ဝမ်းနည်းကြောင်း သဝဏ်လွှာ”

၃ဝ ဧပြီ ၂ဝ၂၂

 ၂၀၂၂-ခုနှစ် ဧပြီလ(၃၀)ရက်နေ့တွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အား တည်ထောင်သူတစ်ဦးဖြစ်သူ ခွန်ထွန်းဦး (အသက် ၇၉-နှစ်) သည် ကွယ်လွန်အနိစ္စရောက်ကြောင်း ကြားသိရပါသည်။ ခွန်ထွန်းဦးသည် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ ပါတီဥက္ကဋ္ဌအဖြစ် (၃၅)နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒီမိုကရေစီရေး၊ တန်းတူရေး၊ လူမျိုးစုလွတ်မြောက်ရေးနှင့် ဖက်ဒရယ်စနစ်ပေါ်ပေါက်ရေးတို့အတွက် မမှိတ်မသုန်တိုက်ပွဲဝင်ခဲ့သော ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သည်။ နအဖ စစ်အစိုးရ၏ ဦးတည်ချက်(၆)ရပ်၊ အခြေခံမူ(၁၀၄)ချက်နှင့် လမ်းပြမြေပုံ(၇)ဆင့် အပါအဝင် အမျိုးသားညီလာခံ (ညောင်နှစ်ပင်) ၏ တရားမျှတမှုမရှိခြင်းကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆိုပြီး ဦးဆောင်နုတ်ထွက်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ စစ်အာဏာရှင်နှင့်အာဏာရှင်ဆန့်ကျင်ရေး၊ ဖက်ဒရယ်နိုင်ငံတော်တည်ဆောက်ရေး သမိုင်းကြောင်းတွင် သမိုင်းတန်ဖိုးနှင့် အစဉ်အလာကြီးသည့်ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါသည်။

 ခွန်ထွန်းဦး ကွယ်လွန်ခြင်းသည် ရှမ်းအမျိုးသားများအတွက်သာမက ဖက်ဒရယ်နိုင်ငံတော်တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်နေသော လူမျိုးပေါင်းစုံတစ်ရပ်လုံးနှင့် ဖက်ဒရယ်မြေစီမံခန့်ခွဲမှု စနစ်များနှင့် ဖက်ဒရယ်မြေမူဝါဒများ ပေါ်ပေါက်လာရေးအတွက် တိုက်ပွဲဝင်နေကြသည့် မိတ်ဘက်အင်အားစုများအတွက်လည်း ဆုံးရှုံးမှုကြီးပင်ဖြစ်ပါသည်။ ဒို့မြေကွန်ရက် (Land in Our Hands) အနေဖြင့်လည်း အထူးပင် ဝမ်းနည်းရပါကြောင်း ဤသဝဏ်လွှာဖြင့် ဖော်ပြအပ်ပါသည်။

ဒို့မြေကွန်ရက် ( Land In Our Hands )
https://lioh.org/

ပြန်စာထားခဲ့ပါ။