လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ၏ နိုင်ငံရေးသုံးသပ်ချက် စာတမ်း

လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ၏ (GSCN) နိုင်ငံရေးသုံးသပ်ချက် စာတမ်း

၂ဝ၂၁-ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ဇူလိုင်လ(၇)ရက်နေ့ထိ

မူရင်းပို့စ်အားကြည့်ရန်

မြန်မာအတွက် 5R – အခြေခံလူတန်းစားများ ကြီးပွားတိုးတက်နိုင်မည့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီသို့

ဖတ်စာ

ရေးသားပြုစုသူ – Jennifer Franco, Jun Borras

ဤဖတ်စာသည် မြေနှင့် သယံဇာတနိုင်ငံရေးအတွင်းမှ အရေးကြီးသည့်စကားလုံး ငါးလုံး (5Rs) အကြောင်းဖြစ်သည်။ စကားလုံးငါးလုံးဆိုသည်မှာ – အသိအမှတ်ပြုခြင်း (Recognition)၊ ပြန်လည်ပေးအပ်ခြင်း (Restitution)၊ ပြန်လည်ဝေငှခြင်း (Redistribution)၊ ပြန်လည်အားဖြည့်ခြင်း (Regeneration) နှင့် ကိုယ်စားပြုခြင်း/ခုခံတွန်းလှန်ခြင်း (Representation/Resistance) ဟူသည့် အခြေခံသဘောတရားများကို စုစည်းထားခြင်းဖြစ်သည်။ ဤဖတ်စာသည် မြန်မာနိုင်ငံ၏ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွင်း အခြေခံလူတန်းစားများ၏ မြေနှင့် သယံဇာတဆိုင်ရာ အစီအစဉ်များအတွက် အဆိုပါအခြေခံသဘောတရား ငါးခုကို အခြေတည်၍ ပုံဖော်စဉ်းစားထားခြင်းဖြစ်သည်။

မူရင်းဝက်ဘ်စာမျက်နှာတွင် ဖတ်ရှုရန် – https://www.tni.org/en/publication/the-5rs-in-myanmar


ဖတ်စာ အပြည့်အစုံကို ရယူရန် – (အင်္ဂလိပ်ဘာသာဖြင့်)

မြန်မာစစ်အုပ်စုက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို လက်နက်အဖြစ် အသုံးပြုနေခြင်းအား ရပ်တန့်ပေးရန်

၂၀၂၁ ခုနှစ် ဇွန်လ ၂၀ ရက်

ဒေသခံ အရပ်ဘက်လူထုအဖွဲ့အစည်းနှင့် လူထုအခြေပြုအရပ်ဘက်အဖွဲ့အစည်းများမှတစ်ဆင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများ ပေးပို့ခြင်းကို ဦးစားပေးဆောင်ရွက်ပါ။ 

ကမ္ဘာ့ဒုက္ခသည်များနေ့ အခါသမယတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအား မြန်မာပြည်သူများအပေါ် စစ်အုပ်စုက လုပ်ဆောင်နေသည့် အကြမ်းဖက်သော လှုပ်ရှားမှုများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လက်နက်သဖွယ် အသုံးပြုနိုင်ခြင်း မရှိစေရေး လုပ်ဆောင်ပေးရန် အရပ်ဘက်လူထုအဖွဲ့အစည်း ၄၈၈ ဖွဲ့မှ တောင်းဆိုလိုက်သည်။ ယင်းကို ရှောင်ရှားရန် ကုလသမဂ္ဂ အေဂျင်စီများ၊ နိုင်ငံတကာ အလှူရှင်များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့ တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းမှု၏ တိုက်ရိုက်ရလဒ်အဖြစ် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် လူ့အခွင့်အရေးဆိုင်ရာ ဘေးအန္တရာယ် သက်ရောက်မှုခံရသူများကို အကောင်းဆုံး ကူညီပေးနိုင်ရန်အတွက် နယ်စပ်ဖြတ်ကျော် အကူအညီအပါအဝင် ဒေသခံ အရပ်ဘက်လူထုအသိုင်းအဝိုင်းများနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများ၊ တိုင်းရင်းသားဝန်ဆောင်မှုပေးသူများမှတစ်ဆင့် အကူအညီများ ပေးအပ်ခြင်းကို ဦးစားပေးလုပ်ဆောင်ရမည်။ မြန်မာ့အိမ်နီးချင်းနိုင်ငံများအနေဖြင့်လည်း စစ်တပ်၏ အကြမ်းဖက်မှုမှ ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များ၏ အခွင့်အရေးများကို ကာကွယ်ပေးရန်လည်း ထိုအဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

မြန်မာစစ်တပ်၏ အာဏာသိမ်းခြင်းကြိုးပမ်းမှု မအောင်မြင်သည့်အချိန်မှစ၍ တိုင်းရင်းသားဒေသများတွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ နှစ်သိန်းခွဲ ကျော် ရှိသွားပြီဖြစ်သည်။ စစ်အုပ်စုသည် လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်သူများထံ အကူအညီပို့ဆောင်မှုများကို အကြိမ်ကြိမ် ဟန့်တားနှောင့်ယှက်မှုများ လုပ်ဆောင်ခဲ့သည်။ ယင်းမှာ  နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူများ ကြုံတွေ့နေရသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေ ဆိုးရွားနေမှုအပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို ၎င်းတို့၏ အကြမ်းဖက်လုပ်ဆောင်မှုများတွင် လက်နက်သဖွယ် အသုံးပြုနေခြင်းဖြစ်သည်။

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေအောက်တွင် ပဋိပက္ခနှင့် ပါဝင်သက်ဆိုင်သူများအားလုံးသည် “လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက် လမ်းကြောင်းဖွင့်ရေး လုပ်ဆောင်” ရမည် ဖြစ်သည်။ ဤအချက်နှင့် ဆန့်ကျင်စွာပင် စစ်တပ်သည် တိုင်းရင်းသားဒေသများသို့ ပို့ဆောင်ပေးနေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပိတ်ဆို့ခဲ့ပြီး တစ်ချိန်တည်းမှာပင် ကရင်၊ ကချင်၊ ကရင်နီ၊ ချင်းနှင့် ရှမ်းပြည်နယ်များအပါအဝင် တိုင်းရင်းသားဒေသများတွင် ပြည်သူများ သိုလှောင်ထားသော အစားအစာများကို တမင်သက်သက် ဖျက်ဆီးပစ်ခဲ့သည်။ အထင်ရှားဆုံး ဖြစ်ရပ်မှာ ဇွန်လ ၈ ရက်နေ့တွင် ကရင်နီ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ တစ်သိန်းခန့်ခိုလှုံနေသည့် ဖယ်ခုံမြို့နယ်သို့ သယ်ဆောင်သွားသည့် ဆန်၊ ဆေးနှင့် အခြား မရှိမဖြစ် လူသားချင်းစာနာထောက်ထားမှုအကူအညီများနှင့်အတူ အကူအညီပစ္စည်းများ တင်ဆောင်လာသည့် ကားများကိုပါ မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ “ကယ်ဆယ်ရေးပစ္စည်းများကို တမင်သက်သက် တားဆီးပိတ်ပင်ခြင်း” ဖြင့် ငတ်မွတ်မှုကို အသုံးချပြီး စစ်ပွဲ နည်းနားတစ်ခုအဖြစ် အသုံးပြုခြင်းသည် စစ်ရာဇဝတ်မှု ဖြစ်သည်။ ထို့အပြင် စစ်တပ်က လူသားချင်းစာနာထောက်ထားမှုအကူအညီပေးသည့် လုပ်သားများနှင့် စေတနာ့ဝန်ထမ်းများကို ပစ်မှတ်ထား အနှောင့်အယှက်ပေးနေပြီး ရှေ့တန်းတွင် လုပ်ကိုင်နေသူများအား သတ်ဖြတ်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိစေခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးခြင်းနှင့် ညှင်းပမ်းနှိပ်စက်ခြင်းများ လုပ်ဆောင်ခဲ့သည်။

ယိုယွင်းပျက်စီးနေပြီးသား လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းအတွင်း COVID-19 ကြောင့် ရောဂါပိုးတွေ့ လူနာအရေအတွက် မြင့်တက်လာပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့များကို ကန့်သတ်ပိတ်ဆို့လိုက်ခြင်းက နောက်ထပ် မလုံခြုံမှုကို ဖြစ်ပေါ်စေသည်။ စစ်တပ်သည် အာဏာသိမ်းရန်ကြိုးပမ်းမှု မတိုင်မီကတည်းက ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် သတင်းထောက်များကို ဖြိုခွင်းရန် COVID-19 ကို လက်နက်သဖွယ် အသုံးချနေခဲ့သည်။ စစ်အုပ်စုက ကာကွယ်ဆေး ထိုးပေးခြင်းကို အခွင့်ကောင်းယူပြီး လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) ကို ဖြိုခွင်းရန် ယင်းပုံစံကို ဆက်လက် အသုံးချလျက်ရှိသည်။ COVID-19 ကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေ ဆိုးရွားလာနေချိန်တွင် ကရင်ပြည်နယ် ဖားအံမြို့ရှိ အငယ်တန်းဆရာဝန်များကို ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရန်အတွက် CDM မှ ထွက်ရန် တိုက်တွန်းခဲ့သည်။ ၎င်းတို့မှာ အာဏာ မသိမ်းမီက ပထမအကြိမ် ကာကွယ်ဆေး ထိုးထားခဲ့ပြီ ဖြစ်သော်လည်း ယခု လက်ရှိအခြေအနေများအောက်တွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရန် ငြင်းပယ်ထားကြသည်။

တစ်ချိန်တည်းမှာပင် နွေဦးတော်လှန်ရေး၏ တက်ကြွလှုပ်ရှားသူများနှင့် ထောက်ခံပံ့ပိုးသူများနှင့်အတူ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်ခြိမ်းခြောက်မှုအောက်တွင် ရှိနေသော တိုင်းရင်းသားပြည်သူများမှာ စစ်တပ်၏ အကြမ်းဖက်မှုများမှ လွတ်‌မြောက်ရန် ကြိုးပမ်းကြသော်လည်း အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံများတွင် ခိုလှုံခွင့် မရဘဲ ရှိနေကြသည်။ ထိုင်းနိုင်ငံအတွင်းသို့ ခေတ္တဝင်ရောက်တိမ်းရှောင်ကြသော ဒုက္ခသည်များမှာလည်း UNHCR နှင့် INGO များ၏ အကူအညီများကို လက်လှမ်းမမီနိုင်ဘဲ ဖြစ်နေသည်။ ထိုအစား မြန်မာစစ်တပ်၏ တိုက်ခိုက်မှု ဘေးအန္တရာယ်ကို ဆက်လက်ရင်ဆိုင်ရမည့် ကရင်ပြည်နယ်အတွင်းသို့ ပြန်မောင်းထုတ်ခြင်း ခံကြရသည်။

ယနေ့ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ကြီးမားကျယ်ပြန့်သည့် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကြပ်အတည်းသည် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှု၊ အကြမ်းဖက်မှု၊ မငြိမ်သက်မှုများ၊ သတ်ဖြတ်မှုများနှင့် ဖိနှိပ်ချုပ်ခြယ်မှုများကြောင်း ဖြစ်ပေါ်လာခြင်းဖြစ်သည်ကို ယနေ့အခါသမယတွင် မိမိတို့အနေဖြင့် သတိရနေသင့်ပေသည်။ ဤသည်မှာ ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ပြီး တိုင်းရင်းသားဒေသများတွင် ဆယ်စုနှစ်ပေါင်းများစွာ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သော ရာဇဝတ်မှုများကို ကျူးလွန်လာနေခဲ့သည့် တစ်ခုတည်းသောစစ်တပ်ပင် ဖြစ်သည်။ အစွန်းရောက်ပြီး စက်ရှုပ်ဖွယ်ကောင်းသော အကြမ်းဖက်မှုများကို တစ်ဖက်သတ် ကျူးလွန်နေခဲ့ပြီး ယင်းကို ဦးဆောင်သူသည် ဆိုးရွားလှသည့် နိုင်ငံတကာ ရာဇဝတ်မှုများအတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေး အရေးယူခံရမည့် ရာဇဝတ်သား ဖြစ်သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းအား ဖြစ်ပေါ်စေသည့် အခြေခံအကြောင်းရင်းများ ကိုင်တွယ်ဖြေရှင်းရန်နှင့် ကျူးလွန်သူများကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး လုပ်ဆောင်ရန် ပျက်ကွက်နေမှုအား ဖုံးကာပေးရန် လူသားချင်းစာနာထောက်ထားမှုဝါဒကို အသုံးချနေခြင်းသည် လူသားဆန်မှု စံတန်ဖိုးများနှင့် အခြေခံမူများကို ကာကွယ်မြှင့်တင်ရန်အတွက် ကြီးမားသော စွန့်လွှတ်အနစ်နာခံမှု လုပ်ဆောင်နေသူများအတွက် စိတ်ပျက်အားလျော့စေသည်။ စစ်အုပ်စုကို တရားဝင်မှုရစေခြင်းသည် ဤလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်း အဆုံးသတ်ရေးတွင် ဆိုးကျိုးသက်ရောက်မှုများကို ဖြစ်‌ပေါ်စေခြင်းနှင့် ခုခံမှုအတွက် စွန့်လွှတ်အနစ်နာခံနေသူများ၏ ဆန္ဒကို ဆန့်ကျင်နေခြင်း ဖြစ်ပြီး စစ်အုပ်စုကို ပိုမိုအားကောင်းစေကာ ၎င်းတို့၏ အကြမ်းဖက်မှုလုပ်ရပ်များကို ဆက်လက် လုပ်ဆောင်စေနိုင်လိမ့်မည် ဖြစ်သည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများအနေဖြင့် လက်ရှိ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကြပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာတွင် ဒေသခံ CSO များ အထူးသဖြင့် တိုင်းရင်းသား ဝန်ဆောင်မှုပေးသူများအား ကူညီပံ့ပိုးရေးကို အလေးပေးလုပ်ဆောင်ရမည်။ အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံတို့သည် ခိုလှုံခွင့် ရှာရန် မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများကို အကာအကွယ်ပေးရမည်ဖြစ်ပြီး ကုလသမဂ္ဂ၊ နိုင်ငံတကာ အသိုင်းအဝိုင်းတို့နှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရမည်။ ဒေသတွင်း CSO များ၏ ပံ့ပိုးကူညီမှုနှင့် သွေးစည်းညီညွတ်မှုများသည် ဤရုန်းကန်လှုပ်ရှားမှုအတွက် အလွန်အရေးပါပြီး ရက်စက်ကြမ်းကြုတ်သော စစ်အုပ်စုကို ဆက်လက်ခုခံတွန်းလှန်ရေး ဆုံးဖြတ်ချက်ကို အင်အားဖြစ်စေသည်။

ယနေ့ကမ္ဘာ့ဒုက္ခသည်များနေ့တွင် မိမိတို့သည် ကမ္ဘာတစ်ဝှမ်းရှိ ဒုက္ခသည်များ၏ အသံများကို နားထောင်ကြရမည်ဖြစ်ပြီး ၎င်းတို့၏ အဖွဲ့အစည်းနှင့် အခန်းကဏ္ဍ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းနှင့် ပြည်ပ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူများ၏ အခန်းကဏ္ဍ၊ ဒေသခံ အိမ်ရှင်များနှင့် ၎င်းတို့အား ဆက်လက် ကူညီပံ့ပိုးပေးနေပြီး မကြာခဏဆိုသလိုပင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဘေးအန္တရာယ်များကို ရင်ဆိုင်နေရသော တိုင်းရင်းသား ဝန်ဆောင်မှုပေးသူတို့၏ အခန်းကဏ္ဍများကို အသိအမှတ်ပြု အားဖြည့်ပေးရပါမည်။ မြန်မာနိုင်ငံအတွင်း လက်ရှိ ဖြစ်ပေါ်နေသော အကြပ်အတည်းသည် ၎င်းတို့ ရင်ဆိုင်ခဲ့ရသည့် အကြီးမားဆုံးသော စိန်ခေါ်မှုများအနက် တစ်ခု ဖြစ်နိုင်ပါသည်။ သို့ရာတွင် ၎င်းတို့သည် ယခင် စစ်အုပ်ချုပ်ရေး၏ တင်းကြပ်သော ချုပ်ကိုင်မှုနှင့် ဆယ်စုနှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သော စစ်တပ်၏ ထိုးစစ်ဆင်မှုများအောက်တွင် ပြည်သူလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ကြပြီး ယခုအချိန်တွင်လည်း ဆိုးရွားလှသောဒုက္ခများ ရင်ဆိုင်နေရသည့်ကြားမှာပင် လူသားဖြစ်တည်မှု၏ တန်ဖိုး၊ ဂုဏ်သိက္ခာနှင့်  အခွင့်အ‌ရေးများကို သတ္တိရှိစွာဖြင့် ဆက်လက်ဆုပ်ကိုင်ထားကြဆဲဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများက ဒုက္ခသည်များကို လက်ခံရန် ငြင်းဆိုပြီး လုံလောက်သော အကူအညီများမပေးဘဲ နယ်စပ်မှ ပြန်လည်မောင်းထုတ်ခြင်းကြောင့် မြန်မာစစ်တပ်မှ ချမှတ်ထားသော အရင်းအမြစ်ကန့်သတ်မှုများနှင့် ကန့်သတ်တားဆီးမှုများ ရှိနေသည့်ကြားမှာပင် ဒေသခံ CSO များက လိုအပ်ချက်များကို ဝင်ရောက်ဖြေရှင်းပေးနေကြသည်။ ၎င်းတို့သည် မိမိတို့၏ အပြည့်အဝထောက်ခံပံ့ပိုးမှုနှင့် စစ်မှန်သော လက်တွဲဆောင်ရွက်မှုကို ရသင့်ပါသည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အောက်ပါတို့ကို လုပ်ဆောင်ရန် မိမိတို့မှ တောင်းဆိုသည်။

  • လူသားချင်းစာနာထောက်ထားဆိုင်ရာ အကူအညီပေးခြင်းသည် စစ်အုပ်စုအား တရားဝင်မှု မရှိစေရန်နှင့် စစ်တပ်အနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ၎င်းတို့၏ အကြမ်းဖက်မှု စစ်ဆင်ရေးတွင် လက်နက်သဖွယ် ထပ်မံအသုံးပြုမှု မရှိစေရေး သေချာစွာ လုပ်ဆောင်ရန်၊
  • ဒေသခံ ၀န်ဆောင်မှုပေးနေသည့် အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် လူထုအခြေပြုအရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကကို အသိအမှတ်ပြုရန် နှင့် ၎င်းတို့မှတစ်ဆင့် နယ်စပ်ဖြတ်ကျော် အကူအညီများအပါအဝင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးရန်၊
  • အကူအညီပေးရာတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း များ၏ လမ်းညွှန်မှု ရယူခြင်း၊ ၎င်းတို့နှင့် ဆွေးနွေးညှိနှိုင်းတိုင်ပင်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန်၊
  • လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရာတွင် စစ်အုပ်စုနှင့် ချိတ်ဆက်လုပ်ဆောင်မှုများ မပြုလုပ်ရန်၊
  • အရေးပေါ်အကူအညီများ ပေးရာတွင် ထိရောက်ခိုင်မာမှုရှိသည့် စနစ်များရှိသော ဒေသခံ အရပ်ဘက်လူထု အဖွဲ့အစည်းများနှင့် လူထုအခြေပြုအရပ်ဘက်အဖွဲ့အစည်းများအား ပြောင်းလွယ်ပြင်လွယ်ရှိပြီး အချိန်နှင့်တပြေးညီ ရံပုံငွေနှင့် အရင်းအမြစ်များ ပံ့ပိုးကူညီရန်၊
  • အိမ်နီးချင်းနိုင်ငံများအနေဖြင့် ဒုက္ခသည်များကို ခိုလှုံခွင့် ပြုခြင်းအားဖြင့် ဒုက္ခသည်များ၏ အခွင့်အရေးကို ကာကွယ်ပေးရန်နှင့် UNHCR နှင့် နိုင်ငံတကာ NGO များ သာမက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများမှ ၎င်းတို့၏ လျင်မြန်ပြီး ကန့်သတ်တားဆီးမှု မရှိသော အ‌ထောက်အပံ့ကူညီမှုများကို လက်လှမ်းမှီနိုင်ရေး တိုက်တွန်းတောင်းဆိုရန်။

ဤထုတ်ပြန်ကြေညာချက်ကို အရပ်ဘက်လူထုအဖွဲ့အစည်း ၄၈၈ ဖွဲ့က လက်မှတ် ရေးထိုးထားသည်။

လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများ –

  1. African Great Lakes Action Network
  2. American Baptist Churches of Nebraska
  3. American Baptist Churches USA
  4. Arakan American Community (AAC)
  5. Arakan Watch
  6. Burma Human Rights Network
  7. Burma Task Force
  8. Burmese Rohingya Organisation UK (BROUK)
  9. Calgary Karen Community Association (CKCA)
  10. California Karen Youth Forum
  11. Canadian Rohingya Development Initiative
  12. Chin Baptist Churches USA
  13. Coalition of Rohingya Organisations in Malaysia
  14. Crescent Hill Baptist Church in Louisville, KY
  15. DEEKU, the Karenni Community, USA
  16. Edmonton Karen Community Youth Organization
  17. European Karen Network
  18. Finland Karen Culture Association
  19. Free Burma Campaign (South Africa)
  20. Ignite Ministry, Inc
  21. International Karen Organisation
  22. Kachin Alliance
  23. Kachin Peace Support Network
  24. Kansas Karenni community, KS, USA
  25. Karen Association of Huron, SD, USA
  26. Karen Community of Akron, OH, USA
  27. Karen Community of Canada (KCC)
  28. Karen Community of Czech Republic
  29. Karen Community of Finland
  30. Karen Community of Hamilton
  31. Karen Community of Iowa, IA, USA
  32. Karen Community of Ireland
  33. Karen Community of Israel
  34. Karen Community of Kansas City, KS & MO, USA
  35. Karen Community of Kitchener & Waterloo
  36. Karen Community of Leamington
  37. Karen Community of Lethbridge
  38. Karen Community of London
  39. Karen Community of Minnesota, MN, USA
  40. Karen Community of North Carolina, NC, USA
  41. Karen Community of Ottawa
  42. Karen Community of Regina
  43. Karen Community of Rock Island, IL, USA
  44. Karen Community of Saskatoon
  45. Karen Community of Syracuse, USA
  46. Karen Community of Thunderbay
  47. Karen Community of Toronto
  48. Karen Community of Windsor
  49. Karen Community of Winnipeg
  50. Karen Community Society of British Columbia (KCSBC)
  51. Karen Organization of America
  52. Karen Organization of San Diego
  53. Karen Peace Support Network
  54. Karen Swedish Community
  55. Karen Youth Education Pathways
  56. Karen Youth of Norway
  57. Karen Youth of Toronto
  58. Karen Youth Organization
  59. Karenni Community of Bowling Green, KY, USA
  60. Karenni Community of Des Moines, IA, USA
  61. Karenni Community of Georgia, GA, USA
  62. Karenni Community of Indianapolis, IN, USA
  63. Karenni Community of Massachusetts, MA, USA
  64. Karenni Community of Minnesota, MN, USA
  65. Karenni Community of Missouri, MO, USA
  66. Karenni Community of New York, NY, USA
  67. Karenni Community of North Carolina, NC, USA
  68. Karenni Community of Portland, OR, USA
  69. Karenni Community of Taxes, TX, USA
  70. Karenni Community of Wisconsin, WI, USA
  71. Karenni National Women’s Organization
  72. Karenni Refugee Committee
  73. Karenni Refugee Committee
  74. Karenni Society of Minnesota, MN, USA
  75. Korea Karen Organization
  76. Korea Karen Youth Organization
  77. Never Again Coalition
  78. Oversea Karen Organization Japan
  79. Progressive Voice
  80. Rohingya American Society
  81. Rohingya Arakanese Refugee Committee
  82. Rohingya Student Network
  83. Rohingya Women Development Forum
  84. The Sound of Hope
  85. The Urban Village
  86. US Campaign for Burma
  87. Utica Karen Community, NY, US

မှတ်ချက် – လုံခြုံရေးစိုးရိမ်ပူပန်ရမှုကြောင့် ဤထုတ်ပြန်ကြေညာချက်ကို လက်မှတ်ရေးထိုးထားသည့် အရပ်ဘက်လူထု အဖွဲ့အစည်း ၄၀၁ ဖွဲ့၏ အမည်များကို မဖော်ပြထားပါ။ ယခု လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများသည် မြန်မာနိုင်အတွင်းရှိ လူသားချင်းစာနာထောက်ထားမှု၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုနှင့် အခွင့်အရေးအခြေပြု ကိစ္စရပ်များကို လုပ်ဆောင်နေသည့် အရပ်ဘက်လူထုအဖွဲ့အစည်းများ ဖြစ်သည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန် 


PDF ရယူရန် – အင်္ဂလိပ်ဘာသာမြန်မာဘာသာ

အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်သောင်းကျန်းမှုများအား ဆန့်ကျင်ရှုတ်ချခြင်း

၂ဝ၂၁-ခုနှစ် မတ်လ(၂)ရက်

သမိုင်းကာလတစ်လျှောက် မြေသိမ်းမှုများ၊ တောင်သူလယ်သများများကို အစဉ်တစိုက်ဖိနှိပ်ခြင်းများ ပြုလုပ်လာခဲ့သည့် စစ်တပ်အား ဆန့်ကျင်ရှုတ်ချကြောင်း “တောင်သူလယ်သမားနေ့” အမည်ခံ ယနေ့တွင် ထုတ်ပြန်ကြေညာသည်။

၁။             နိုင်ငံတော်သစ္စာဖောက်မှုကို ကျူးလွန်ခဲ့သည့် အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံနှင့်အဝှမ်း ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်လျက်ရှိသည့် ပြည်သူများကို အကြမ်းဖက်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်း၊ ဖမ်းဆီး/ချုပ်နှောင်ခြင်း၊ နေအိမ် များအတွင်း အဓမ္မကျူးကျော်ဝင်ရောက်ခြင်း၊ အိုးအိမ်/ပစ္စည်းများအားဖျက်ဆီးခြင်း၊ ပြည်သူလူထု၏ အိုးအိမ်/ ပစ္စည်းများနှင့် အစားအစာများကိုလုယက်ခြင်း စသည့် တရားမဲ့ပြုကျင့်မှုများအား တရစပ်ပြုလုပ်လာသည်ကို တွေ့ရသည်။

၂။             အဆိုပါ တရားမဲ့ပြုကျင့်မှုများကြောင့် ၂ဝ၂၁-ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ယနေ့အထိတွင် အပြစ်မဲ့ပြည်သူ (၃ဝ)ခန့် သေဆုံးခဲ့ရပြီး မတရားဖမ်းဆီးထိန်းသိမ်းခံရသူ (၁,ဝဝဝ)ကျော်ရှိနေပြီဖြစ်သည်။

၃။             လယ်သမားများ၊ အလုပ်သမားများ၊ ကျောင်းသားများ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ပြည်သူလူထုအား သတ်ဖြတ်ကာ စစ်အာဏာသိမ်းယူပြီး တောင်သူလယ်သမားနေ့အဖြစ် အဓမ္မသတ်မှတ်ခဲ့သည်မှာလည်း ယနေ့ မတ်လ(၂)ရက်နေ့တွင် ၅၉-နှစ် ပြည့်ခဲ့ပြီဖြစ်သည်။ အဆိုပါ “တောင်သူလယ်သမားနေ့” သတ်မှတ်ချက်ကို ဆန့်ကျင်ရှုတ်ချသည်။

၄။             အတိတ်သမိုင်းကာလမှ ယနေ့အချိန်အထိ စစ်တပ်၏ တရားမဲ့ပြုကျင့်မှု၊ လက်နက်ကိုင်သောင်းကျန်းမှု မှန်သမျှ၊ မြေသိမ်းမှုမှန်သမျှကို ရှုတ်ချသည်။

၅။             အကြမ်းမဖက်သည့်နည်းလမ်းများဖြင့် ဆန္ဒထုတ်ဖော်လျက်ရှိသော ပြည်သူလူထုတစ်ရပ်လုံးကို အကြမ်းဖက် ဖြိုခွင်းနှိမ်နင်းနေသည့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့များအဖြစ်သတ်မှတ်သည်။

၆။             မိမိတို့အနေဖြင့် သိမ်းဆည်းခံထားရသည့်မြေများပြန်လည်ရရှိရေး၊ ဖက်ဆစ် စစ်အာဏာရှင်စနစ် အပြီးတိုင် ကျရံှုးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် တိုင်းရင်းသားပြည်သူလူထုနှင့် စုပေါင်းလက်တွဲကာ နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

“ဖက်ဆစ် စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြ”
“ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ကို တည်ဆောက်ကြ”

ဒို့မြေကွန်ရက် (Land in Our Hands)

တိုင်းရင်းသားလူမျိုးများ အထွေထွေသပိတ်ကော်မတီ၏စစ်ကြောင်း

11 February 2021

တိုင်းရင်းသားလူမျိုးများအထွေထွေသပိတ်ကော်မတီ၏ တပ်မတော်အာဏာသိမ်းခြင်းအား ကန့်ကွက်ကြောင်းနဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးတို့အတွက် တိုင်ရင်းသားလူမျိုး (၁၈) မျိုးမှ လူငယ်များ၊ ကျောင်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများပါဝင်ကာ လူအင်အား ၅,၀၀၀ ကျော်မှ ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။

The Ethnic Peoples’ General Strike Committee marched in Yangon as condemnation of the military’s coup d’état and calling the actions towards building the federal democratic union. The Committee represents 18 ethnic groups of Myanmar and the march was joined by over 5,000 peoples including students & young activists.

#RejectMilitaryCoup
#Reject_Coup
#Reject_fascism

တပ်မတော်၏အာဏာသိမ်းမှုအား ဆန့်ကျင်ရှုတ်ချခြင်း

၂၀၂၁-ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက်

၂၀၂၁-ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ဖြစ်ပွားခဲ့သော အာဏာသိမ်းမှုအား နိုင်ငံတော်သစ္စာဖောက်မှု၊ လက်နက်ကိုင်အကြမ်းဖက်မှု အဖြစ်သတ်မှတ်ပြီး အပြင်းအထန် ဆန့်ကျင်ရှုတ်ချသည်။

စစ်ဘုရင်ဝါဒနှင့် ဘာသာရေး/လူမျိုးရေးဝါဒကိုအခြေပြု၍ ဖြစ်လာသည့် ဖက်ဆစ်အာဏာရှင်စနစ်အား မိမိတို့အနေဖြင့် အပြင်းအထန် ဆန့်ကျင်ကန့်ကွက်သည်။

ဖမ်းဆီးထားသည့် နိုင်ငံရေးသမားများကိုလွှတ်ပေးရန်နှင့် ဖမ်းဆီးခံထားရသော တရားစွဲခံထားရသော တောင်သူ လယ်သမားများအားလုံး ခြွင်းချက်မရှိလွှတ်ပေးရန် ကျွန်ုပ်တို့တောင်းဆိုသည်။

မိမိတို့အနေဖြင့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက် တိုင်းရင်းသားပြည်သူလူထုနှင့်အတူ လက်တွဲ ကာကွယ်သွားမည်။

ဖက်ဆစ်စစ်အာဏာရှင်စနစ် အပြီးတိုင်ကျရှုံးရေးနှင့် ၂၀၀၈-ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေးအတွက် တိုင်းရင်းသားပြည်သူလူထုနှင့်အတူ စုပေါင်းလက်တွဲကာ နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်သွားမည်။

“ ဖက်ဆစ်စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြ၊
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ကို တည်ဆောက်ကြ”

ဒို့မြေကွန်ရက် (Land in Our Hands)

ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးဆိုင်ရာ သုံးသပ်အကြံပြုချက်

မြန်မာနိုင်ငံ၏ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးဆိုင်ရာ ဥပဒေမူဘောင်များအပေါ် ဒို့မြေကွန်ရက်၏ သုံးသပ်အကြံပြုချက်

ဒီဇင်ဘာ ၂ဝ၂ဝ

တောင်ယာစိုက်ပျိုးရေးလုပ်ကွက်တစ်ခုအတွက် “ လက်စားလိုက်” စနစ်ဖြင့် စုပေါင်းကူညီစိုက်ပျိုးနေပုံ | ဓါတ်ပုံ-Southern Youth

ဒို့မြေကွန်ရက်သည် နိုင်ငံတဝှမ်းရှိ မြေယာအရေးလှုပ်ရှားကြသော အရပ်ဘက်အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူ များနှင့် မိတ်ဘက်အဖွဲ့အစည်းများ စုစည်းထားသည့် တိုင်းရင်းသားပေါင်းစုံပါဝင်သော အမျိုးသားအဆင့်ကွန်ရက် ဖြစ်သည်။ ဒို့မြေကွန်ရက်သည် ၂ဝ၁၄-ခုနှစ်မှ စတင်ကာ မြန်မာ့မြေကဏ္ဍပြုပြင်ပြောင်းလဲရေးအတွင်း အပြုသဘော ဝေဖန်ထောက်ပြ ပံ့ပိုးပေးလျက်ရှိသည်။

ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးသည် ကမ္ဘာတစ်ဝှမ်းတွင် ယနေ့အချိန်ထိ ကျင့်သုံးနေကြဆဲစနစ်ဖြစ်သည့်အပြင် မြန်မာနိုင်ငံအတွင်း နေရာဒေသအမြောက်အများတွင် ပင်မအသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ရပ်အဖြစ် လက်ဆင့်ကမ်းကျင့်သုံးကြလျက်ရှိသည်။ ရွှေ့ပြောင်းတောင်ယာစနစ်အသုံးပြုသူများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအား တရားဝင်ပြီး ဂုဏ်သိက္ခာရှိသည့်အလုပ်အဖြစ် လေးစားအသိအမှတ်ပြုရန်နှင့် မတူညီသော ရွှေ့ပြောင်းတောင်ယာစနစ်များအား တရားဝင်အသိအမှတ်ပြုရန် မဖြစ်မနေလိုအပ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ မြေနှင့်သက်ဆိုင်သော ဥပဒေများစွာတို့တွင် ဓလေ့ထုံးတမ်းမြေစနစ်များနှင့် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးစနစ်များကို တိကျရှင်းလင်းစွာ အသိအမှတ်ပြုအကာအကွယ်ပေးထားခြင်း မရှိသေး သည့်အပြင် အဆိုပါစနစ်များနှင့် စနစ်ကိုအသုံးပြုလျက်ရှိနေသူများကို ရာဇဝတ်မှုသင့်နေစေလျက်ရှိသည်။

၂ဝ၂ဝ-ခုနှစ်၊ ဖေဖော်ဝါရီလတွင် အတည်ပြုလိုက်သည့် ၂ဝ၁၂-လယ်ယာမြေဥပဒေကိုပြင်ဆင်သည့်ဥပဒေတွင် မြေ အမျိုးအစားသတ်မှတ်ချက်အတွင်း “ရွှေ့ပြောင်းတောင်ယာမြေ” ဟူသည့် မြေအမျိုးအစားတစ်ခု ပါဝင်လာသည့် အတွက် ရွှေ့ပြောင်းတောင်ယာစနစ်များအတွက် အလားအလာတစ်ခုဖြစ်နိုင်သည့်အပြင် စိုးရိမ်ပူပန်မှုများစွာလည်း ရှိနေသည်။

သုံးသပ်ချက်များ

ရွှေ့ပြောင်းတောင်ယာစနစ်သည် ကျေးလက်မိသားစုများစွာ၏ အဓိက စိုက်ပျိုး၊ အသက်မွေးမှုဖြစ်သည့်အပြင် ၎င်းတို့ရပ်ရွာဒေသအသီးသီးရှိ ရိုးရာယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှု၊ သစ်တောနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု၊ သယံဇာတနှင့်အရင်းအမြစ်များခွဲဝေမှု၊ ဓလေ့ထုံးတမ်း မြေစီမံအုပ်ချုပ်မှုစနစ် များနှင့် ယှက်နွယ်နေသည်။

အခြားသောဓလေ့ထုံးတမ်းမြေစနစ်များနည်းတူ ရွှေ့ပြောင်းတောင်ယာစနစ်တွင် မြေနှင့် ဆက်စပ်သယံဇာတ အရင်းအမြစ်များအပေါ် မှီခိုရှင်သန်နေသည့် ဒေသခံတိုင်းရင်းသားများ၊ ကျေးလက်နေ လူထုလူတန်းစား များကို ဗဟိုပြုလျက် နယ်မြေဒေသတစ်ခုလုံးအား လွှမ်းခြုံရှုမြင်သည့်ပုံစံဖြင့် လည်ပတ်လျက်ရှိသည်။ ရွှေ့ပြောင်းတောင်ယာစနစ် အပါအဝင် ဓလေ့ထုံးတမ်းမြေစနစ်များသည် ရပ်ရွာတွင်း အာဏာသက်ဝင်မှု ရှိသည့် လုပ်ပိုင်ခွင့်စနစ်တစ်ရပ်ဖြစ်ပြီး မိမိတို့၏မြေကို မိမိတို့ကိုယ်တိုင် စီမံခန့်ခွဲအုပ်ချုပ်မှုဖြစ်သည့် ဖက်ဒရယ်အခြေခံလည်းဖြစ်သည်။

ရွှေ့ပြောင်းတောင်ယာစနစ်သည် နည်းပညာပိုင်းဆိုင်ရာအလေ့အကျင့်သက်သက်မဟုတ်ပဲ ကျေးလက်လူမှု အသိုက်အဝန်းများနှင့် တစ်သားတည်းပေါင်းစည်းပါဝင်လျက်ရှိသည့်အတွက် မြေအမျိုးအစားသတ်မှတ်ရုံ မျှဖြင့် မလုံလောက်ပါ။ ရွှေ့ပြောင်းတောင်ယာမြေအတွက် လုပ်ပိုင်ခွင့်လက်မှတ်ပုံစံ (ပုံစံ-၇ ကဲ့သို့) ထုတ်ပေးရန် ရည်ရွယ်မည်ဆိုပါကလည်း အန္တရာယ်ကြီးမားသည့် ပြဌာန်းချက်များသာ ဖြစ်လာမည်။ အဘယ့်ကြောင့်ဆိုသော် လယ်ယာမြေ လုပ်ပိုင်ခွင့် (ပုံစံ-၇) သည် လုပ်ပိုင်ခွင့်သက်သက်သာဖြစ်နေပြီး ဓလေ့ထုံးတမ်းမြေစနစ်များ အတွင်းမှ မြေပိုင်ဆိုင် စီမံအုပ်ချုပ်ပိုင်ခွင့်များနှင့် ကိုက်ညီမှုမရှိပေ။

မြန်မာနိုင်ငံရှိ တည်ဆဲဥပဒေများနှင့်မြေစီမံအုပ်ချုပ်မှုများသည် လက်တွေ့မြေကျင့်သုံးမှုပုံစံများနှင့် ကိုက်ညီမှု မရှိသေးပါ။ အထူးသဖြင့် လယ်ယာမြေဥပဒေ၊ မြေလွတ်မြေလပ်မြေရိုင်းဥပဒေနှင့် သစ်တောဥပဒေများသည် မြေမှတ်ပုံတင်ရေးကို တွန်းအားပေးလျက်ရှိပြီး ဓလေ့ထုံးတမ်းမြေစနစ်ကျင့်သုံးနေသူများကို ရာဇဝတ်မှု သင့်နေစေသည်၊ ဘိုးဘွားစဉ်ဆက်လက်ဆင့်ကမ်းလာခဲ့ကြသည့် မြေများကို ဆုံးရံှုးရစေသည်။ ထို့အပြင် အဆိုပါဥပဒေများကို အသုံးပြု၍ မြေသိမ်းခြင်း၊ မြေပမာဏများစွာ လျှောက်ထားရယူခြင်း၊ ဓလေ့ထုံးတမ်း မြေစနစ်ကျင့်သုံးနေသူများကို တရားစွဲဆိုခြင်း စသည့် မြေမတရားမှုဖြစ်ရပ်များစွာလည်း ရှိနေသည်။

ရွှေ့ပြောင်းတောင်ယာစနစ်ကြောင့် သစ်တောများပြုန်းတီးသည်၊ ရာသီဥတုပြောင်းလဲမှုကို တွန်းအား ပေးသည်၊ လေထုညစ်ညမ်းမှုကို ဖြစ်စေသည်၊ ထိရောက်အကျိုးရှိမှုနည်းသည် . . . စသည့် ယုံမှတ်မှားစွာ စွပ်စွဲပြစ်တင်မှုများသည် ရွှေ့ပြောင်းတောင်ယာစနစ်နှင့် ၎င်းစနစ်ကိုကျင့်သုံးနေသူများအား အကာအကွယ် ပေးနိုင်မည့် ဥပဒေ/မူဝါဒများပေါ်ပေါက်လာရေးအတွက် များစွာအဟန့်အတားဖြစ်စေသည်။

ရွှေ့ပြောင်းတောင်ယာစနစ်ကဲ့သို့သော ဓလေ့ထုံးတမ်းမြေစီမံ ခန့်ခွဲမှုများသည် စိုက်ပျိုးမွေးမြူရေး၊ သစ်တော နှင့် သယံဇာတအရေး၊ ပတ်ဝန်းကျင်နှင့်ဂေဟစနစ်အရေး၊ ရိုးရာယဉ်ကျေးမှုနှင့် တိုင်းရင်းသားအရေး စသည့် ကျယ်ပြန့်သည့် အရေးအရာများနှင့် ဆက်နွယ်နေသည်။ ထိုသို့ ကျယ်ပြန့်အရေးကြီးသည့် စနစ်တစ်ခုကို မည်သည့်အခြေခံစည်းမျဉ်းများ၊ မည်သို့သောဥပဒေမူဘောင်များဖြင့် မည်သည့်ဌာနက စီမံအုပ်ချုပ်မည် ဆိုသည်မှာ အလွန်အရေးကြီးသည့်မေးခွန်းဖြစ်သည်။

အကြံပြုချက်များ

ရွှေ့ပြောင်းတောင်ယာအပါအဝင် ဓလေ့ထုံးတမ်းမြေစနစ်များအတွက် အာမခံချက်ရှိ်သည့် သီးခြား ဥပဒေ တစ်ရပ်နှင့် သီးခြားစီမံအုပ်ချုပ်မှုအစီအစဉ်များ လိုအပ်သည်။ ဥပဒေရေးဆွဲရေးဖြစ်စဉ်နှင့် စီမံအုပ်ချုပ်မှုအစီအစဉ်များ ဖော်ထုတ်ရေးလုပ်ငန်းစဉ်အဆင့်ဆင့်တွင် တိုက်ရိုက်သက်ဆိုင်သူများ၊ ထိခိုက်ခံရနိ်ုင်ခြေရှိသူများ၊ စစ်ဘေးရှောင်နှင့်ဒုက္ခသည်များ၊ ဓလေ့ ထုံးတမ်းမြေစနစ်ကျင့်သုံးနေကြသူများ၊ သက်ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ကိုယ်စားပြုပါဝင်မှုများကို သေချာစေရမည်။ ရွှေ့ပြောင်းတောင်ယာအပါအဝင် ဓလေ့ထုံးတမ်းမြေစနစ်ဆိုင်ရာဥပဒေအတွက် အောက်ပါတို့ကို လေးစားလိုက်နာရမည်။

  • ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်-၁၇(၁, ၂) နှင့် အပိုဒ်(၂၅-၁)၊
  • ဌာနေတိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကြေညာစာတမ်း (UNDRIP) အပိုဒ်(၁ဝ)၊ အပိုဒ် (၁၁-၁)၊ အပိုဒ် (၂၅)၊ အပိုဒ်-၂၆ (က, ခ, ဂ)၊
  • တောင်သူငယ်များနှင့် ကျေးလက်လက်လုပ်လက်စားများ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကြေငြာစာတမ်း (UNDROP) – အပိုဒ်-၂၈၊ အပိုဒ်-၁၇(၁, ၃, ၄)၊
  • မြေ၊ သားငါးနှင့် သစ်တောလုပ်ပိုင်ခွင့်လမ်းညွှန်ချက်များ(CFS-TG) အခန်း(၉)

တောင်သူငယ်များ၊ ကျေးလက်လက်လုပ်လက်စားများ၊ ဓလေ့ထုံးတမ်းမြေစနစ် ကျင့်သုံးနေသူများ၏ လူထု မြေယာအခွင့်အရေးများကို အပြည့်အဝအကာအကွယ်ပေးနိုင်မည့် လွှမ်းခြုံမှုရှိသော ဖက်ဒရယ်မြေဥပဒေ တစ်ရပ် လိုအပ်သည်။ အဆိုပါဥပဒေ မပေါ်ထွက်နိုင်သေးမီကာလအတွင်း တည်ဆဲမြေဥပဒေများကို အသုံးပြု၍ အတင်း အကြပ် မြေမှတ်ပုံတင်စေခြင်း၊ အကြီးစား မြေအသုံးချခွင့်များ ချပေးခြင်း (သို့) လျှောက်ထားစေခြင်း၊  မြေသိမ်းယူခြင်း၊ တောင်သူများနှင့် ဌာနေတိုင်းရင်းသားများအား တရားစွဲဆိုခြင်းများ မပြုလုပ်ရ။

လက်နက်ကိုင်ပဋိပက္ခများ၊ အကြီးစားစီမံကိန်းများနှင့် တည်ဆဲဥပဒေများကြောင့် မြေဆုံးရံှုးနစ်နာ နေရသူများ (စစ်ဘေးရှောင်ဒုက္ခသည်များနှင့် အဓမ္မနှင်ထုတ်ခံရသူများအပါအဝင်)၊ တရားစွဲဆိုခံ နေရသူများ/ထောင်သွင်းအကျဉ်းချခံနေရသူများ၊ မြေမဲ့ယာမဲ့များ၏ ထိခိုက်နစ်နာမှုများကို ဖြေရှင်း ပေးနိုင်မည့်၊ ကုစားပေးနိုင်မည့် ထိရောက်မှုရှိသည့် မူဘောင်နှင့် ယန္တရားများကို ရေးဆွဲအကောင် အထည်ဖော်ရမည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်သည် မြေကဏ္ဍပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နှင့် တစ်သားတည်းဖြစ်ပြီး ဖြစ်စဉ်နှစ်ခုလုံးအတွက် ပြေလည်နိုင်သောအခြေအနေမှာ စစ်မှန်သော ဖက်ဒရယ် မြေယာ အုပ်ချုပ်မှုသာဖြစ်သည်။ ဖက်ဒရယ်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆီသို့ ဦးတည်လျှောက်လှမ်းရမည့် နိုင်ငံအနေနှင့် ရွှေ့ပြောင်းတောင်ယာစနစ်အပါအဝင် ဓလေ့ထုံးတမ်းမြေစနစ်များ၊ အသက်မွေးဝမ်းကျောင်းမှုနှင့် မြေအသုံးချမှုပုံစံများကို စည်းကြပ်ထိန်းကျောင်းထားသည့် မူဝါဒများ၊ ဥပဒေများကို သုံးသပ်ပြင်ဆင် ရမည်။ ရွှေ့ပြောင်းတောင်ယာအပါအဝင် ဓလေ့ထုံးတမ်းမြေစနစ်များအပေါ် ဆိုးကျိုးသက်ရောက်မှု အလွန် ကြီးသည့် “မြေလွတ်မြေလပ်မြေရိုင်းဥပဒေ” ကို ဖျက်သိမ်းရမည်။

– ဆက်သွယ်ရန် –

(၁) ကိုစည်သူ               (၀၉-၇၉၀ ၇၃၉ ၄၈၈)
(၂) မိခမွန်း                   (၀၉-၄ဝ၁ ၆ဝ၁ ၈၂၂)
(၃) စောအဲလက်စ်        (၀၉-၇၇၆ ၅၄ဝ ၄၇၁)

ဒို့မြေကွန်ရက်               https://lioh.org,
landsinourhands@gmail.com


သုံးသပ်ချက်ကို ရယူရန် (မြန်မာဘာသာဖြင့်) (အင်္ဂလိပ်ဘာသာဖြင့်)


ဆက်လက်ဖတ်ရှုသင့်သည့်စာအညွှန်း –
De-crimilalise Agro-Forestry:
သီးနှံသစ်တောရောနှောစိုက်ပျိုးရေးစနစ်ကို ပြစ်မှုကြောင်းအရ အရေးမယူဘဲ ဖြေလျှော့ပေးခြင်း

အသရေဖျက်ခြင်းဆိုင်ရာဥပဒေများ ပြုပြင်ပြောင်းလဲရေးအတွက် အဆိုပြုနည်းလမ်းများကို ဒို့မြေကွန်ရက် ပါဝင်ထောက်ခံခြင်း

ဒီဇင်ဘာ ၂ဝ၂ဝ

မြန်မာနိုင်ငံတွင် ဖိနှိပ်ရန်အသုံးပြုသည့် အသရေဖျက်မှုဥပဒေများအား ပြုပြင်ပြောင်းလဲရန်အတွက် အဆိုပြုလွှာတစ်ခုကို ဒို့မြေကွန်ရက်က ပါဝင်ထောက်ခံပါသည်။ ၆၆(ဃ)အပါအဝင် အခြားအသရေဖျက်မှုဥပဒေ (၅)ခုအောက်မှ ဒီမိုကရေစီနှင့် ဆန့်ကျင်လျက် နာမည်ဆိုးဖြင့် ကျော်ကြားနေသော ရာဇဝတ်မှုဖြစ်ရပ်များကို အဆုံးသတ်စေရန် ရည်ရွယ်၍ အဆိုပါ အဆိုပြုလွှာကို FEM က စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ အဆိုပြုလွှာတွင် ရွေးချယ်ရန်နည်းလမ်းလေးခု ပါဝင်ပြီး – တရားမမှုဆိုင်ရာ အသရေဖျက်ခြင်းဥပဒေတစ်ခုကို ရေးဆွဲအတည်ပြုခြင်း၊ ရာဇသတ်ကြီးရှိ ပြစ်မှုဆိုင်ရာ အသရေဖျက်ခြင်း ဥပဒေတွင် ပိုမိုခိုင်မာသော ခုခံကာကွယ်မှုများ ထည့်သွင်းခြင်း၊ ထောင်ဒဏ်အားလုံးကို ဖယ်ရှားပစ်ခြင်း၊ ရည်ရွယ်ချက်ရှိရှိဖြင့် အပြင်းအထန်အသရေဖျက်မှုများကိုသာ ကန့်သတ်ထားပေးခြင်းတို့ ဖြစ်သည်။


အဆိုပြုလွှာအပြည့်အစုံကို FEM ဝက်ဘ်စာမျက်နှာတွင် ဖတ်ရှုနိုင်သည် –
http://freeexpressionmyanmar.org/defamation-reform-proposals/


ဖက်ဒရယ်မြေစီမံအုပ်ချုပ်မှုဆိုင်ရာ စကားဝိုင်း (အောက်တိုဘာ ၂ဝ၂ဝ)

၂ဝ၂ဝ-ခုနှစ် အောက်တိုဘာလ ၁၄-ရက်နေ့က ဒို့မြေကွန်ရက်၊ Burma Environmental Working Group (BEWG)၊ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းနှင့် Kayah Earthrights Action Network (KEAN) တို့ ပူးပေါင်းပြီး ဖက်ဒရယ်မြေစီမံအုပ်ချုပ်မှုစကားဝိုင်းကို zoom meeting မှာ ပြုလုပ်ခဲ့ပါတယ်။ အဖွဲ့တစ်ဖွဲ့စီက ဦးဆောင်ဆွေးနွေးသူတစ်ဦးစီ ပါဝင်ဆွေးနွေးခဲ့ကြပြီး တစ်နာရီခွဲကြာမြင့်သည့် အဆိုပါ အစည်းအဝေးကို ဒို့မြေကွန်ရက်ဖေ့စ်ဘုတ်ခ်[1] စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ Zoom မှာ တက်ရောက်ဖို့ စာရင်းပေးသွင်းသူ[2] စုစုပေါင်း ၉၈-ဦးရှိပြီး ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တင်ထားတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုဗီဒီယိုကို ကြည့်ရှုမှု အကြိမ်ရေ ၁,၈ဝဝ ထိ ရှိနေပြီဖြစ်ပါတယ်။

ဖက်ဒရယ်မြေစီမံအုပ်ချုပ်မှု စကားဝိုင်း ပြုလုပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က “အစိုးရရဲ့ မြေယာပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအတွင်းက စိုးရိမ်ပူပန်စရာတွေကို ထောက်ပြဆွေးနွေးနိုင်ဖို့” နဲ့ “ဖက်ဒရယ်မြေစီမံအုပ်ချုပ်မှုအတွက် တောင်းဆိုချက်တွေကို စုစည်းဖော်ထုတ်ဆွေးနွေး” ဖို့ဖြစ်ပါတယ်။ ဆွေးနွေးပွဲအတွက် အခြေခံ စဉ်းစားချက်တွေက –
* မြေယာပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ လက်ရှိမှာ ဘယ်လို အခင်းအကျင်းတွေ ရှိနေသလဲ?
* ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေရဲ့ လားရာက ဘယ်ကိုသွားနေလဲ? ဖက်ဒရယ်ပန်းတိုင်ကနေ သွေဖီနေပြီလား?
* ဖက်ဒရယ်မြေစီမံအုပ်ချုပ်မှုဆီရောက်ဖို့ ဘာတွေလုပ်လို့ရမလဲ? ဘယ်လိုလုပ်လို့ရမလဲ?

ဆွေနွေးပွဲကို အဓိက ၂-ပိုင်းခွဲဆွေးနွေးခဲ့ပြီး အမေးအဖြေကဏ္ဍနဲ့ အဆုံးသတ်ထားပါတယ်။ ပထမပိုင်းမှာ သမိုင်းကြောင်းနဲ့ ယနေ့ကာလအထိ ပြန်လည်သုံးသပ်မှုတွေ၊ လက်ရှိ အခင်းအကျင်းတွေကို ဆွေးနွေးကြပြီး ဒုတိယပိုင်းမှာ ဘယ်လိုရှေ့ဆက်လို့ရမလဲဆိုတာကို ဆက်လက်ဆွေးနွေးကြပါတယ်။ ဦးဆောင်ဆွေးနွေးသူ တစ်ဦးစီက ဆွေးနွေးခဲ့တဲ့ မြေယာပြုပြင်ပြောင်းလဲရေးနဲ့ ဖက်ဒရယ်မြေယာစနစ်ဆိုင်ရာ ခေါင်းစဉ်တွေက အောက်ပါအတိုင်းဖြစ်ပါတယ် –

  • သမိုင်းအခင်းအကျင်း၊ မြေယာကဏ္ဍသုံးသပ်ချက်နှင့် ဖက်ဒရယ်ပန်းတိုင်

ဒီခေါင်းစဉ်ကို ဒို့မြေကွန်ရက်က ကိုစည်သူက ဆွေးနွေးပြောကြားပြီး သမိုင်းတစ်လျှောက် မြေယာပြုပြင်ပြောင်းလဲရေးကို အခြေခံထားပါတယ်။ ဖက်ဒရယ်နဲ့ ဘာကြောင့်လွဲချော်နေရတယ်၊ ဖက်ဒရယ်လို့ဆိုရင် ဘာတွေက အဓိကကျတယ်ဆိုတာကို ဆွေးနွေးထားပါတယ်။

  • ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များ သုံးသပ်ချက်နှင့် ဖက်ဒရယ်အတွက်လားရာများ

ဒီခေါင်းစဉ်ကို KEAN က စောအယ်စေးက ဆွေးနွေးပြောကြားပြီး ငြိမ်းချမ်းရေးနဲ့ မြေကဏ္ဍမှာရှိနေ/ ဖြစ်နေတဲ့ လုပ်ငန်းစဉ်တွေ၊ ယန္တရားတွေအပေါ် အသေးစိတ်သုံးသပ်ချက်တွေ ပါဝင်ပါတယ်။ ဖက်ဒရယ် မြေစီမံအုပ်ချုပ်မှုဆီ ခရီးဆက်နိုင်မယ့် ဖြစ်နိုင်ခြေတွေကိုလည်း ထည့်သွင်းထားပါတယ်။

  • အစားအစာထုတ်လုပ်မှုစနစ်၊ အစားအစာ အုပ်စိုးစီမံမှုနှင့် ဖက်ဒရယ်စနစ်

ဒီခေါင်းစဉ်ကို မေတ္တာက မစန်းဝေက ဆွေးနွေးထားပြီး မြေ၊ အရင်းအမြစ်၊ အစားအစာစနစ်တွေ အကြားက ချိတ်ဆက်မှုတွေ၊ အရင်းရှင်စနစ်ရဲ့ အစားအစာစနစ်အပေါ် အမြတ်ထုတ်နေမှုတွေကို ဆွေးနွေးပေးထားပါတယ်။ အသေးစားနဲ့ တစ်နိုင်တစ်ပိုင်တောင်သူတွေကို အစားအစာထုတ်လုပ်မှု စနစ်တွေကနေ ဘေးဖယ်ထုတ်ပြီး “မြို့ ပြ ကျူး” လို့ခေါ်တဲ့ သူတွေဖြစ်လာအောင် ဘယ်လို ဖိအားတွေ ဖြစ်နေစေလဲဆိုတာတွေအပေါ်မှာ မေးခွန်းတွေ ထုတ်ထားပါတယ်။

  • မြေသယံဇာတ၊ ပဋိပက္ခနှင့် ဖက်ဒရယ်မြေစီမံအုပ်ချုပ်မှု

ဒီခေါင်းစဉ်ကို BEWG က ကိုခွန်ဦးက ဆွေးနွေးထားပြီးတော့ အတိတ်ကာလက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရပ်တန့်သွားရခြင်းအကြောင်းရင်း၊ လက်ရှိမှာလည်း အလားတူအခြေအနေတွေ ထပ်ဖြစ်လာနိုင်စရာရှိတယ်ဆိုတဲ့ ဆွေးနွေးချက်တွေကို ထည့်သွင်းဆွေးနွေးထားပါတယ်။ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်အစိုးရတွေအကြားက အာဏာခွဲဝေမှုကိစ္စနဲ့ မြေယာပြုပြင်ပြောင်းလဲရေး/ စီမံအုပ်ချုပ်မှုအတွက် ထည့်သွင်းစဉ်းစားရမယ့် R-ငါးလုံးကိုလည်း[3] အကြံပြုပြောဆိုသွားပါတယ်။


[1] မူလအစီအစဉ်တွင် ဒို့မြေကွန်ရက်နှင့် ခေတ်သစ်မီဒီယာ ဖေ့ဘွတ်ခ်စာမျက်နှာများတွင် တပြိုင်နက် တိုက်ရိုက်ထုတ်လွှင့်ရန် ဖြစ်သော်လည်း နည်းပညာပြဿနာအရ ဒို့မြေကွန်ရက်စာမျက်နှာပေါ်၌သာ ထုတ်လွှင့်နိုင်ခဲ့ပါသည်။
[2] ဆွေးနွေးချိန်တွင် ပါဝင်တက်ရောက်သူ ၆ဝ-ဦး ဖြစ်ပါသည်။
[3] အသိအမှတ်ပြုခြင်း၊ အစားပြန်လည်ပေးခြင်း/ကုစားခြင်း၊ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ခြင်း၊ ကိုယ်စားပြုခြင်း၊ ပြန်လည်ခွဲဝေပေးခြင်း


တိုက်ရိုက်ထုတ်လွှင့်မှု မှတ်တမ်းကို ဒို့မြေကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် ကြည်ရှုနိုင်ပါသည်။

လွှမ်းခြုံမှုရှိသည့်မြေဥပဒေတစ်ရပ်အတွက် ဒို့မြေကွန်ရက်၏ ရပ်တည်ချက်

အောက်တိုဘာ ၂ဝ၂ဝ

ဒို့မြေကွန်ရက်သည် ပြည်နယ်နှင့်တိုင်းအသီးသီးမှ တောင်သူငယ်များ၊ တောင်သူလယ်သမားသမဂ္ဂများ၊ ၎င်းတို့နှင့် လက်တွဲဆောင်ရွက်နေကြသော ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် မိတ်ဖက်အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်း၍ မြေယာအရေးလှုပ်ရှားကြသော တိုင်းရင်းသားပေါင်းစုံပါဝင်သည့် စင်္ကြံဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့် စစ်မှန်မျှတသော ရေရှည်တည်တံ့သည့် ဖွံ့ ဖြိုးရေး၊ အခြေခံလူ့အခွင့်အရေးများကို ပြည့်မီရရှိစေရေး အားထုတ်ကြရာတွင် လုပ်ကွက်ငယ်တောင်သူများနှင့် အသေးစားမြေအသုံးပြုသူများ၊ ရေလုပ်သားများ၊ အထူး သဖြင့် ကျေးလက်များမှလူငယ်များ၊ အမျိုးသမီးများ၊ တိုင်းရင်းသားများ၊ စစ်/လက်နက်ကိုင်ပဋိပက္ခများကြောင့် (သို့) ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အကြီးစားစီမံကိန်းကြီးများကြောင့် နေရပ်စွန့်ခွာရသူများ၏ ရေမြေပိုင်ဆိုင်ခွင့်ကို အားပေးမြှင့်တင်ခြင်း၊ ကာကွယ်ခြင်းနှင့် လေးစားအသိအမှတ်ပြုခြင်းတို့မှာ မရှိမဖြစ်အရေးကြီးကြောင်း ဒို့မြေက ယုံကြည်ပါသည်။ ထိုသို့ယုံကြည်သည့်အလျောက် မြန်မာ့မြေကဏ္ဍပြုပြင်ပြောင်းလဲရေးအတွက် အပြုသဘော ဆောင်သည့် ဝေဖန်သုံးသပ်အကြံပြုမှုများ စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိပါသည်။

၂ဝ၁၈-ခုနှစ်အတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ မြေယာအရေးလှုပ်ရှားကြသည့် အရပ်ဘက်အဖွဲ့ အစည်းများ၊ တောင်သူလယ်သမားများနှင့် စစ်ဘေးရှောင်ပြည်သူများပါဝင်သည့် လူထုတွေ့ဆုံဆွေးနွေးပွဲများမှ သဘောထားထုတ်ပြန်ချက်များအရ (မြေနှင့်သက်ဆိုင်သည့်) တည်ဆဲဥပဒေများ၊ ပြင်ဆင်နေဆဲဥပဒေများ၊ အသစ် ရေးဆွဲလျက်ရှိသောဥပဒေများသည် ဒီမိုကရေစီစံချိန်စံညွှန်းများနှင့် မကိုက်ညီကြောင်း၊ ဥပဒေတစ်ခုရေးဆွဲရန် လိုအပ်သည့် မူဝါဒ/မူဘောင်များအား အခြေခံထားခြင်းမရှိကြောင်း၊ ဒေသခံ/ဌာနေတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံညှိနိုင်းမှုများပြုလုပ်ထားခြင်းမရှိကြောင်း သုံးသပ်ထားသည်။ တစ်ဆက်တည်းမှာပင် မြေလွတ်မြေလပ်မြေရိုင်း ဥပဒေကို ဖျက်သိမ်းရန်၊ မြေယာအခွင့်အရေးများကို အပြည့်အဝဦးစားပေးပြီး မူရင်းဌာနေတိုင်းရင်းသားများ၏ မိရိုး ဖလာမြေပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှုနှင့် မိရိုးဖလာမြေနယ်နိမိတ် သမိုင်းကြောင်းအမှန် ဖော်ထုတ်ခြင်းကို အားပေး လုပ်ဆောင်/အသိအမှတ်ပြုရေး ထည့်သွင်းရေးဆွဲထားသည့် ဖက်ဒရယ်မြေဥပဒေတစ်ရပ် ဦးစွာရေးဆွဲရန်လည်း တောင်းဆိုထားသည်။

ထို့အပြင် မြေဥပဒေရေးဆွဲရေးလုပ်ငန်းစဉ်သည် မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေဆဲ မြေယာပြဿနာ၊ ပဋိပက္ခများကို တရားမျှတစွာဖြေရှင်းနိုင်စေရမည်၊ အနာဂတ်မြေသယံဇာတအရင်းအမြစ်များကို ပြည်သူပြည်သားတိုင်းရင်းသားများ ကိုယ်တိုင် အုပ်စိုးစီမံပိုင်ခွင့်ကို အာမခံနိုင်စေရမည်၊ အဓိကထိခိုက်ခံရသူများ/ ထိခိုက်ခံရနိုင်ခြေရှိသူများအားလုံး ပါဝင်ဆုံးဖြတ်ခွင့်ရှိသည့် ဒီမိုကရေစီနည်းလမ်းများဖြင့် ဆောင်ရွက်ရန်လိုသည်ဟုလည်း တိုက်တွန်းထားသည်။ လက်ရှိတွင် အမျိုးသားမြေဥပဒေရေးဆွဲရေးအတွက် အစိုးရ၏အားထုတ်မှုများကို စတင်တွေ့ရှိလာရပြီး သက်ဆိုင်ရာ ကော်မတီ/လုပ်ငန်းအဖွဲ့များဖွဲ့စည်းခြင်း၊ လုပ်ငန်းအစီအစဉ်နှင့် လမ်းပြမြေပုံရေးဆွဲခြင်း ကိစ္စရပ်များကိုလည်း ကြားသိ ရပါသည်။ သို့ဖြစ်၍ လက်ရှိမြေယာအခင်းအကျင်းများကို လူထုမြေယာအခွင့်အရေးရှုထောင့်အရ ခြုံငုံသုံးသပ်ပြီး လွှမ်းခြုံမှုရှိသည့်မြေဥပဒေတစ်ရပ်အတွင်း အခြေခံရမည့်မူများအား ဤစာတမ်းဖြင့်ဖော်ထုတ်ရခြင်းဖြစ်ပါသည်။ ဤစာတမ်းကို ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ မိတ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းပြုစုဖော်ထုတ်ခြင်း ဖြစ်သည်။


ရပ်တည်ချက်စာတမ်းကို မြန်မာဘာသာအင်္ဂလိပ်ဘာသာတို့ဖြင့် ဖတ်ရှုနိုင်ပါသည်။