မြန်မာနိုင်ငံ ဓလေ့ထုံးတမ်းမြေအခွင့်အရေးနှင့် ကျင့်သုံးမှုစနစ်များဆိုင်ရာ သဘောထားရပ်တည်ချက်

(ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတွင် မဖြစ်မနေထည့်သွင်းစဉ်းစားရန်များ)

နိဒါန်း

ဤစာတမ်းသည် မြန်မာနိုင်ငံတွင်း ဓလေ့ထုံးတမ်းမြေအခွင့်အရေးနှင့်ပတ်သက်၍ လုပ်ဆောင်နေကြသည့် ဒေသခံအစု အဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းလုပ်ဆောင်မှု ရလဒ်တစ်ခုဖြစ်သည်။1 ပူးပေါင်းပါဝင်သူများတွင်၏ နိုင်ငံတဝှမ်းရှိ တိုင်းရင်းသားလူမျိုးအစုအဖွဲ့များ၊ ဓလေ့ထုံးတမ်းစနစ်ကျင့်သုံးသူများနှင့် တိုက်ရိုက်ထိတွေ့လုပ်ငန်းဆောင်ရွက်နေသူများအပြင် ဓလေ့ထုံးတမ်းစနစ်ကျင့်သုံးလျက်ရှိကြသည့် ဒေသခံများအပြင်၊ ပဋိပက္ခအမျိုးမျိုးကြောင့် မိမိတို့၏ ဓလေ့ထုံးတမ်းအရ နေထိုင်လုပ်ကိုင်စားသောက်ရာနေရာများမှ စွန့်ခွာတိမ်းရှောင်နေရသူများ ပါဝင်သည်။ ဓလေ့ထုံးတမ်းမြေစီမံကျင့်သုံးမှုစနစ်များအား စစ်မှန်စွာ အသိအမှတ်ပြုနိုင်ရေး၊ ကာကွယ်နိုင်ရေး၊ အားပေးမြှင့်တင်နိုင်ရေး အတူတကွ ဆောင်ရွက်နိုင်ရန်နှင့် အချင်းချင်း ပံ့ပိုးကူညီနိုင်ရန်အတွက် နှစ်ပေါင်းများစွာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။

ဓလေ့ထုံးတမ်းမြေအခွင့်အရေးနှင့် ကျင့်သုံးမှုစနစ်များတွင် လူမှုရေးတရားမျှတမှု၊ လူမှုစီးပွားသာတူညီမျှရှိမှု၊ လူသားဆန်မှုများပါဝင်သည်။ ထို့ပြင် မြေနှင့် ဆက်စပ်သယံဇာတများအပါအဝင် ဇီဝမျိုးစိတ်ကွဲပြားမှုများ၊ ဂေဟစနစ်နှင့် လိုက်လျော ညီထွေမှုရှိသည့် ရေရှည်တည်တံ့ရေး ထိန်းသိမ်းကာကွယ်ခြင်းများလည်း ပေါင်းစပ်ပါဝင်သည်။ ဓလေ့ထုံးတမ်း မြေယာ စနစ်များသည် ခေတ်နှင့်လိုက်လျောညီထွေရှိစွာ ဆင့်ကဲတိုးတက်လာပြီး ဒေသတွင်း စုပေါင်းပါဝင်လုပ်ဆောင်မှုများ၊ ဆုံးဖြတ်ချက်ချခြင်းများ၊ ပြုပြင်ပြောင်းလဲခြင်းများအား အတူတကွလုပ်ဆောင်နိုင်သော လူမှုရေးစနစ်လည်း ဖြစ်သည်။ မြေသည် ထပ်မံတိုးပွားလာနိုင်ခြင်းမရှိသော သယံဇာတဖြစ်သည်။ ဓလေ့ထုံးတမ်းကျင့်သုံးမှုစနစ်များတွင် အနာဂတ်မျိုးဆက်များအတွက် ထည့်သွင်းစဉ်းစားထားပြီး တစ်ဦးချင်းပိုင်မြေ၊ အများပိုင်မြေ၊ ရပ်ရွာပိုင်မြေ စသည့် ပုံစံမျိုးစုံဖြင့်တည်ရှိသည်။ မြေနှင့် ဆက်စပ်သယံဇာတများအား ခွဲခြားထားခြင်းမရှိဘဲ ပိုင်ဆိုင်မှုအာမခံချက်ရှိသည်။ ထို့ပြင် ဓလေ့ထုံးတမ်းကျင့်သုံးမှုစနစ်များအတွင်း လူ၊ မြေ၊ ရေ၊ မြစ်ချောင်းများနှင့်သစ်တောများသည် နက်ရှိုင်းစွာ ဆက်နွယ်လျက်ရှိပြီး အဆိုပါချိတ်ဆက်မှုကို အခြေခံသည့် ပိုင်ဆိုင်မှုအခွင့်အရေးများ၊ ရယူအသုံးပြုမှုနှင့် တာဝန်ဝတ္တရားများကို ပြဌာန်းသတ်မှတ်ကြသည်။

ဓလေ့ထုံးတမ်းမြေကျင့်သုံးမှုစနစ်များသည် မည်သည့်ပုံစံများဖြင့်တည်ရှိနေကြသည်၊ မည်သို့လည်ပတ်နေကြသည်၊ ၎င်း စနစ်များ အဘယ့်ကြောင့်အရေးကြီးရသည်တို့ကို နားလည်သဘောပေါက်နိုင်ရန် ကျွန်ုပ်တို့အတူတကွ ဆွေးနွေးလေ့လာ ခဲ့ကြသည်။ ဓလေ့ထုံးတမ်းမြေကျင့်သုံးမှုစနစ်များအား ခြိမ်းခြောက်လျက်ရှိသည့် ကိစ္စရပ်များအားဖော်ထုတ်ပြီး မည်ကဲ့သို့ အတူတကွစုပေါင်း၍ ပြန်လည်ရင်ဆိုင်ထိန်းသိမ်းရမည်ကိုလည်းစဉ်းစားပုံဖော်ကြသည်။ တစ်ချိန်တည်းတွင် မြေယာမူဝါဒ များရေးဆွဲနေသော (သို့မဟုတ်) မြေယာမူဝါဒများ အကောင်အထည်ဖော်လျက်ရှိနေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မြေယာဌာနကိုယ်စားလှယ်များအပါအဝင် အဓိကဆက်နွယ်ပတ်သက်သူများလည်း ယခုဖြစ်စဉ်တွင် ဝိုင်းဝန်းပါဝင်ခဲ့ကြသည်။ ထို့အပြင် မြေယာအခွင့်အရေးနှင့် ဓလေ့ထုံးတမ်းကျင့်သုံးမှုစနစ်များအတွက် စည်းရုံးလှုံ့ဆော်မှု များတွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်နေသည့် အချို့သော နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့ အစည်း ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများ၊ ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ရသူများ (IDPs) နှင့်လည်း ပူးပေါင်းဆွေးနွေးခဲ့ကြသည်။

နိုင်ငံတွင်း ဓလေ့ထုံးတမ်းမြေအခွင့်အရေးနှင့်ပတ်သက်သည့် လက်ရှိထုတ်ဝေထားသောအစီရင်ခံစာများနှင့် သုတေသန စာတမ်းများကို သုံးသပ်လေ့လာမှုများ၊ မြေပြင်တွင်လက်တွေ့အကောင်အထည်ဖော်ကျင့်သုံးမှုများ၊ မတူကွဲပြားသည့် တိုင်းရင်းသားပြည်သူများ၊ ဒေသခံတောင်သူလယ်သမားများ (အမျိုးသမီးများ၊ လူငယ်များနှင့် သက်ကြီးရွယ်အိုများ အပါ အဝင်)၊ ရိုးရာခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ကာ ၎င်းတို့၏ အကြံပြုချက်များကို သုံးသပ်လေ့လာခဲ့ကြသည်။ အဓိက တွေ့ရှိချက်များနှင့် အကြံပြုချက်များအား အနှစ်ချုပ်ပြန်လည်စုပေါင်းကာ ယခုသဘောထားရပ်တည်ချက်စာတမ်းအား ပြင်ဆင်ခဲ့သည်။

ကျွန်ုပ်တို့အနေဖြင့် ယခုသဘောထားရပ်တည်ချက်စာတမ်းမှတစ်ဆင့် ဓလေ့ထုံးတမ်းမြေယာစီမံပိုင်ခွင့်ရရှိရေး လှုပ်ရှားမှုများကို နည်းလမ်းသုံးမျိုးဖြင့် ပံ့ပိုးနိုင်ရန် မျှော်လင့်ပါသည်။ ပထမနည်းလမ်းမှာ ဌာနေတိုင်းရင်းသားလူမျိုးများ တည်ရှိနေမှု၊ ၎င်းတို့၏ ဓလေ့ထုံးတမ်းမြေအခွင့်အရေးနှင့် မြေယာစီမံကျင့်သုံးမှုစနစ်များအား အပြည့်အဝ အသိအမှတ်ပြုကာကွယ် မြှင့်တင်ရေး လှုပ်ရှားမှုများကို ရှေ့ဆက်တွန်းအားပေးနိုင်ရန်နှင့် အဆိုပါလှုပ်ရှားမှုများအားကောင်းစေရန် မျှော်လင့်သည်။ ဒုတိယနည်းလမ်းမှာ မြန်မာနိုင်ငံတွင် စစ်မှန်၍ မျှတမှုရှိသော လူမှုအသိုက်အဝန်းတစ်ရပ် တည်ဆောက်ရန် ကြိုးပမ်းနေ ကြသူအားလုံးအနေနှင့် ဓလေ့ထုံးတမ်းမြေယာစီမံမှုစနစ်များ၏ အရေးကြီးပုံနှင့် တည်ရှိမှုများအပေါ် နားလည်မှုရှိလာရေး အထောက်အကူပြုရန်ဖြစ်သည်။ ထိုမှတဆင့် အဆိုပါစနစ်များပေါ် လေးစားမှုရှိလာပြီး လူ၊ သဘာဝပတ်ဝန်းကျင်နှင့် ကမ္ဘာမြေအား ပို၍တန်ဖိုးထားသည့် အထွေထွေမြေယာပြုပြင်ပြောင်းလဲရေးထံ ပံ့ပိုးပါဝင်နိုင်စေရန်မျှော်လင့်ပါသည်။ တတိယအချက်အနေနှင့် ဓလေ့ထုံးတမ်းမြေယာကျင့်သုံးမှုစနစ်များအပေါ် အခြေခံ၍ ပြည်သူလူထုကို ဦးစားပေးသည့် မြေယာစီမံအုပ်ချုပ်မှု၊ လူ့အဖွဲ့အစည်အတွင်းနှင့်လူ့အဖွဲ့အစည်းများအကြား စစ်မှန်သောငြိမ်းချမ်းရေးကို အခြေတည်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် အထောက်အကူပြုရန် မျှော်လင့်ပါသည်။


ဓလေ့ထုံးတမ်းမြေယာကျင့်သုံးမှုဆိုင်ရာ နောက်ခံအခင်းအကျင်း

မြန်မာနိုင်ငံ၏ ဓလေ့ထုံးတမ်းမြေယာစီမံခန့်ခွဲမှု သမိုင်းကြောင်းသည် အင်္ဂလိပ် ကိုလိုနီခေတ်မတိုင်မှီကပင်ရှိခဲ့သည်။ တိုင်းရင်းသားပြည်သူလူထုတို့သည် ၎င်းတို့၏ပဒေသရာဇ်ဘုရင်များ၊ စော်ဘွားများ၊ အကြီးအကဲခေါင်းဆောင်များ၏ ဦးဆောင်မှုများအတိုင်း မြေယာကိုစီမံခန့်ခွဲအသုံးပြုကြသည်။ တိုင်းရင်းသားပြည်သူတို့၏ ရပ်ကျေးဒေသများတွင် ဓလေ့ ထုံးတမ်းမြေယာအသုံးပြုမှုစနစ်များကို လွတ်လပ်စွာကျင့်သုံးခဲ့ကြပြီး ကိုယ်ပိုင်နယ်နမိတ်များအတွင်း ကိုယ်ပိုင်စီမံ အုပ်ချုပ်ကာ ကိုယ်ပိုင်မြေယာစီမံခန့်ခွဲမှုများရှိခဲ့ကြသည်။ ပထဝီအနေအထား၊ နောက်ခံသမိုင်းကြောင်းများအရ ပုံစံအမျိုးမျိုးရှိသော်လည်း ဘုံတူညီသည့် သဘောတရားများစွာရှိပြီး အဓိကအနှစ်သာရ(စံတန်ဖိုး) ကွဲပြားခြားနားခြင်းမရှိသည်ကိုတွေ့ရှိရသည်။

ဥပမာအားဖြင့် ကရင်လူမျိုးတို့၏ “ကော်” (Kaw)၊ ကယားလူမျိုးတို့၏ “ကေး” (Kay)၊ မွန်လူမျိုးတို့၏ အများပိုင်အမွေ မြေစနစ်ဖြစ်သည့် “တိအာဲ” (Toi Aie) စသည်ဖြင့် ရိုးရာဓလေ့ထုံးတမ်းအရ မြေယာကို အုပ်ချုပ်စီမံ၊ အသုံးပြုကြသည့် အထောက်အထားများရှိကြပြီး ယခုကာလထိတိုင် ဆက်လက်ကျင့်သုံးနေကြဆဲဖြစ်သည်။ ဓလေ့ထုံးတမ်းမြေယာစနစ် များကို သမိုင်းအစဉ်အဆက် ကျင့်သုံးခဲ့ကြသော်လည်း စစ်အုပ်ချုပ်ရေးကာလအပါအဝင် အစိုးရခေတ်ကာလ အဆက် ဆက်၏ဖိအားများကြောင့် တဖြေးဖြေးမှေးမှိန်လာခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ရှည်ကြာသည့် ပြည်တွင်း စစ်ကြောင့် ပြည်သူများမှာ မိမိတို့၏ဓလေ့ထုံးတမ်းအလိုက် ကျင့်သုံးခဲ့ကြသည့် မြေနေရာများကို ထားခဲ့ရပြီး စစ်ဘေး ရှောင်များ၊ ဒုက္ခသည်များအဖြစ် ဆင်းရဲဒုက္ခများစွာခံစားရလျက်ရှိသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများဖြေရှင်း နိုင်ရန်၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်နှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိနိုင်ရန်မှာ ပြည်သူတို့၏ ဓလေ့ ထုံးတမ်းအရ ပိုင်ဆိုင်လုပ်ကိုင်ခဲ့သည့် ရေမြေများကို ပြန်လည်ပေးအပ်ခြင်း၊ အသိအမှတ်ပြုခြင်းများ လိုအပ်သည်။ ဓလေ့ ထုံးတမ်းမြေယာစီမံမှုစနစ်များကို မည်သည့်အနာဂတ် ဖက်ဒရယ်မြေစနစ်တွင်မဆို အရေးကြီးသည့် အခြေခံအုတ်မြစ် အဖြစ် ထည့်သွင်းသင့်သည်။

ဆိုရိုးစကားအရ “ဥပဒေအစ ဓလေ့ထုံးတမ်းက” ဟု ဆိုကြသော်လည်း ယနေ့အချိန်ထိတွင် မြေ၊ သယံဇာတများနှင့် သက်ဆိုင်သည့် မူဝါဒ၊ ဥပဒေများချမှတ်ရာတွင် ဩဇာအာဏာအရှိဆုံးသူများကသာ အရေးကြီးဆုံးဖြတ်ချက်များချမှတ် ကြပြီး အထက်မှအောက်သို့ အမိန့်ပေးပြဌာန်းသည့် ဥပဒေများသာဖြစ်နေသည်။ သမိုင်းကြောင်းအရ ထိုသို့သော မြေ ဆိုင်ရာမူဝါဒများနှင့် ဥပဒေများမှာ ပြည်သူတို့၏ ဓလေ့ထုံးတမ်းမြေယာကျင့်သုံးမှုများကို ထင်ဟပ်မှုမရှိသည့်အပြင် ၎င်းတို့ ကျင့်သုံးနေသော “ပြည်သူ့ဓလေ့ထုံးတမ်းမြေဥပဒေများ” ကို အားပျော့စေပြီး တစ်ခါတစ်ရံ ဆန့်ကျင်ဘက်ပင် ဖြစ်လျက် ရှိသည်။ တစ်ပြိုင်နက်တည်းတွင် ဌာနေတိုင်းရင်းသားလူမျိုးများ၏တည်ရှိမှုနှင့် ၎င်းတို့၏အခွင့်အရေးများကို အဓိပ္ပာယ် ပြည့်ဝစွာ အသိအမှတ်ပြုခံရခြင်းမရှိသည့်အတွက် ၎င်းတို့ကျင့်သုံးနေသော ဓလေ့ထုံးတမ်းမြေယာစီမံအုပ်ချုပ်မှု စနစ် များမှာ ပြည်တွင်းနှင့် နိုင်ငံတကာမှ နိုင်ငံရေး-စီးပွားရေးဆိုင်ရာ ပြင်းထန်သည့် ဖိအားများအကြား အကြပ်ရိုက် ဖိနှိပ်ခံရပြီး မှေးမှိန်လာလျက်ရှိသည်။ ဂျဲန်ဒါနှင့် လူမျိုးရေးအခြေခံ ခွဲခြားဆက်ဆံခြင်း၊ စီးပွားရေးအရ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း နှင့် ဖိနှိပ်ခြင်း စသည့် မတရားမှုအမျိုးမျိုးကို ပြည်သူများမှ ရင်ဆိုင်ရုန်းကန်ရလျက်ရှိပြီး၊ တန်းတူညီအခွင့်အရေးများနှင့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်များကဲ့သို့သော အခြေခံအကျဆုံး၊ အလိုအပ်ဆုံးသော လူ့အခွင့်အရေးများမှာ နိုင်ငံတွင်းလူမျိုးကြီးဝါဒနှင့် စီးပွားရေးအသားပေးအရင်းရှင်စနစ်အောက်တွင် ဆုံးရှုံးနေရဆဲ ဖြစ်သည်။


ဓလေ့ထုံးတမ်း မြေယာစီမံမှုစနစ်များအတွင်းမှ ဘုံတူညီချက်များ

ဓလေ့ထုံးတမ်းမြေယာစီမံမှုဟုဆိုရာတွင် မြေတစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ပဲ သတ်မှတ်ထားသည့် နယ်နိမိတ်နှင့် နေရာဒေသမှ လူ၊ မြေတို့နှင့်တွဲစပ်နေသည့် အရာမှန်သမျှ ပါဝင်သည်။ ဓလေ့ထုံးတမ်းမြေစီမံမှုစနစ်သည် ဒေသ၏ ဝိသေသ၊ ဒေသ၏အမွေအနှစ် ‘ကျောရိုးဒေါက်တိုင်’ လည်း ဖြစ်သည်။ လူမျိုးတစ်မျိုး၏ လူ့ဘောင်အသိုက်အဝန်းတစ်ရပ် အနေဖြင့် နေထိုင်ရာဒေသ၊ ယဉ်ကျေးမှုနှင့် ရိုးရာအစဉ်အလာများပေါ်မူတည်ကာ ကိုယ်ပိုင်နောက်ခံရာဇဝင်နှင့် သမိုင်း ကြောင်းကိုယ်စီရှိကြသည်။ ၎င်းတို့အသီးသီး၏ ဓလေ့ထုံးတမ်းစနစ်များသည် ရှင်သန်မှု၏ အသက်သွေးကြောလည်း ဖြစ်သည်။ ဘိုးဘွားစဉ်ဆက်မှ ယနေ့မျက်မှောက်ကာလအထိ ဓလေ့ထုံးတမ်းစနစ်ကိုအခြေခံပြီး ကျင့်သုံးကြသည်။ ထိုစနစ်သည် လူမျိုးတစ်မျိုး၏ကိုယ်ပိုင်လက္ခဏာနှင့်တိကျသောနေရာဒေသတစ်ခုကို ကိုယ်စားပြုခြင်း၊ ၎င်းတို့ရှင်သန်ရန် အသက်မွေးဝမ်းကျောင်း၊ ဒေသရှိသယံဇာတများအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှု၊ လူမှုတရားမျှတမှု၊ လူမှုသဟ ဇာတရှိမှုတို့နှင့် အပြန်အလှန်ချိတ်ဆက်လျက်ရှိနေသည်။

ဓလေ့ထုံးတမ်းမြေစီမံမှုစနစ်သည် အသေစွဲသတ်မှတ်ချက်မျိုးမဟုတ်ပဲ ‘သက်ရှိဥပဒေများ’ ဖြစ်သည်။ ဆိုလိုသည်မှာ စနစ် တစ်ခုလုံးကို မျိုးဆက်အဆင့်အဆင့် လက်ဆင့်ကမ်းကျင့်သုံးနိုင်သောကြောင့် လိုက်လျောညီထွေဖြစ်ေစေရန် ဆန်းသစ် ပြောင်းလဲနိုင်သည့်အခွင့်အရေးနှင့် ပြောင်းလွယ်ပြင်လွယ်နိုင်မှုရှိခြင်းဖြစ်သည်။ လူမှုအသိုက်အဝန်းတစ်ရပ်အတွင်းမှ ပြောင်းလဲမှုများ (ဥပမာ-ကျေးရွာတွင်းရှိ လူဦးရေ​တိုးပွားလာခြင်း သို့မဟုတ် ကျဆင်းသွားခြင်း ကဲ့သို့သော လူဦးရေစာရင်း အပြောင်းအလဲများ)၊ (မြစ်ခမ်းခြောက်လာခြင်း သို့မဟုတ် မိုးခေါင်ခြင်းကဲ့သို့သော) သဘာဝပတ်ဝန်းကျင်/ရာသီဥတု အပြောင်းအလဲများအလိုက် စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများကို ပြုပြင်ပြောင်းလဲနိုင်သည်။

  • (က) ဓလေ့ထုံးတမ်းအရစီမံမှုဟုဆိုရာတွင် ကျေးရွာတွင်းနေထိုင်သူများက အတူတကွ ပူးပေါင်းပါဝင် ကျင့်သုံးခြင်း၊ ဆုံးဖြတ်ချက်ချခြင်းသည် အဓိကဖြစ်သောကြောင့် သက်ဆိုင်ရာရပ်ရွာလူထု၏ သဘောဆန္ဒနှင့် လိုအပ်ချက်များပေါ်မူတည်၍ အချိန်နှင့်အမျှဆင့်ကဲတိုးတက်ဖြစ်ထွန်းနေသည့်စနစ်များဖြစ်သည်။ ဥပမာ – အမျိုးသမီးများ၏ တန်းတူအခွင့်အရေးကို အသိအမှတ်ပြုနိုင်မည့် ပြုပြင်ပြောင်းလဲရေးအတွက် ဓလေ့ထုံးတမ်းစနစ်ကျင့်သုံးသည့် လူမှုအသိုင်းအဝိုင်းများအတွင်း အမှန်တကယ် ကြိုးစားအားထုတ်မှုများ တွေ့နေရပြီဖြစ်သည်။ 
  • (ခ) ဒေသ (သို့) ကျေးရွာ ပြင်ပဆက်ဆံရေးအား ရပ်ရွာတစ်ခုလုံးမှ စုပေါင်းစီမံခန့်ခွဲခြင်းအားဖြင့် ‘ဒေသန္တရ ကိုယ်ထူ ကိုယ်ထစီမံမှု ယန္တရားတစ်ရပ်’ အနေဖြင့် လည်ပတ်နိုင်သည်။
  • (ဂ) ဓလေ့ထုံးတမ်းမြေစီမံမှုစနစ်များတွင် လူသားနှင့် သဘာဝတရား အမှီသဟဲ ဒွန်တွဲနေထိုင် ရှင်သန်မှုများရှိသည်။
  • (ဃ) ဒေသန္တရလိုအပ်ချက်များအတွက် လိုက်လျောညီထွေစွာ ကျင့်သုံးနိုင်သည့် ဗဟိုချုပ်ကိုင်မှုလျော့နည်းသော လူမှုရေးစနစ်တစ်ရပ်ဖြစ်သည်။
  • (င) ဓလေ့ထုံးတမ်းမြေစီမံမှုအောက်တွင် ပုံစံကွဲများစွာရှိသည်။ ဥပမာ – ဘိုးဘွားပိုင်မြေ၊ တောင်ယာ၊ ရွေ့ပြောင်း တောင်ယာ၊ လယ်စိုက်ပျိုးရေး၊ စားကျက်မြေ၊ လူနေအိမ်မြေ၊ သစ်တောမြေ၊ ကာကွယ်တောမြေ၊ အများပိုင်မြေ၊ သင်္ချိုင်းမြေ၊ ရေဝေရေလဲဧရိယာ၊ မြစ်ချောင်းများနှင့်အင်းအိုင်များ၊ ရေဝပ်မြေများ၊ အထွဋ်အမြတ်ထားရာမြေ၊ ကစားကွင်း၊ ဥယျာဉ်ခြံမြေ၊ ဘဘာဝတောမြေ၊ အရံမြေ၊ ထိန်းသိမ်းမြေ စသည်တို့ဖြစ်သည်။ ပိုင်ဆိုင်မှုတွင်လည်း တစ်ဦးချင်းပိုင်နှင့် အစုအဖွဲ့(ဘုံ)ပိုင်ဟူ၍ ပိုင်ဆိုင်မှုအခွင့်အရေးများရှိပြီး ထိုအခွင့်အရေးများနှင့်အတူ တာဝန်ယူမှု တာဝန်ခံမှုနှင့် စုပေါင်းလုပ်ဆောင်မှုဓလေ့များရှိသည်။
  • (စ) ဓလေ့ထုံးတမ်းမြေစီမံမှုစနစ်တွင် မတူညီသော လူမှုအသိုင်းအဝိုင်းများ၏ လက္ခဏာသွင်ပြင်များကို ထည့်သွင်း ထားသည်။ ကျေးရွာတွင်း စုံလင်သောစီမံခန့်ခွဲမှုပုံစံများတွင် မတူညီသောအစုအဖွဲ့များပါဝင်ကာ စုပေါင်းအုပ်ချုပ် စီမံပြီး ကွဲပြားခြားနားသော်လည်း အချင်းချင်းအပြန်အလှန်ချိတ်ဆက်နေသည့် အခန်းကဏ္ဍများကို ထည့်သွင်း စဉ်းစားပုံဖော်ထားသည်။ ဥပမာ – ကရင်ပြည်နယ်ရှိ ကော်စီမံအုပ်ချုပ်မှုစနစ်တွင် မျိုးနွယ်စုခေါင်းဆောင်များနှင့် အတူ မတူညီသည့်အစုအဖွဲ့များဖြစ်သော နက္ခတ္တဗေဒပညာရှင်များ၊ ရပ်မိရပ်ဖကောင်စီ၊ အမျိုးသမီး အမျိုးသား လူငယ်အဖွဲ့ စသည်တို့ပါဝင်ကြသည်။ 
  • (ဆ) ဓလေ့ထုံးတမ်းမြေစီမံအုပ်ချုပ်မှုစနစ်များသည် မြေ၊ ရေ၊ သစ်တောနှင့် ဆက်စပ်သယံဇာတများ ရေရှည်တည်တံ့ ခိုင်မြဲရေး ထိန်းသိမ်းကာကွယ်သည့်အပြင် စားနပ်ရိက္ခာဖူလုံမှု၊ ဂေဟစနစ်ထိန်းသိမ်းပေးမှုနှင့် ရာသီဥတု ပြောင်းလဲမှုများကို ထိန်းညှိပေးခြင်းတို့အတွက်လည်း အထောက်အကူပြုလျက်ရှိသည်။

ဓလေ့ထုံးတမ်းမြေစီမံမှုစနစ်များ၏ အရေးကြီးမှု

ဓလေ့ထုံးတမ်း‌မြေစီမံမှုစနစ်များတွင် မြေနှင့်လူသားသည် ခွဲခြား၍မရပဲ အမြဲဒွန်တွဲလျှက်ရှိပြီး မြေသည် ဌာနေတို့၏ အသက်သွေးကြောဖြစ်သည်။ ဌာနေတိုင်းရင်းသားအသိုင်းအဝိုင်းများအတွင်း၌ပင် မတူကွဲပြားသော လူအုပ်စုများနှင့် လူမျိုးစုငယ်များ အတူတကွနေထိုင်နိုင်သည်။ ဓလေ့ထုံးတမ်းမြေစီမံခန့်ခွဲမှုစနစ်များမှ ဆုံးဖြတ်ချက်ချမှုတွင် ပါဝင်နိုင်ရန် နှင့် ဆုံးဖြတ်ချက်ချမှုအာဏာကို ပိုင်းခြားခွဲဝေနိုင်ရန်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်သည်။ ထို့ပြင် ဓလေ့ထုံးတမ်း စနစ်များမှာ လူမှုအသိုက်အဝန်းတစ်ရပ်အတွင်း ပြင်ပအင်အားစုများ၏လွှမ်းမိုးချုပ်ကိုင်မှုများကို မတူညီသောလူအုပ်စု များက အတူတကွစုပေါင်းတုန့်ပြန်နိုင်သောကြောင့် မြေယာပဋိပက္ခများကိုလျော့ချနိုင်သည်။ ဓလေ့ထုံးတမ်းစနစ်များ၏ အခန်းကဏ္႑သည် ကျေးရွာအဆင့်၌သာမက နှစ်ပေါင်း(၆ဝ)ကျော်ကြာ ပြည်တွင်းစစ်မီးငြိမ်းစေရန်နှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်အတွက် အရေးကြီးသည် အခြေခံအုတ်တစ်ချပ်လည်းဖြစ်သည်။

ဓလေ့ထုံးတမ်းမြေစီမံမှုစနစ်များတွင် ကျေးရွာအာဏာပိုင်များသည် ကျေးရွာများအကြား ထိစပ်လျက်ရှိသည့် နယ်နိမိတ် အပေါ် သဘောတူညီမှုရရှိရန် (သို့) အငြင်းပွားမှုများကိုဖျန်ဖြေရန် အနီးအနားကျေးရွာများအားလုံးနှင့် ညှိုနှိုင်းလုပ်ဆောင် ရလေ့ရှိသည်။ ဓလေ့ထုံးတမ်းစနစ်များဟုဆိုရာတွင် လူနေအိမ်နှင့် စိုက်ပျိုးရာနေရာသာမက သစ်ဝါးနှင့် ပရဆေးအရင်း အမြစ်များ၊ အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်းအပါအဝင် အသက်မွေးဝမ်းကျောင်းပြုရာနေရာများ၊ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည် မှုနှင့် သမိုင်းကြောင်းဆိုင်ရာနေရာများ စသည့် နယ်ပယ်ဒေသတစ်ခုလုံး၏ စုံလင်ကွဲပြားသော ကျင့်သုံးမှုပုံစံများ ပါဝင်သည်။

ကျေးရွာတွင်းအရင်းအမြစ်များစီမံခန့်ခွဲအသုံးပြုရာတွင်လည်း စံသတ်မှတ်ချက်များ၊ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံး လုပ်နည်းများကို ရပ်ရွာအသိုင်းအဝိုင်းက အတူတကွသတ်မှတ်ရေးဆွဲ၍ စုပေါင်းလိုက်နာ ဆောင်ရွက်ကြသည်။ ဒေသ အခြေအနေနားလည်မှု၊ မြေနှင့်သယံဇာတအရင်းအမြစ်များကိုမှီခိုရှင်သန်နေထိုင်ရမှုများအပေါ် မူတည်၍ ဆုံးဖြတ် လုပ်ကိုင်ကြသည်။ ထို့ကြောင့် ဒေသတွင်း သဟဇာတဖြစ်မှုနှင့် စားနပ်ရိက္ခဖူလုံမှုကို အထောက်အကူပြုသည်။ဓလေ့ထုံးတမ်းစနစ်များသည် သယံဇာတအရင်းအမြစ်များကို အခြေခံသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများတွင် (ဥပမာ စိုက်ပျိုးခြင်း၊ အနားပေးခြင်း၊ ဆည်ရေသွင်းခြင်းနှင့် စားကျက်လွှတ်ခြင်း စသဖြင့်) အချိတ်အဆက်မိမိ ညှိနှိုင်း လုပ်ဆောင်ရန် လိုအပ်သည့်အခါမျိုး၌ ကျေးရွာတွင်း အတူတကွစုပေါင်းဆွေးနွေး၍ တိုးတက်ပြောင်းလဲစေနိုင်သည်။ မြေနှင့် သယံဇာတများကို နည်းလမ်းပေါင်းစုံဖြင့် အသုံးပြုနိုင်သည့်အတွက် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ ကိုလည်း ကောင်းမွန်စေသည်။ ထို့ပြင် ဒေသတွင်း လက်တွေ့ကျင့်သုံးမှုများကို အခြေခံထားသည့်အတွက် မြေနှင့်သယံ ဇာတ ပဋိပက္ခဖြစ်ခြင်း၊ အငြင်းပွားခြင်းများကို လျော့ချနိုင်သည်။


ဓလေ့ထုံးတမ်းမြေစီမံမှုစနစ်များအပေါ် ခြိမ်းခြောက်နေမှုများ

တိုင်းရင်းသားဒေသများတွင် စစ်အသွင်ဆောင်မှု ပိုမိုကျယ်ပြန့်လာနေပြီး လက်နက်ကိုင်ပဋိပက္ခများ တိုးပွားနေဆဲ ဖြစ်သည်။ ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေးရှောင်သူများနှင့် ဒုက္ခသည်များ တိုးပွားနေသည့်အပြင် အဓမ္မမြေသိမ်းမှုများ၊ တောင်သူများအပေါ်ဖိနှိပ်မှုများ ကြုံတွေ့နေရဆဲဖြစ်သည်။ ထိုအခြေအနေသည် ဌာနေတိုင်းရင်းသားများ၏ ဓလေ့ ထုံးတမ်း မြေယာစီမံမှုစနစ်များ ဆက်လက်ကျင့်သုံးနိုင်ရန် အခက်အခဲအဟန့်အတားဖြစ်သည်။ ပြည်သူတို့ စွန့်ခွာထားခဲ့ ရသည့် နေရာများတွင် စစ်ရေးအကြောင်းပြချက်ဖြင့်သော်လည်းကောင်း၊ အရင်းရှင်စီးပွားရေးအရ မြေယာလက်ဦးရယူမှု ကိစ္စရပ်များဖြင့်သော်လည်းကောင်း အဓမ္မမြေသိမ်းခံရမှုကြုံနေရသည့်ဖြစ်ရပ်များစွာရှိနေသည်။ ထို့ကြောင့် စစ်ရှောင် ပြည်သူများ မိမိနေရပ်သို့ပြန်လည်အခြေချနိုင်ခဲ့သည့်တိုင် ၎င်းတို့၏ဓလေ့ထုံးတမ်းမြေစီမံမှုစနစ်များကို ပြန်လည်ကျင့်သုံး နိုင်ရန် အခက်အခဲများစွာရှိသည်။

မြန်မာနိုင်ငံတွင်း မြေနှင့်ဆက်စပ်နေသောမူဝါဒ၊ ဥပဒေမူဘောင်များ (အထူးသဖြင့် – လယ်ယာမြေဥပဒေ၊ မြေလွတ် မြေလပ်မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေ၊ သစ်တောဥပဒေ၊ မြေသိမ်းဆည်းခြင်း ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည် ထူထောင်ခြင်းဆိုင်ရာဥပဒေ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ကာကွယ်တောများထိန်းသိမ်းခြင်းဥပဒေ၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးမဟာဗျူဟာ၊ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ သတ္တုတွင်းဥပဒေများ) သည် နှစ်ပေါင်းများစွာလက်တွေ့ကျင့်သုံးခဲ့သော တိုင်းရင်းသားလူမျိုးများ၏ အစုအဖွဲ့(ဘုံ)ပိုင်ဆိုင်မှုအခွင့်အရေးအပါအဝင် ဓလေ့ထုံးတမ်းမြေစီမံမှုစနစ်များကို လျစ်လျူရှု ထားပြီး၊ အလေးဂရုပြုခြင်းနှင့် တိကျစွာအသိအမှတ်ပြုထားခြင်းများမရှိပေ။ မြေဆိုင်ရာမူဝါဒများနှင့် ဥပဒေများသည် စီးပွားရေးသမားများ၏ အကျိုးအမြတ်ရရှိရေး ရည်ရွယ်ချက်သက်သက်ဖြင့် နိုင်ငံတဝှမ်းမှ ဓလေ့ထုံးတမ်းစနစ်ကျင့်သုံးဆဲ မြေနေရာများကို တစ်ဦးချင်းနှင့် ပုဂ္ဂလိကပိုင် မြေကွက်များအသွင်ပြောင်းစေလျက်ရှိသည်။ ဝမ်းနည်းစရာကောင်းသည်မှာ အချို့သောနိုင်ငံတကာအဖွဲ့အစည်းများနှင့် အလှူရှင်များ၊ အဲန်ဂျီအို (NGO) များကပင် အဆိုပါ မြေမူဝါဒနှင့် ဥပဒေများကို ထောက်ခံပံ့ပိုးပေးခဲ့ကြခြင်းပင်ဖြစ်သည်။ ဤသို့ဖြင့် မြေကိုပုံစံအမျိုးမျိုးဖြင့်သိမ်းနိုင်ရန်၊ မြေကိုရောင်းကုန်သဖွယ်ပြုမူ၍ ဈေးကစားခြင်းပြုနိုင်ရန် အခြေအနေများ ပေါ်ပေါက်လာရပါသည်။

အဆိုပါမူဝါဒများနှင့် ဥပဒေများအောက်တွင် ဓလေ့ထုံးတမ်းစနစ်များအရ ကျင့်သုံးနေသူများကို “ကျူးကျော်နေထိုင်သူ” များအဖြစ် သတ်မှတ်၍ ရာဇဝတ်မှုသင့်စေသည်။ ရေရှည်တည်တံ့သော မြေသယံဇာတစီမံခန့်ခွဲမှုဖြစ်ရန်နှင့် အနာဂတ် မျိုးဆက်များအတွက် လက်ဆင့်ကမ်းအမွေအနှစ်များဖြစ်ရန်ကိုမူ ထည့်သွင်းစဉ်းစားခြင်း အလျဉ်းမရှိပါ။ ပုံစံမျိုးစုံဖြင့် မြေ သိမ်းနိုင်သော လက်ရှိဥပဒေမူဘောင်များ၊ လူထုပူးပေါင်းပါဝင်မှုမရှိသည့် ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် အကြီးစားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ၊ ဗဟိုချုပ်ကိုင်မှုအားကြီးသည့် မြေယာစီမံအုပ်ချုပ်မှုယန္တရားများကြောင့် ဓလေ့ထုံးတမ်း မြေယာစီမံမှုစနစ်များသည် ခြိမ်းခြောက်ခံ၊ ဖိအားပေးခံနေရသည်။

လက်ရှိမြေမှတ်ပုံတင်ခြင်းစနစ်နှင့်အတူ ဈေးကွက်စီးပွားရေးဖိအားများကြီးထွားလာခြင်းက စီးပွားရေးပြေလည်ခြင်းမရှိနိုင်သေးသည့် ကျေးလက်ပြည်သူများအား အလွယ်တကူ မြေရောင်းလိုက်ရန် (သို့မဟုတ်) အငှားချလိုက်ရန် တွန်းအားပေးလျက်ရှိသည်။ ဥပမာအားဖြင့် ပြည်တွင်းစစ်နှင့် စစ်ဘောင်ချဲ့မှုများကြောင့် နေရပ်စွန့်ခွာရသည့်အပြင် စီးပွားပျက်စီး စိတ်ဒဏ်ရာများရနေကြသည့် ပြည်သူများထံမှ မြေနေရာများကို အငှားချရန် (သို့မဟုတ်) ရောင်းချရန်အတွက် မြေပွဲစားများ၊ ကုမ္ပဏီများက ဆွဲဆောင်လာကြသည်။ အဆိုပါအခြေအနေသည် ကျေးလက်နေပြည်သူများနှင့် စစ်ဘေးရှောင်ပြည်သူများ၏ ပုဂ္ဂလိကအကျိုးစီးပွားနှင့် ဘုံတန်ဖိုးထားမှုများအကြား ပဋိပက္ခများဖြစ်လာစေသည့်အပြင် မရေရာမှုများလည်း တိုးပွားလာစေသည်။ ကျေးလက်မြေနှင့် အရင်းအမြစ်များလည်း ဆုံးရှုံးရလျက်ရှိသည်။


နိုင်ငံတကာနှင့် ပြည်တွင်း မြေမူဝါဒများတွင် ဓလေ့ထုံးတမ်း မြေအခွင့်အရေးနှင့် စီမံမှုစနစ်များအား အသိအမှတ်ပြုထားမှု

ဓလေ့ထုံးတမ်းမြေယာလုပ်ပိုင်ခွင့်သည် ကမ်ဘာတစ်ဝှမ်းရှိ မိသားစုသန်းပေါင်းများအတွက် အလွန်အရေးပါသော စနစ်တစ်ခု ဖြစ်သည်။ မတူကွဲပြားသည့် လုပ်ကိုင်ပိုင်ဆိုင်ခွင့် အခွင့်အရေးများ (ပူးတွဲ ပိုင်ဆိုင်ခြင်း၊ အငှားချခြင်း/သီးစားချခြင်း၊ မြေမဲ့ လယ်ယာလုပ်သား စသဖြင့်)နှင့် အလွှာအဆင့်ဆင့်မှ (မိသားစု၊ လူအုပ်စု၊ ရပ်ရွာ) လက်လှမ်းမှီအသုံးပြုနိုင်ရန်နှင့် စီမံ အုပ်ချုပ်နိုင်ရန် ရည်ရွယ်သော စနစ်တစ်ခုလည်းဖြစ်သည်။

သို့သော် “ကမ္ဘာ့မြေအလိုရမ္မက်” ကြီးထွားလာခြင်းက အဆိုပါ ဓလေ့ထုံးတမ်းမြေများအတွက် ခြိမ်းခြောက်မှုများဖြစ်လာ စေသည်။ ကမ်ဘာ့မြေအလိုရမ္မက်ကြီးခြင်းဆိုသည်မှာ အကြီးစားစက်မှုသီးနှံစိုက်ပျိုးရေး၊ အကြီးစားသစ်ထုတ်ခြင်းနှင့် သတ္တုတူးဖော်ရေး၊ အကြီးစားအခြေခံအဆောက်အုံများနှင့် စွမ်းအင်စီမံကိန်းများ၊ အခြားသော အကြီးစားစီမံကိန်းများစွာတို့မှ အကျိုးအမြတ်ရရန်၊ အကြီးစားရင်းနှီးမြှုပ်နှံမှုများပြုနိုင်ရန်အတွက် ကမ္ဘာတစ်ဝှမ်းမှ အစိုးရများနှင့် စီးပွားရေးအဖွဲ့အစည်းများ၏ မြေရှာပုံတော်ဖွင့်ခြင်းဖြစ်သည်။ ပြည်သူများ၏ဘဝရှင်သန်မှုအပေါ် သက်ရောက်မှုရှိသော ဆုံးဖြတ်ချက်များတွင် “နှောင်ကြိုးကင်းမဲ့သော ကြိုတင်အသိပေး သဘောတူညီချက်ရယူခြင်း” (FPIC) ဖြစ်စဉ်အား လူသားအားလုံး၏ အခြေခံလူ့အခွင့်အရေးတစ်ရပ်အဖြစ် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေမှ ပြဌာန်းထားရှိသော်လည်း ထိုအခြေခံသဘော တရားမှာ လျစ်လျူရှုခံရလျက်ရှိသည် (ရပ်ရွာလူထုများနှင့်တွေ့ဆုံးဆွေးနွေးမှု ပြုလုပ်သည့်တိုင် ဆုံးဖြတ်ခွင့်အာဏာမပေးပေ)။ အစိုးရကဦးဆောင်သောလုပ်ငန်းစဉ်များအတွင်းတွင် အစုအဖွဲ့ပိုင်သစ်တောကဲ့သို့သော သေးငယ်ကျဉ်းမြောင်းသည့် အစိတ်အပိုင်းအချို့အတွက်သာ တရားဝင် အသိအမှတ်ပြုကာကွယ်ခြင်းအား လုပ်ဆောင်လေ့ရှိသည်ကို တွေ့ရှိရတတ်ပြီး ၎င်းသည် ကျေးရွာတစ်ရွာ(သို့)ကျေးရွာအုပ်စုများ၏ ဓလေ့ထုံးတမ်းအရစီမံခန့်ခွဲမှုနယ်မြေတစ်ခုလုံးအတွက် ထိရောက်စွာ လွမ်းခြုံနိုင်ခြင်းမရှိပေ။ အခြားတစ်ဖက်တွင်မူ ၎င်းအစိတ်အပိုင်းငယ်အား တရားဝင်အသိအမှတ်ပြုသည်ဟုဆိုသည့် အတွက် ကျန်အစိတ်အပိုင်းများစွာသည် အလိုအလျောက်ပင် တရားဝင်အသိအမှတ်ပြုမခံရသည့်နယ်မြေများအဖြစ် ကျန်ရစ်ခဲ့လေသည်။ ဤသို့ဖြင့် အဆိုပါမြေနေရာများ၊ ဆက်စပ်သယံဇာတများသည် စီးပွားရေးလုပ်ငန်းကြီးများ ရယူ ထိန်းချုပ်နိုင်ရန် အခြေအနေများဖြစ်လာစေသည်။ ၎င်းသည်ပင် အရင်းရှင်ဈေးကွက်စီးပွားရေးသဘောတရားများက ကမ္ဘာတစ်ဝှမ်းရှိ ဓလေ့ထုံးတမ်းမြေနယ်နိမိတ်များအတွင်း ချဲ့ထွင်ဝင်ရောက်လာကြခြင်းဖြစ်သည်။

ဓလေ့ထုံးတမ်း မြေယာစနစ်များမှာ အရေးကြီးသည့်အပြင် ထိုစနစ်များအပေါ် ခြိမ်းခြောက်မှုများက ကြီးမားလာနေ သော်လည်း၊ နိုင်ငံအများအပြားတွင် ဓလေ့ထုံးတမ်းစနစ်များအား ဥပဒေများအတွင်းပေါင်းစပ်ထည့်သွင်း၍ အသိအမှတ် ပြုနိုင်ခြင်းမရှိသေးပေ။ လွန်ခဲ့သောဆယ်စုနှစ်များအတွင်း ကမ္ဘာအနှံ့အပြားရှိ ဌာနေတိုင်းရင်းသားလူမျိုးများနှင့် တောင်သူ လယ်သမားလှုပ်ရှားမှုများကြောင့်သာ ဓလေ့ထုံးတမ်းမြေစနစ်များ၏အရေးကြီးမှုနှင့် ၎င်းစနစ်များကိုကျင့်သုံးနေကြသူ များ၏ အခွင့်အရေးများကို တရားဝင်အသိအမှတ်ပြုလာကြခြင်းဖြစ်သည်။

အချို့သောနိုင်ငံများတွင် ဓလေ့ထုံးတမ်းမြေစနစ်နှင့် အခွင့်အရေးများကို ၎င်းတို့၏အမြင့်ဆုံးဖြစ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအတွင်း ထည့်သွင်းပြဌာန်းအသိအမှတ်ပြုထားသည်။ ဥပမာအနေနှင့် ဘိုလီးဗီးယားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝ၁၉) အပိုဒ်(၂)တွင် ဌာနေ တိုင်းရင်းသားလူမျိုးများနှင့် ဘိုးဘွားစဉ်ဆက် စီမံအုပ်ချုပ်ခဲ့သည့် နယ်နိမိတ်များ၊ ၎င်းတို့၏ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်၊ ယဉ်ကျေးမှု၊ ကိုယ်ပိုင်အုပ်ချုပ်စီမံခွင့်နှင့် ဓလေ့ထုံးတမ်းဖွဲ့စည်းပုံများကို အသိအမှတ်ပြု အာမခံပေးထားသည်။2 အခန်း(၄)တွင်လည်း နိုင်ငံသားများနှင့် မူရင်းဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကို အသေးစိတ်ဖော်ပြထားသည်။ ထို့ပြင် ၁၉၈၇-ခုနှစ် ဖိလစ်ပိုင်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဌာနေတိုင်းရင်းသား လူမျိုးစုများ၏ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်သော နယ်မြေများကို အသိအမှတ်ပြုရန်၊ ထိုနယ်မြေများ၏အရေးကိစ္စများအား ဆုံးဖြတ်ရာ၌ ဓလေ့ထုံးတမ်းဥပဒေများအား အသိအမှတ်ပြုကျင့်သုံးရန်၊ (အမျိုးသား အဆင့် ဥပဒေပြုရေး)လွှတ်တော်မှ ဥပဒေသစ်တစ်ရပ်ရေးဆွဲရန် ပြဌာန်းချက်တစ်ရပ်ပါဝင်သည် (အပိုင်း-၅၊ အပိုဒ်-၁၂)။ ထိုပြဌာန်းချက်မှတဆင့် ဥပဒေသစ် တစ်ရပ်ရေးဆွဲရန် အခြေအနေတစ်ရပ်ဖြစ်လာခဲ့ပြီး ဌာနေတိုင်းရင်းသား လူမျိုးများအခွင့်အရေးဆိုင်ရာအက်ဥပဒေ (IPRA) အဖြစ် လူသိများသော ဥပဒေသစ်တစ်ရပ်ကို ဆယ်နှစ်ကြာပြီးနောက် (၁၉၉၇)ခုနှစ်တွင် ပြဌာန်းခဲ့သည်။

ဓလေ့ထုံးတမ်းမြေနှင့်နယ်နိမိတ်များဆိုင်ရာ အသိအမှတ်ပြုမှုများကို အဓိကအားဖြင့် နိုင်ငံတကာလူ့အခွင့်အရေးစာတမ်း (၄)ခုတွင် တွေ့နိုင်သည်။

  • (၁) ၂ဝဝ၇-ခုနှစ်တွင် အတည်ပြုခဲ့သည့် ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသားများအခွင့်အရေးဆိုင်ရာ ကြေငြာစာတမ်း3 (UNDRIP) တွင် ဓလေ့ထုံးတမ်းမြေလုပ်ပိုင်ခွင့်စနစ်များကို ပေါင်းစပ်အသိအမှတ်ပြုထားသည်။ အထူးသဖြင့် အပိုဒ်(၅)တွင် ဌာနေတိုင်းရင်းသားများ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာပါဝင်နိုင်ခွင့်နှင့် မိမိတို့၏ ရိုးရာ ဓလေ့လည်ပတ်မှုဆိုင်ရာ ဆုံးဖြတ်ပိုင်ခွင့် အခွင့်အရေးများရှိပြီး၊ အပိုဒ်-၈(၂.ခ)တွင် ဌာနေတိုင်းရင်းသားများနှင့် တစ်ဦးချင်းစီ၏ နေထိုင်ရာနေရာ၊ မြေနှင့်အရင်းအမြစ်များကို အဓမ္မဖျက်ဆီးခြင်း၊ သိမ်းယူခြင်းများအား ကာကွယ်ရန်အတွက် ထိရောက်သောယန္တရားများ ထားရှိရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အပိုဒ်(၁ဝ)တွင် ဌာနေတိုင်းရင်းသားတို့၏ သဘောတူညီမှုမရှိပဲ အတင်းအကြပ် အဓမ္မရွေ့ပြောင်းခြင်းများ မရှိစေရန်နှင့် မဖြစ်မနေ လုပ်ဆောင်ရန်လိုအပ်ပါက ပြည်သူ့ဘဝတရားမျှတမှုရှိသည့် နစ်နာကြေး၊ လျော်ကြေးတို့အပေါ် သဘောတူညီမှု ရှိမှသာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
  • (၂) ၂ဝ၁၂-ခုနှစ်တွင် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည့် မြေ၊ သားငါးနှင့်သစ်တော လုပ်ပိုင်ခွင့် များအားစီမံအုပ်ချုပ်ခြင်းတွင် လိုက်နာရမည့်လမ်းညွှန်ချက်များ4 (VGGT) ၏ အခန်း(၉)တစ်ခုလုံးတွင် ‘ဓလေ့ထုံးတမ်း မြေစီမံခန့်ခွဲမှုစနစ်အသုံးပြုနေသော ဌာနေတိုင်းရင်းသားများနှင့် အခြားရပ်ရွာဒေသများ’ ၏ အခွင့်အရေးများနှင့် ပတ်သက်၍ အထူးဖော်ပြထားသည်။
  • (၃) ၂ဝ၁၄-ခုနှစ်တွင် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့မှ အတည်ပြုထုတ်ပြန်ခဲ့သော စားနပ်ရိက္ခာဖူလုံရေးနှင့် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးဆိုင်ရာ အခြေအနေများနှင့်စပ်လျဉ်း၍ “အသေးစားငါးဖမ်းလုပ်ငန်းများကို ရေရှည်ခိုင်မာလုံခြုံမှုရှိရန်လမ်းညွှန်ချက်များ”5 (SSF)တွင် ဌာနေတိုင်းရင်းသားလူမျိုးများနှင့် တိုင်းရင်းသား လူနည်းစုများအပါအဝင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ကြသည့် လူမှုအသိုက်အဝန်းများ၏ ဓလေ့ထုံးတမ်းစနစ်များနှင့် ကျင့်သုံးမှုများကို အသိအမှတ်ပြုရန် ခိုင်မာစွာဖော်ပြထားသည်။ ဓလေ့ထုံးတမ်းဆိုင်ရာအခွင့်အရေးများနှင့် ပတ်သက်၍ အပိုဒ်(၅.၄)တွင် အသိအမှတ်ပြုခြင်း၊ အပိုဒ်(၅.၅)တွင် အနာဂတ်မျိုးဆက်များအတွက် သဘာဝ သယံဇာတများကို ပြန်လည်ရှင်သန်စေခြင်း၊ အပိုဒ်(၅.၈)၊ (၅.၉)၊ (၅.၁ဝ)၊ (၅.၁၂) တို့တွင် ပြန်လည်ပေးအပ်ခြင်း ဆိုင်ရာအချက်များကို ရှင်းလင်းစွာတွေ့ရမည် ဖြစ်သည်။
  • (၄) ၂ဝ၁၈-ခုနှစ် အောက်တိုဘာလတွင် ကုလသမဂ္ဂအထွေထွေညီလာခံမှထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ၏ တောင်သူ လယ်သမားငယ်များနှင့် ကျေးလက်ဒေသတွင်အလုပ်လုပ်ကိုင်သူများ၏ အခွင့်အရေးဆိုင်ရာ ကြေငြာစာတမ်း6 (UNDROP) တွင်လည်း ဓလေ့ထုံးတမ်းဆိုင်ရာစနစ်များကို အသိအမှတ်ပြုထားသည်။ အထူးသဖြင့် အပိုဒ်(၂၈) နှင့် အပိုဒ်(၁၇.၁)တို့တွင် တောင်သူငယ်များနှင့် ကျေးလက်ဒေသတွင် နေထိုင်လုပ်ကိုင်သူများအနေဖြင့် တစ်ဦး တစ်ယောက် အနေဖြင့်ဖြစ်စေ၊ အုပ်စုလိုက်အနေဖြင့်ဖြစ်စေ ၎င်းတို့ဒေသရှိ သဘာဝအရင်းအမြစ်များကို ရေရှည် တည်တံ့သောပုံစံဖြင့် စီမံခန့်ခွဲနိုင်ခွင့်ရှိကြောင်း ဖော်ပြထားသည်။ အပိုဒ်(၁၇.၃)တွင် ဥပဒေအရအကာအကွယ် မရသေးသော ဓလေ့ထုံးတမ်းမြေစီမံခန့်ခွဲမှုစနစ်နှင့်ပုံစံအမျိုးမျိုးကို အသိအမှတ်ပြုခြင်း၊ အဓမ္မရွေ့ပြောင်းခံရခြင်း များမှ ကာကွယ်ရန်ဖော်ပြထားသည်။ အပိုဒ်(၁၇.၄)တွင် ဥပဒေမဲ့ အတင်းအကျပ်ရွှေ့ပြောင်းစေခြင်း၊ စိုက်ပျိုးမြေ နေရာများကို ဖျက်ဆီးခြင်း၊ မြေနှင့်အခြားသယံဇာတများကို အဓမ္မရယူခြင်းများအား နိုင်ငံတော်မှတားမြစ်ရန်နှင့် ပြစ်ဒဏ်ပေးရန် ထည့်သွင်းဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ လက်ရှိ မြေဆိုင်ရာမူဝါဒ၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း ပုံပန်းသွင်ပြင်များသည် အထက်တွင်ဖော်ပြခဲ့သည့် နိုင်ငံတကာစံနှုန်းများမှ လွဲချော်မှုများစွာဖြစ်နေသည်။ ၂ဝ၁၆-ခုနှစ်တွင်အတည်ပြုခဲ့သော အမျိုးသားမြေအသုံးချမှု မူဝါဒတွင် တိုင်းရင်းသားတို့၏ မြေအခွင့်အရေးနှင့် ဓလေ့ထုံးတမ်းစနစ်များကို အသိအမှတ်ပြုသယောင် ဖော်ပြချက်အချို့ ပါရှိခဲ့သည်။ ဥပမာ – “အပိုင်း(၈)တိုင်းရင်းသားများ၏ မြေယာအခွင့်အရေး” အခန်းပါရှိသော်လည်း နိုင်ငံရေးအရဖြစ်စေ၊ နည်းပညာပိုင်းအရဖြစ်စေ လိုအပ်ချက်များစွာ ဆက်လက်တည်ရှိနေသည်။ မူဝါဒတွင် ဓလေ့ထုံးတမ်းစနစ်အသိအမှတ်ပြုခြင်းနှင့် အကာအကွယ်ပေးခြင်းများကို ယေဘုယျဆန်စွာထည့်သွင်းပြီး ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်အနှစ်သာရမှာ ရှင်းလင်းမှုမရှိပေ။ စစ်အုပ်ချုပ်ရေးနှင့် ကျယ်ပြန့်စွာဖြစ်ပွားလျှက်ရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများအောက်တွင် ဒေသခံဌာနေတိုင်းရင်းသားများနှင့် ဓလေ့ထုံးတမ်းစနစ်ကျင့်သုံးလျက်ရှိသည့် လူမှုအသိုက်အဝန်းတို့၏ မြေယာဆိုင်ရာအခွင့်အရေးများ အကြီးအကျယ် လက်လွှတ်ဆုံးရှုံးရမည့် အခြေအနေများလည်း ရှိနေသည်။

တစ်ဖက်တွင် တိုင်းရင်းသားဒေသများ၌ နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီပြီး တိုင်းရင်းသားမြေအခွင့်အရေးများနှင့် ဓလေ့ ထုံးတမ်းစနစ်များကို အခြေခံရေးဆွဲထားသည့်မူဝါဒများ ထွက်ပေါ်လာနေသည်။ ဥပမာ-(၂ဝ၁၅)ခုနှစ် ဒီဇင်ဘာလတွင် အတည်ပြုထုတ်ပြန်ခဲ့သော ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏မြေယာမူဝါဒ၊ ၂ဝ၁၈-ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့သော ကရင်နီမြေမူဝါဒနှင့် ၂ဝ၂၁-ခုနှစ် ဇွန်လတွင် ထုတ်ပြန်ခဲ့သော မွန်ဒေသမြေမူဝါဒ (အချောသတ်မူကြမ်း) တို့ဖြစ်သည်။ ထိုမူဝါဒများသည် ဓလေ့ထုံးတမ်းမြေအခွင့်အရေးနှင့် ကျင့်သုံးမှုစနစ်များအား ကျယ်ပြန့်စွာအခြေခံ၍ရေးဆွဲ ထားသည့် မူဝါဒများဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ရေးဆွဲပြဌာန်းလျက်ရှိနေသည့် မြေနှင့်ဆက်စပ်သည့် အခြားမူဝါဒများ၊ ဥပဒေများနှင့်လည်း များစွာကွဲပြားသည်ကို တွေ့ရှိရသည်။

ဘိုလီးဗီးယားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၉)တွင် ဓလေ့ထုံးတမ်းမြေစနစ်များအား အသိအမှတ်ပြုထားပုံ

ဘိုလီးဗီးယားနိုင်ငံ၏ လူဦးရေ(၄၁%)သည် ဌာနေတိုင်းရင်းသားများဖြစ်ကြပြီး ၂ဝဝ၆-ခုနှစ်တွင် ရွေးကောက်တင်မြောက် ခံရသော သမ္မတ အီဗိုမော်ရေးလ်သည် ကိုကာစိုက်ပျိုးသည့် ဌာနေတိုင်းရင်းသားတစ်ဦးဖြစ်သည်။ ဘိုလီးဗီးယားနိုင်ငံ၏ သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ဌာနေတိုင်းရင်းသားတစ်ဦး သမ္မတဖြစ်လာပြီးနောက်တွင် လူမျိုးဘာသာ လွှမ်းမိုးမှုမရှိပဲ လူမျိုးပေါင်းစုံအတူတကွနေထိုင်ရေးကိုအခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ်အား မူကြမ်းရေးဆွဲခဲ့သည်။ အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဌာနေတိုင်းရင်းသားဘာသာစကား၊ ဌာနေယဉ်ကျေးမှုနှင့် ဌာနေတိုင်းရင်းသား မြေစနစ်များကို အသိအမှတ်ပြုထားပြီး ပြည်လုံးကျွတ်ဆန္ဒခံယူခြင်းဖြင့် ၂ဝဝ၉-ခုနှစ်တွင် အတည်ပြုပြဌာန်းခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအပိုဒ်(၂)တွင် ဌာနေတိုင်းရင်းသားလူမျိုးများနှင့် ဘိုးဘွားစဉ်ဆက်စီမံအုပ်ချုပ်ခဲ့သည့် နယ်နိမိတ် များ၊ ၎င်းတို့၏လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်၊ ယဉ်ကျေးမှု၊ ကိုယ်ပိုင်အုပ်ချုပ်စီမံခွင့်နှင့် ဓလေ့ထုံးတမ်းဖွဲ့စည်းပုံများကို အသိ အမှတ်ပြု အာမခံပေးထားသည်။ အခန်း(၄)တွင် နိုင်ငံသားများနှင့် မူရင်းဌာနေတိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးများကို အောက်ပါအတိုင်း အသေးစိတ်ဖော်ပြထားသည်။

  • ၁။ လွတ်လပ်ခွင့်
  • ၂။ ယဉ်ကျေးမှုဝိသေသလက္ခဏာများ၊ ကိုးကွယ်ယုံကြည်မှုများ၊ သက်ဝင်ယုံကြည်မှုအလေ့အထများနှင့် ကိုယ်ပိုင် အတွေးအမြင် ထားရှိကျင့်သုံးခွင့်
  • ၃။ မှတ်ပုံတင်၊ နိုင်ငံကူးလက်မှတ်နှင့် အခြားသော တရားဝင် စာရွက်စာတမ်း အထောက်အထားများတွင် တစ်ဦးချင်းစီ၏ ယဉ်ကျေးမှုဆိုင်ရာ ဝိသေသ လက္ခဏာများကို ထည့်သွင်းမှတ်ပုံတင်နိုင်သည်။
  • ၄။ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်နှင့် ကိုယ်ပိုင်နယ်နိမိတ် ထားရှိပိုင်ခွင့်
  • ၅။ ကျင့်သုံးဆောင်ရွက်နေကြသည့် ဌာနေအင်စတီကျူးရှင်းများသည် နိုင်ငံစုဖွဲ့မှု၏ အစိတ်အပိုင်းများ ဖြစ်သည်။
  • ၆။ မြေနှင့် နယ်နိမိတ်များအတွက် စုပေါင်းပိုင်ဆိုင်ခွင့်
  • ၇။ အထွဋ်အမြတ်ထားရာ နေရာများအား ကာကွယ်ပိုင်ခွင့်
  • ၈။ စနစ်များ၊ နည်းလမ်းများ၊ ချိတ်ဆက်ဆောင်ရွက်မှုများအတွက် ကိုယ်ပိုင်ဖန်တီးခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်
  • ၉။ ဓလေ့ထုံးတမ်းအရသင်ကြားမှုများနှင့် ဌာနေအသိပညာများ၊ တိုင်းရင်းဆေးဝါးများ၊ ဌာနေတိုင်းရင်းသားဘာသာ စကားများ၊ ဓလေ့များ၊ အမှတ်သငေ်္ကတများနှင့် ဝတ်စားဆင်ယင်မှုများအား တန်ဖိုးထား၊ လေးစား၊ အားပေး မြှင့်တင်ရမည်။
  • ၁ဝ။ ဂေဟစနစ်နှင့်လျော်ညီသည့် ထုတ်ယူသုံးစွဲမှု၊ စီမံခန့်ခွဲမှုများမှတဆင့် ကျန်းမာသော သဘာဝပတ်ဝန်းကျင်တွင် နေထိုင်ခွင့်
  • ၁၁။ ဌာနေအသိပညာများ၊ လေ့လာသင်ယူ/ သင်ကြားမှုများနှင့် ဖော်ထုတ်အသုံးချမှုများတွင် အစုအဖွဲ့အလိုက် ဉာဏ မူပိုင်ခွင့်
  • ၁၂။ ပညာရေးရေးစနစ်အားလုံးတွင် မတူကွဲပြားသည့် ယဉ်ကျေးမှုများနှင့် ဌာနေတိုင်းရင်းသား ဘာသာစကားမျိုးစုံကို လက်လှမ်းမီခွင့်
  • ၁၃။ ကိုယ်ပိုင်အမြင်နှင့် ဓလေ့ထုံးတမ်းကျင့်သုံးမှုများအား လေးစားမှုရှိသည့် လွှမ်းခြုံမှုရှိသော အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုရပိုင်ခွင့်
  • ၁၄။ ကိုယ်ပိုင်အတွေးအမြင်ရှုထောင့်နှင့်ကိုက်ညီသည့် နိုင်ငံရေး၊ တရားရေး၊ စီးပွားရေးစနစ်များအား ကျင့်သုံးပိုင်ခွင့်
  • ၁၅။ ဌာနေတိုင်းရင်းသားများအပေါ် အကျိုးသက်ရောက်မှုရှိလာနိုင်သည့် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ဆောင်ရွက်မှုတိုင်းအတွက် သင့်လျော်သည့် ဆွေးနွေးညှိနှိုင်းမှုများကို သက်ဆိုင်ရာဌာနေအင်စတီကျူးရှင်းများမှ တဆင့် ဆောင်ရွက်ရမည်။ ပြန်လည်မဖြည့်တင်းနိုင်သော သယံဇာတများ ထုတ်ယူခြင်းအတွက် အစိုးရအနေနှင့် ကြိုတင်ဆွေးနွေးသဘောတူညီမှုရယူရန် မဖြစ်မနေလိုအပ်ပြီး ၎င်းလုပ်ငန်းစဉ်သည် လေးစားမှု၊ စိတ်ရင်းအစစ် အမှန်နှင့် သဘောတူညီချက်များအပေါ် အခြေခံရမည်။
  • ၁၆။ မိမိတို့၏နယ်နိမိတ်အတွင်းရှိသယံဇာတထုတ်ယူခြင်းမှ အကျိုးအမြတ်များကို ခံစားပိုင်ခွင့်
  • ၁၇။ ဌာနေတိုင်းရင်းသားများ၏ ကိုယ်ပိုင်နယ်နိမိတ်စီမံခန့်ခွဲမှု၊ နယ်နိမိတ်အတွင်းမှ ပြန်လည်ဖြည့်တင်းနိုင်သည့် သယံဇာတထုတ်ယူသုံးစွဲရေး ကိစ္စများအတွက် တရားဝင်ခွင့်ပြုချက်ရထားသည့် တတိယပုဂ္ဂိုလ် (Third party) အား ထိခိုက်မှုမရှိစေပဲ ဆောင်ရွက်နိုင်သည်။
  • ၁၈။ နိုင်ငံ၏ဖွဲ့စည်းပုံအင်္ဂါရပ်များနှင့် ဖွဲ့စည်းတည်ဆောက်ပုံ (အင်စတီကျူးရှင်း) များတွင် ပါဝင်ခွင့်

မြေနှင့် သယံဇာတအခွင့်အရေးဆိုင်ရာ အခြေခံမူများ

(ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရာတွင် မဖြစ်မနေထည့်သွင်း အကောင်အထည်ဖော်ရန်)

မြန်မာ့လူမှုအသိုက်အဝန်းသည် စုံလင်ကွဲပြားသော တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ကြပြီး သက်ဆိုင်ရာတိုင်းရင်းသား လူမျိုးများအလိုက် နောက်ခံသမိုင်းကြောင်းများ၊ ဌာနေအမွေအနစ်များဖြင့် ဝိသေသပြုလျက်ရှိသည်။ ထို့အပြင် ထပ်တလဲလဲဖြစ်ပေါ် နေသော ပဋိပက္ခသံသရာတစ်လျှောက်တွင် သွေးထွက်သံယိုအဖြစ်အပျက်များစွာ၊ အမျက်ဒေါသနှင့် နာကျင်မှုများစွာဖြင့်လည်း ဖြတ်သန်းခဲ့ကြရသည်။ သို့ဖြစ်ရာ ဖက်ဒရယ်မူဘောင်တစ်ခုအတွက် ရှေ့ဆက်ကြရာတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ လူမှုအသိုက်အဝန်းအနေနှင့် ပူးပေါင်းပါဝင်မှုရှိပြီး ဒီမိုကရေစီ အနာဂတ်သစ်ကို စုစည်းပုံဖော်နိုင်မည့် နိုင်ငံရေးစိတ်ဆန္ဒကို စုပေါင်းပျိုးထောင်ရန် လိုအပ်သည်။

လူမျိုးစုအခြေခံ၊ ဂျဲန်ဒါအခြေခံ၊ လူတန်းစားအခြေခံ ခွဲခြားမှုများမှ လွတ်မြောက်မှသာ တိုင်းရင်းသားပြည်သူလူထု တစ်ရပ် လုံးအနေနှင့် တစ်ဦးနှင့်တစ်ဦးအကြား၊ လူနှင့်သဘာဝတရားအကြား အမှန်တကယ်ငြိမ်းချမ်းစွာဖြင့် နေထိုင်ရှင်သန် ဖြစ်ထွန်းနိုင်မည်ဖြစ်သည်။ ထိုအနာဂတ်အသစ်အတွက်ခိုင်မာသည့်အုတ်မြစ်တစ်ခုချနိုင်ရန်မှာ နိုင်ငံ၏ မြေနှင့် သယံဇာတ ဆိုင်ရာ အောက်ဖော်ပြပါ အခြေခံမူများကို ကျွန်ုပ်တို့အနေနှင့် ယုံကြည်ပါသည်။

(၁) မြန်မာနိုင်ငံ၏ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးသည် (ပြည်သူလူထုဟု ရည်ညွှန်းအသုံးပြုပါမည်) နိုင်ငံ အတွင်းရှိ ရေ၊ မြေနှင့် မြေပေါ် မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတများ၏ မူရင်းပိုင်ရှင်ဖြစ်သည်။

(၂) ထို့အတွက် ပြည်သူလူထုက စုပေါင်းပိုင်ဆိုင်ပြီး အနာဂတ်မျိုးဆက်များအတွက် ကာကွယ်ပေးရမည့် မြေနှင့် သယံဇာတများ၏ ရှင်သန်ကြွယ်ဝရေး၊ ယင်းနှင့်ဆက်စပ်သော အစီအမံတို့အတွက် အပြီးသတ် ဆုံးဖြတ်ပေးမည့်သူ၊ အမြင့်ဆုံးအာဏာပိုင်မှာလည်း ပြည်သူလူထုပင်ဖြစ်သည်။

(၃) နိုင်ငံ၏ သယံဇာတရေးရာ စီမံခန့်ခွဲမှုအတွင်း မည်သည့်ခွဲခြားခံရမှုမှမရှိစေပဲ ပြည်သူလူထုတစ်ရပ်လုံး တန်းတူ ညီမျှစွာ ပါဝင်ခွင့်ရှိရမည်။ မြေနှင့်သယံဇာတဆိုင်ရာခွဲဝေအသုံးပြုမှုများအတွက် ဆုံးဖြတ်ချက်များ၊ ဘဝရှင်သန် ရေးနှင့်သက်ဆိုင်သည့် ဆုံးဖြတ်ချက်များအတွက် လူတိုင်းတွင် အဓိပ္ပာယ်ပြည့်ဝစွာ ပါဝင်နိုင်သည့်အခွင့်အလမ်း နှင့် တူညီသည့်အခွင့်အရေးရှိသည်။ တိုင်းရင်းသားလူမျိုးများသည် ၎င်းတို့စုပေါင်းပိုင်ဆိုင်သော မြေနှင့် နယ်နိမိတ်များအလိုက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ဓလေ့ထုံးတမ်းစနစ်များဖြင့် မြေယာစီမံအုပ်ချုပ်ခွင့်များ ရှိရမည်။

(၄) တိုင်းရင်းသားလူမျိုးအသီးသီး၏ လူမှုအသိုင်းအဝိုင်းများ ကျင့်သုံးနေကြသော ဓလေ့ထုံးတမ်းမြေအခွင့်အရေး၊ ကျင့်သုံးမှုများနှင့် စနစ်များသည် (လက်ရှိတွင် ပြဌာန်းဥပဒေအရ အသိအမှတ်ပြုခြင်း မရှိသေးသော်လည်း) ၎င်းတို့သည် ဒေသန္တရစံနှုန်းများနှင့် လူမှုစံသတ်မှတ်ချက်များအရ တရားဝင်မှုရှိသည်။ တိုင်းရင်းသားပြည်သူ လူထုများ စုပေါင်းဖော်ဆောင်ကျင့်သုံးလျက်ရှိသည့် ဓလေ့ထုံးတမ်းမြေမူဝါဒများနှင့် စနစ်များကို အဓိပ္ပာယ်ရှိစွာ၊ ပြည့်ပြည့်ဝဝ အသိအမှတ်ပြု၊ ကာကွယ်၊ မြှင့်တင်ရမည်။

(၅) ကျွန်ုပ်တို့၏ ဓလေ့ထုံးတမ်းမြေစီမံမှုစနစ်များအား အသိအမှတ်ပြုရာတွင် မြေအသုံးချပိုင်ခွင့်၊ စီမံခန့်ခွဲခွင့်နှင့် ပိုင်ဆိုင်ခွင့် ပုံစံအမျိုးမျိုးအပါအဝင် စနစ်ယန္တရားတစ်ခုလုံးအား အသိအမှတ်ပြုရမည်။

(၆) ဖက်ဒရယ်စီမံအုပ်ချုပ်မှုပုံစံအလိုက် ပြည်သူလူထု၏ ဓလေ့ထုံးတမ်းမြေနှင့် နယ်နိမိတ်များ၊ စီမံခန့်ခွဲမှုစနစ်များကို အဓိပ္ပာယ်ရှိစွာ၊ ပြည့်ပြည့်ဝဝ အသိအမှတ်ပြု၊ ကာကွယ်၊ မြှင့်တင်ရမည်။ ယင်းသည် မြေပေါ်မြေအောက် ရေပေါ်ရေအောက် သယံဇာတများသာမက၊ မိမိတို့နှင့် အနာဂတ်မျိုးဆက်များ၏ သာယာဝပြောရေးအတွက် ပြည်သူလူထုက မည်သို့စီမံခန့်ခွဲနိုင်သည့်အပေါ် အမှန်တကယ်ဖော်ပြမှုပင် ဖြစ်သည်။

(၇) စစ်အုပ်ချုပ်မှုကြောင့်သော်လည်း၊ လက်နက်ကိုင်ပဋိပက္ခနှင့် စစ်ပွဲများကြောင့်သော်လည်းကောင်း၊ သဘာဝဘေး အန္တရာယ်များကြောင့်သော်လည်းကောင်း ပြည်သူလူထုအများအပြား နေရပ်စွန့်ခွာကြရသည်။ ထိုသို့ စွန့်ခွာရ မှုသည် ၎င်းတို့၏မြေယာအခွင့်အရေးများနှင့် ဓလေ့ထုံးတမ်း မြေယာအုပ်ချုပ်မှုစနစ်အရ ရှင်သန်နေထိုင်ခွင့်များကို ဆုံးရှုံးသည်ဟု မဆိုသင့်ပေ။ နေရပ်စွန့်ခွာတိမ်းရှောင်ရသူများနှင့် ဒုက္ခသည်များ၏ မူလမြေနေရာ၊ ဆက်စပ် အရင်းအမြစ်များအား ၎င်းတို့၏ဓလေ့ထုံးတမ်းမြေစီမံမှုစနစ်များဖြင့် ဆက်လက်ကျင့်သုံးခွင့်ရှိရမည်။ နေရပ်စွန့်ခွာ တိမ်းရှောင်ရသူများနှင့် ဒုက္ခသည်များ၏ ဓလေ့ထုံးတမ်းမြေများ၊ နယ်မြေနေရာများနှင့် ဓလေ့ထုံးတမ်းမြေစီမံမှုစနစ်များကို ၎င်းတို့၏ နှောင်ကြိုးကင်းမဲ့စွာ ကြိုတင်အသိပေး သဘောတူညီချက်များနှင့်အတူ ဖြစ်နိုင်သည့် အတိုင်းအတာအထိ အဓိပ္ပာယ်ရှိစွာ၊ ပြည့်ပြည့်ဝဝ ပြန်လည်အပ်နှင်းရမည်။ ထိုသို့ အပြည့်အဝပြန်လည်အပ်နှင်း နိုင်ခြင်းမရှိသည့်အခါ နေရပ်စွန့်ခွာခဲ့ရသူများအပါအဝင် သက်ဆိုင်သူအားလုံး (ယခင် မြေပိုင်ဆိုင်ခဲ့သူများနှင့် အသစ်လာရောက်အခြေချနေထိုင်သူများ) ဓလေ့ထုံးတမ်းမြေစီမံအုပ်ချုပ်မှုစနစ်အတွင်း အတူတကွ ဆွေးနွေး ညှိနှိုင်းသဘောတူညီမှုဖြင့် စီမံဆုံးဖြတ်ခွင့်ရှိရမည်။

(၈) ဓလေ့ထုံးတမ်းစနစ်များအတွင်းမှ တောင်သူလယ်သမားအများအပြား၏ တစ်ဦးချင်းနှင့်အစုအဖွဲ့အလိုက် မြေယာ ပိုင်ဆိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်များကို တရားမျှတမှုမရှိသော၊ မမျှတသောဥပဒေများက ခွဲခြားဖိနှိပ်လျက်ရှိသည်။ တောင်သူလယ်သမားများ၏ အသက်မွေးမှုပုံစံများ၊ မြေဆိုင်ရာကျင့်သုံးမှုများကို အဆိုပါဥပဒေများက ရာဇဝတ်မှု သင့်စေသည့်အပြင် မြေနှင့်သယံဇာတ သိမ်းယူမှုများပိုမိုဖြစ်စေရန် တွန်းအားပေးလျက်ရှိသည်။ တောင်သူလယ် သမားများစွာသည် မြေသိမ်းခံရသည့်အပြင် ရာဇဝတ်မှုများဖြင့် ပုဒ်မတပ် ဖမ်းဆီးချုပ်နှောင်ခံကြရသည်၊ တရား ရင်ဆိုင်ကြရသည်။ ထိုသို့ တရားရင်ဆိုင် ချုပ်နှောင်ခံနေရသည့် တောင်သူလယ်သမားများ အားလုံးကို ခြွင်းချက် မရှိ ချက်ချင်းလွတ်ပေးရမည်။ နည်းမျိုးစုံဖြင့်သိမ်းယူထားသည့် ၎င်းတို့၏မြေများကို ပြန်လည်ပေးအပ်ရမည်။ ၎င်းတို့၏ဘဝရှင်သန်ရေး၊ အသက်မွေးမှု၊ ဂုဏ်သိက္ခာနှင့်သာယာဝပြောမှုများအတွက် ပြန်လည်ကုစားပေးရမည်။

(၉) တိုင်းရင်းသားပြည်သူလူထု၏ ဓလေ့ထုံးတမ်းမြေအသုံးချမှုနှင့် စီမံခန့်ခွဲမှုစနစ်များအား မှေးမှိန်ပျောက်ကွယ် စေရန် ဖိအားပေးခြိမ်းခြောက်လျက်ရှိသည့် တည်ဆဲ မူဝါဒများ၊ ဥပဒေများနှင့် လမ်းညွှန်မူဘောင်များ အားလုံးကို ချက်ချင်းရပ်တန့် ဖျက်သိမ်းရမည်။

(၁ဝ) ထိုတရားမျှတမှုမရှိသည့် မူဝါဒများ၊ ဥပဒေများနှင့် လမ်းညွှန်ချက်မူဘောင်များ၏နေရာတွင် တိုင်းရင်းသား ဓလေ့ ထုံးတမ်းမြေစီမံမှုစနစ်များကို အဆင့်တိုင်းတွင် ပြည့်ပြည့်ဝဝ အသိအမှတ်ပြု၊ ကာကွယ်၊ မြင့်တင်ပေးသည့် ဥပဒေအသစ်များဖြင့် အစားထိုးရမည်။ ဓလေ့ထုံးတမ်း မြေစီမံအုပ်ချုပ်မှုစနစ် တစ်ရပ်လုံးကို ဗဟိုချုပ်ကိုင်မှုမရှိသော တရားဝင်မူဘောင်အဖြစ် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်းကောင်း၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများတွင်လည်းကောင်း ထင်ထင်ရှားရှား ထည့်သွင်းပြဌာန်းရမည်။ တိုင်းရင်းသားပြည်သူ များ၏ ဓလေ့ထုံးတမ်းမြေဆိုင်ရာ အခွင့်အရေးများနှင့်ကျင့်သုံးမှုစနစ်များကို ဖက်ဒရယ်နိုင်ငံတော်သစ်၊ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံလုံးဆိုင်ရာ မြေယာဥပဒေသစ်တို့တွင် ရှင်းလင်းစွာ ထည့်သွင်းပြဌာန်းရမည်။ ထို့ပြင် ဌာနေတိုင်းရင်းသားလူမျိုးများနှင့် လူမျိုးစုအသီးသီး၏ ရပိုင်ခွင့်များအတွက် ဦးဆောင်ဦးရွက်ပြုနေသည့် အဖွဲ့ အစည်းများအနေဖြင့် မိမိတို့၏နယ်မြေများရှိ ဓလေ့ထုံးတမ်း မြေစီမံမှုစနစ်အား အခြေခံပြီး ဖက်ဒရယ်စီမံအုပ်ချုပ်မှုစနစ်ကို ထင်ဟပ်သည့် မြေမူဝါဒ၊ ဥပဒေနှင့် အကောင်အထည်ဖော်ရန် ယန္တရားများကို ချမှတ်ရေးဆွဲထားရှိရမည်။

(၁၁) သက်ဆိုင်ရာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများဖြင့် တိုင်းရင်းသားလူမျိုးအလိုက်ဖြစ်စေ၊ ပထဝီနယ်မြေအနေ အထားအရဖြစ်စေ ဓလေ့ထုံးတမ်းမြေကျင့်သုံးမှုစနစ်များအား လွတ်လပ်စွာကျင့်သုံးနိုင်ရန် အသိအမှတ်ပြုခြင်း၊ အကာအကွယ်ပေးခြင်း၊ အားပေးမြှင့်တင်ခြင်းများ ပြုလုပ်ရမည်။ မြေနှင့်ပက်သက်သော မူဝါဒ၊ ဥပဒေ၊ နည်း ဥပဒေ ရေးဆွဲရာတွင်လည်းကောင်း၊ အကောင်အထည်ဖော်ရာ၌လည်းကောင်း ဌာနေတိုင်းရင်းသားကိုယ်စား လှယ်များ၊ တိုင်းရင်းသားလူမျိုးခေါင်းဆောင်များ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ လူငယ်ကိုယ်စားလှယ်များ၊ ဒေသ အခြေပြုအရပ်ဖက်အဖွဲ့အစည်းများ၊ ဓလေ့ထုံးတမ်းမြေစီမံခန့်ခွဲမှုစနစ်အတွင်းမှ ခေါင်းဆောင်များ အဓိပ္ပာယ် ပြည့်ဝစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်ရှိရမည်။ တိုင်းရင်းသားလူမျိုးအသီးသီး၏ မြေနှင့်ပတ်သက်သော အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ရည်ညွှန်းချက်များကို ပြောင်းလဲနေသည့် အခြေအနေများအလိုက် သက်ဆိုင်သူ အားလုံးနှင့် အစဉ်တစ်စိုက် ညှိနှိုင်းသွားရမည်။ (ဥပမာ တိုင်းရင်းသား၊ လူမျိုးစု၊ ဌာနေ၊ မြေ သို့မဟုတ် မြေယာ၊ ဖက်ဒရယ်နိုင်ငံတော်သစ်၊ အနာဂတ်ဖက်ဒရယ်၊ ဖက်ဒရယ်မြေယာဥပဒေ၊ ပြည်ထောင်စု စသည့် အသုံးအနှုန်း များနှင့် ၎င်းတို့၏ ရည်ညွှန်းချက်များ)။

(၁၂) နိုင်ငံတွင်း မူဝါဒများနှင့် ဥပဒေမူဘောင်များအားလုံးသည် ကမ်ဘာ့စားနပ်ရိက္ခာအဖွဲ့၏ မြေယာ၊ သားငါး၊ သစ်တော လမ်းညွှန်ချက်များ (VGGT)၊ ကမ်ဘာ့ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသားများ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း (UNDRIP)၊ နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၏ ဌာနေမျိုးနွယ်စုဆိုင်ရာ သဘောတူညီချက် အမှတ်-၁၆၉ (ILO-၁၆၉) လမ်းညွှန်ချက်အပါအဝင် မြေနှင့်ဆက်စပ်သည့် နိုင်ငံတကာစံနှုန်းများ၊ စည်းမျဉ်း စည်းကမ်းများ နှင့်အညီ အကာအကွယ်ပေးမှုများ လုပ်ဆောင်ရမည်။

(၁၃) နောက်ဆုံးအနေဖြင့် ပြည်သူလူထုအားအကာကွယ်ပေးသော၊ လူမှုရေးတရားမျှတမှုနှင့် လူ့အခွင့်အရေးများအား ဦးစားပေးပြီး တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းမြေအခွင့်အရေးနှင့် ကျင့်သုံးမှုဆိုင်ရာစနစ်များကို အခြေခံသည့် မြေဆိုင်ရာမူဝါဒနှင့် ဥပဒေများ ရေးဆွဲဖော်ဆောင်နိုင်မှုမရှိသရွေ့၊ မြေပဋိပက္ခနှင့် ပြဿနာဖြေရှင်းရေးယန္တရားများ ရှင်းလင်းစွာ မဖော်ဆောင်နိုင်သေးသရွေ့ နိုင်ငံတွင်း မြေနှင့် သယံဇာတကိုအခြေခံသည့် မည်သည့် ရင်းနှီးမြုပ်နှံမှု စီမံကိန်းများကိုမဆို ရပ်ဆိုင်းထားရမည်။


1 ယခုရပ်တည်ချက်စာတမ်းအား ရေးသားဖော်ဆောင်ရာတွင် ပါဝင်ခဲ့သော၊ ပံ့ပိုးကြသော အဖွဲ့အစည်းများကို လတ်တလောကာလတွင် လုံခြုံရေးအကြောင်းပြချက်များကြောင့် အသေးစိတ်ဖော်ပြနိုင်ခြင်းမရှိပါ။

2 ဘိုလီးဗီးယား၏ ၂ဝဝ၉-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း ဓလေ့ထုံးတမ်းမြေစနစ်နှင့် အခွင့်အရေးများအား ထည့်သွင်းပြဌာန်းအသိအမှတ်ပြုထားမှုများကို စာမျက်နှာ-၃၄ တွင် ဖော်ပြထားပါသည်။

3 United Nations Declaration on the Rights of Indigenous People (UNDRIP), https://www.un.org/esa/socdev/unpfii/documents/DRIPS_en.pdf

4 Voluntary Guidelines on the Responsible Governance of Tenure of Land, Fisheries and Forests in the context of National Food Security (VGGT) https://www.fao.org/3/i2801e/i2801e.pdf

5 Voluntary Guidelines for Securing Sustainable Small-Scale Fisheries in the context of Food Security and Poverty Eradicationhttps://www.fao.org/3/i4356en/I4356EN.pdf

6 United Nations Declaration on the Rights of Peasants and Other People Working in Rural Areashttps://digitallibrary.un.org/record/1650694/files/A_HRC_RES_39_12-EN.pdf


အစီရင်ခံစာကို ရယူရန် – အင်္ဂလိပ်ဘာသာဖြင့်မြန်မာဘာသာဖြင့်


ပြန်စာထားခဲ့ပါ။