရွေ့ပြောင်းတိမ်းရှောင်ရသူ အလွန်များပြားလာပြီး ကြုံတွေ့လာရသည့် အခြေအနေအသစ်တွင် အသက်ရှင်သန်နိုင်ရန် ရုန်းကန်ကြရသည်။ အာဏာသိမ်းစစ်တပ်၏ ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ သီးနှံများအား ဖျက်ဆီးခြင်း/ခိုးယူခြင်း များက နေ့စဉ်အဖြစ်အပျက်များ အသွင်ဖြစ်နေသည်။ Data for Myanmar ၏ အချက်အလက်များအရ ၂ဝ၂၁-ခုနှစ် ဖေဖော်ဝါရီလမှ ၂ဝ၂၂-ခုနှစ် ဧပြီလအတွင်း မီးရှို့ဖျက်ဆီးခံရသည့် အိမ်အရေအတွက် ၁၁,ဝဝဝ ကျော်ရှိခဲ့သည်ဟု သိရသည်။ အဆိုပါကာလအတွင်းမှာပင် တောင်သူများအပါအဝင် အပြစ်မဲ့ပြည်သူ သေဆုံးမှု ၂,ဝဝဝ နီးပါးရှိခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ကိန်းဂဏန်းများအရ သိရသည်။
အခြားတစ်ဖက်တွင်မူ စက်သုံးဆီစျေးနှုန်း လွန်စွာမြင့်တက်ခြင်းနှင့် စက်သုံးဆီရှားပါးလာခြင်း၊ အစားအစာနှင့် စိုက်ပျိုးရေးသွင်းအားစု သယ်ပို့ရေးအပေါ် ကန့်သတ်ခြင်းကြောင့်ဖြစ်လာရသည့် ကုန်ကျစရိတ် မြင့်မာခြင်း၊ အလွန်လျင်မြန်စွာကြီးထွားလာသည့် ငွေကြေးဖောင်းပွမှုနှင့် ထပ်မံကြုံတွေ့ရသည့် လုပ်သားရွေ့ပြောင်းမှုလှိုင်းများကြောင့် – လာမည့်ကာလတွင် အစားအစာထုတ်လုပ်နိုင်မှုပမာဏ လွန်စွာလျော့နည်းမည်၊ ထို့အပြင် အစားအစာစျေးနှုန်းများ မြှင့်တက်လာဖွယ်ရှိသည်ဟု ခန့်မှန်းရပါသည်။ ဒေသထွက် ကော်ဖီတစ်ပေါင်၏စျေးသည် ယမန်နှစ်ကစျေး၏ နှစ်ဆဖြစ်နေပြီ ဖြစ်သည်။
ရပ်ရွာလူထုအတွင်း အစားအစာဝေငှပံ့ပိုးခြင်းနှင့် လှူဒါန်းခြင်းသည် ကျေးလက်နှင့် မြို့ပြရှိ လူအချင်းချင်းအကြား၊ မိသားစုများအကြား၊ ရပ်ရွာလူထုအကြား စည်းလုံးမှုနှင့် ခုခံတွန်းလှန်မှုကို ပြသလျက်ရှိပါသည်။ ကုန်စျေးနှုန်းမတက်စေရန် အခြေခံစားသောကုန်များကို သတ်မှတ်နှုန်းထားဖြင့် ရောင်းချပေးခြင်း၊ ကိုယ်တိုင်စိုက်ပျိုးနိုင်ရန် မျိုးစေ့မျိုးဆံများအား ထိန်းသိမ်းခြင်း (သို့မဟုတ်)ဝေမျှခြင်းအပါအဝင် သေးငယ်သော်လည်း လက်တွေ့ကျသည့် အပြုအမူများကို လူထုအကြားမြင်တွေ့ရပါသည်။ ဖြစ်လာမည့် အစားအစာအကြပ်အတည်းနှင့် မည်သို့ကျော်လွားကြမည်ဟူသည့်အပေါ် အသိပေးမှုများ မြှင့်တင်ခြင်း၊ တစ်နိုင်တစ်ပိုင် ထုတ်လုပ်နိုင်မည့် အစားအစာစိုက်ပျိုးမှုပုံစံများ (အိမ်ဝန်းအနီး သီးပင်စားပင်စိုက်ပျိုးခြင်း) ကို အားပေးမြှင့်တင်ခြင်း၊ ဒေသမျိုးရင်းမျိုးစေ့များကို ထိန်းသိမ်းပြီး ပဒေသာစိုက်ပျိုးရေးစနစ်ကို အားပေးခြင်း – စသည့် လုပ်ငန်းများကိုလည်း စတင်ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတကာ စားနပ်ရိက္ခာပံ့ပိုးမှုအစီအစဉ်များကို နေရာဒေသအနည်းငယ်တွင် တွေ့ရှိရသော်လည်း ၎င်းအစီအစဉ်များကို အာဏာသိမ်းစစ်တပ်က လွှမ်းမိုးခြယ်လှယ်လျက်ရှိနေပါသည်။ ရန်ကုန်တွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ဆန်များဝေငှရာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက နာမည်ဝင်ယူနေသည့် သာဓကများကို တွေ့ရပါသည်။
တစ်ချိန်တည်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တောင်သူများနှင့် ၎င်းတို့၏ သီးနှံများအား အလေးဂရုပြုကာ ဆောင်ရွက်ပြုမူသည်များကို တွေ့ရှိရသည်။ သီးနှံရိတ်သိမ်းရာတွင် ကူညီပေးခြင်း၊ လုံခြုံစေရန် ကာကွယ်စောင့်ရှောက်ပေးခြင်း၊ သီးနှံ စိုက်ပျိုး/ ရိတ်သိမ်းချိန်များတွင် ထိတွေ့တိုက်ပွဲများမဖြစ်စေရန် ရှောင်ကြဉ်ခြင်းများ ပါဝင်သည်။
လက်ရှိအစားအစာစနစ်များတွင် အစားအစာကို ကုန်ပစ္စည်းသဖွယ် သွတ်သွင်းထားပြီး အစားအစာ အခွင့်အရေးဆိုသည်ကို မြန်မာပြည်သူများ ကြုံတွေ့ခံစားရခြင်းမရှိသေးပါ။ အထူးသဖြင့် ကိုဗစ်ပျံ့နှံ့လျက်ရှိပြီး စစ်အာဏာရှင်ကနှိပ်စက်သည့် ကာလတွင် ၎င်းအခြေအနေက ပိုမိုဆိုးဝါးလျက်ရှိသည်။ အနာဂတ် အစားအစာစနစ်သည် –
- ယဥ်ကျေးမှုကို တန်ဖိုးထားပြီး လူများကို အတူတကွပေါင်းစည်းပေးသည့်စနစ်ဖြစ်ရမည်။
- အစားအစာထုတ်လုပ်စိုက်ပျိုးသည့် တောင်သူများနှင့် ၎င်းတို့၏ ဂုဏ်သိက္ခာကို တန်ဖိုးထားသည့် စနစ်ဖြစ်ရမည်။
အကြံပြုချက်များ
အစားအစာအကြပ်အတည်းကို ကြုံတွေ့ရလျက်ရှိပြီး ပိုမိုဆိုးဝါးလာဖွယ်ရှိပါသည်။ အကြပ်အတည်းသည် ကိုဗစ်ကြောင့်သာမဟုတ်၊ အဆိုပါအကြပ်အတည်းကို အာဏာသိမ်းစစ်တပ်က လက်နက်သဖွယ် အသုံးပြုသောကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ ရေရှည်တည်တံ့နိုင်မည့်အဖြေသည် ရပ်ရွာလူထု၏ ကြံ့ခိုင်မှုနှင့် အစားအစာအုပ်စိုးစီမံခွင့်အတွက် ထောက်ကူပံ့ပိုးခြင်းသာဖြစ်ပြီး နိုင်ငံတကာ စားနပ်ရိက္ခာအကူအညီ သက်သက်ဖြင့်မရနိုင်ပါ။
စားနပ်ရိက္ခာလုံခြုံမှုနှင့် အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများကို အလေးပေးဆောင်ရွက်သည့် နိုင်ငံတကာအဖွဲ့အစည်းများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေး အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများအနေနှင့်ပင် အလေးအနက်စဥ်းစားရမည့် ကိစ္စများရှိပါသည်။ အထောက်အကူနှင့် ပံ့ပိုးပေးမှုများကို လိုအပ်လျက်ရှိနေပြီး ဝေးလံသည့်ဒေသများအထိ မည်သို့ရောက်ရှိနိုင်မည်နည်း – ထိုသို့ရောက်ရှိနိုင်ရန်အတွက် အာဏာသိမ်းစစ်တပ်၏ တရားဝင်မှုကို အားပေးထောက်ခံမှုမပြုပဲ မည်သို့ရောက်ရှိနိုင်မည်နည်း? အာဏာသိမ်းစစ်တပ်အနေနှင့် စားနပ် ရိက္ခာ ကူညီပံ့ပိုးမှုကို လူထု၏အစားအစာအခွင့်အရေးဖြည့်ဆည်းရေးထက် ဆုပေး/ဒဏ်ပေးပုံစံ အတွက်သာ အသုံးချလျက်ရှိသည်။ သို့ဖြစ်ရာ နိုင်ငံတကာအဖွဲ့အစည်းများအနေနှင့် ရပ်ရွာလူထုနှင့် ၎င်း၏ လိုအပ်ချက်ကိုသိသော ဒေသခံအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်သာ လက်တွဲဆောင်ရွက်သင့်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲံများတွင်း ရပ်ရွာလူထုက ယုံကြည်သည့် ၎င်းတို့၏ဒေသန္တရအုပ်ချုပ်ရေးများရှိထားပြီးဖြစ်သည့်အပြင် အခက်အခဲအကြပ်အတည်းများကြားတွင် အစားအစာကိုမည်သို့ရယူနိုင်သည်၊ မည်သို့ထိရောက်စွာ ပံ့ပိုးပေးနိုင်သည်ကို ကောင်းမွန်စွာ သိနားလည်ထားကြပါသည်။
ကျေးလက်တိုင်းရင်းသားဒေသများရှိ ရပ်ရွာလူထုများအတွက် ကိုဗစ်-၁၉ အတွက် ပြန်လည်တုံ့ပြန်ဆောင်ရွက်မှုများမှ ရင်ဆိုင်ရသည့်ပြဿနာများတွင် ထောက်ကူပံ့ပိုးမှုများ၊ ဝန်ဆောင်မှုများနှင့် အချက်အလက်များအား လက်လှမ်းမီရန် အခက်အခဲများပါဝင်သည်။ ထို့အပြင် လက်ငင်း အသက် မွေးမှုနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များအတွက် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုလမ်းကြောင်းများမှသာ ဆောင်ရွက်ရလေ့ရှိသည်။ ဤသို့သော အခြေအနေများတွင် (အထူးသဖြင့် ပဋိပက္ခသက်ရောက်မှုရှိနေသည့် ဒေသများအတွက်) နိုင်ငံတကာအသိုက်အဝန်းအနေနှင့် လွှမ်းခြုံမှုရှိပြီး၊ ပြောင်းသာပြင်သာရှိသည့် ကိုဗစ်-၁၉ ပြန်လည်တုံ့ပြန်ရေးမူဝါဒများကို ထားရှိကျင့်သုံးရန် လိုအပ်သည်။
နိုင်ငံတကာ၏ရန်ပုံငွေပံ့ပိုးမှုကို အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ (တိုက်ရိုက်) လက်လှမ်းမီနိုင်ရန်အတွက် ပုံစံများစွာဖြင့် စီစဉ်ထားရန်လိုအပ်သည်။ အထူးသဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည့် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများအတွက် တိုက်ရိုက်ရန်ပုံငွေပံ့ပိုးမှုကို ထည့်သွင်းစဉ်းစားသင့်သည်။ ဒေသခံအဖွဲ့အစည်းများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများသည် အစဉ်တစိုက်အားကိုးနိုင်ပြီး လူထု၏ယုံကြည်မှုကို ရရှိထားပြီးဖြစ်သည့်အတွက် ၎င်းတို့ကို မှီတည်လျက်ရှိနေသည့် ဝန်ဆောင်မှုပေးခြင်းများ၊ ဆက်သွယ်ဆက်ဆံခြင်းများကို ဦးစားပေးသင့်သည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့် လူထု၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ရုန်းကန်လှုပ်ရှားမှုများကို အားလျော့ပျက်စီးစေသည့် မူဝါဒများကျင့်သုံးခြင်းမဖြစ်စေရန် ရှောင်ကြဉ်ရမည်။ မည်သည့် ထောက်ကူပံ့ပိုးမှုမဆို အာဏာသိမ်းစစ်တပ်၏ တရားဝင်မှုကို အထောက်အကူမဖြစ်စေရ။
ဒို့မြေကွန်ရက်
Land in Our Hands (LIOH)
https://lioh.org