၁၉ ဩဂုတ် ၂၀၂၂

မြန်မာပြည်သူများနှင့် မြန်မာပြည်သူများ၏ တော်လှန်ရေးနှင့် အတူ သွေးစည်းညီညွတ်စွာ ရပ်တည်လျက်ရှိကြောင်း နိုင်ငံတကာပြည်သူများက ပူးတွဲ၍ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အဆိုပါကြေညာချက်သည် မြန်မာပြည်တွင်ကြုံတွေ့နေရသည့် အခြေအနေဆိုးများ၊ မြန်မာပြည်သူများ၏ အာဏာရှင်ဆန့်ကျင်ရေးနှင့် ပိုမိုကောင်းမွန်သည့် အနာဂတ်သစ်ဆီ တိုက်ပွဲဝင်နေမှုများကို ကမ္ဘာတစ်ဝှမ်းမှ ပြည်သူများထံ ထပ်မံအသိပေးနိုင်ရန်လည်း ရည်ရွယ်ပါသည်။

ကြေညာချက်ကို ဘာသာစကား ၆-မျိုးဖြင့် ထုတ်ပြန်ပြီး အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ အာရဗီ၊ ဘဟာစာ၊ မြန်မာဘာသာတို့ဖြစ်သည်။ ကြေညာချက်အဆုံးတွင် သွေးစည်းညီညွတ်စွာရပ်တည်လျက်ရှိကြောင်း တစ်ဦးချင်းစီ၏ သတင်းစကားအချို့ကိုလည်း ထည့်သွင်းဖော်ပြထားသည်။ ကြေညာချက်အား စုစုပေါင်း ၅၇-နိုင်ငံမှ ၃၆၉-ဦးပါဝင်လက်မှတ်ရေးထိုးကြပါသည်။ တစ်နိုင်ငံလျှင် ၁ဝ-ဦးနှင့်အထက် လက်မှတ်ရေးထိုးပါဝင်သူ ၁၂-နိုင်ငံရှိပြီး ၎င်းတို့မှာ နယ်သာလန် (၃၄-ဦး)၊ ယူအက်စ် (၃၃)၊ ယူကေ (၃ဝ)၊ ကနေဒါ (၂၄)၊ အိန္ဒိယ (၂၃)၊ ဘရာဇီး (၁၈)၊ ဆွီဒင် (၁၅)၊ တောင်ကိုရီးယား (၁၄)၊ နော်ဝေ (၁၃)၊ ဖိလစ်ပိုင် (၁၂)၊ ဂျပန် (၁၁) နှင့် ကိုလံဘီယာ (၁၁) တို့ ဖြစ်ကြသည်။

တစ်နိုင်ငံလျှင် လက်မှတ်ရေးထိုးပါဝင်သူ ၂-ဦးမှ ၁ဝ-ဦးအထိရှိသူ ၂၈-နိုင်ငံပါဝင်သည်။ အာဂျင်တီးနား၊ ဩစတြေးလျ၊ ဩစတြီးရား၊ ဘင်္ဂလားဒေ့ရှ်၊ ဘယ်လ်ဂျီယံ၊ ကမ္ဘာဒီးယား၊ ဒိန်းမတ်၊ အီသီယိုးပီးယား၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမဏီ၊ ဂါနာ၊ အင်ဒိုနီးရှား၊ အီတလီ၊ ကင်ညာ၊ မလေးရှား၊ မက္ကစီကို၊ မွန်ဂိုလီးယား၊ မိုဇမ်ဘစ်၊ မြန်မာ၊ နယူးဇီလန်၊ ပါကစ္စတန်၊ စင်ကာပူ၊ တောင်အာဖရိက၊ စပိန်၊ ဆွစ်ဇာလန်၊ ထိုင်း၊ ဇင်ဘာဘွေ တို့ဖြစ်သည်။
တစ်နိုင်ငံလျှင် တစ်ဦးစီပါဝင်လက်မှတ်ရေးထိုးကြသည့်နိုင်ငံ ၁၇-ခု ပါဝင်သည်။ အယ်လ်ဂျီးရီးယား၊ ဘိုလီးဗီးယား၊ ကဗိုဗာဒ်၊ ချီလီ၊ တရုတ်၊ ကော့စတာရီကာ၊ ဂရိ၊ အိုင်ယာလန်၊ လစ်ဗျား၊ မဒ္ဒါဂါစကာ၊ နီပေါ၊ ပီရူး၊ ပေါ်တူဂီ၊ ရုရှား၊ ထိုင်ဝမ်၊ တူရကီနှင့် ဗီယက်နမ်တို့ဖြစ်ကြသည်။


နိုင်ငံတကာပြည်သူများက မြန်မာပြည်သူများနှင့်အတူ သွေးစည်းညီညွတ်စွာရပ်တည်ကြောင်း ကြေညာချက်

မကြာသေးမီက မြန်မာစစ်အာဏာရှင်များ၏ နိုင်ငံရေးအကျဉ်းသား(၄)ဦးအား တရားလက်လွတ် စီရင်သတ်ဖြတ်ခဲ့သည့်အပေါ် ကျွန်ုပ်တို့ပြင်းထန်စွာ ရှုတ်ချသည်။

ပြင်းထန်ထိရောက်သော ဖိအားပေးခြင်းမရှိပါက စစ်အာဏာရှင်သည် လက်ခံနိုင်စရာမရှိသော ယင်းကိစ္စမျိုးကို ထပ်မံကျူးလွန်လိမ့်မည်ဟု ယူဆနိုင်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝှမ်းမှ ပညာရှင်များ၊ သုတေသီများဖြစ်ကြပြီး ကမ္ဘာတစ်ဝှမ်းမှပြည်သူများနှင့်အတူ သဘောထားကြေညာချက်ကို ထုတ်ပြန်ပါသည်။

တစ်နေ့တစ်ခြားတိုး၍ ကျူးလွန်နေသာ မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ် လူမဆန်သည့် ရာဇဝတ်မှုများကို ကျွန်တို့ အလွန်စက်ဆုတ်ရွံရှာသည်။ နိုင်ငံရေးအကျဉ်းသား(၄)ဦးကို တရားမဲ့စီရင်သတ်ဖြတ်မှု၊ ၎င်းတို့၏မိသားစုများအပေါ် လူမဆန်စွာ ပြုမူဆက်ခံခဲ့သည့် လုပ်ရပ်များကို ကျွန်ုပ်တို့ ပြတ်သားစွာ ရှုတ်ချသည်။ ထို့အပြင် ကျေးလက် မြို့ပြမချန်၊ ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ မသန်စွမ်း စသည့်သူများအပါအဝင် ပြည်သူများအပေါ် နေ့စဉ်ရက်ဆက် တရားမဲ့ ထင်ရာစိုင်း နှိပ်စက်သတ်ဖြတ်နေခြင်းများနှင့် ဒူးထောက်အညံ့ခံလာအောင် အကြမ်းဖက်နေခြင်းကိုလည်း ပြင်းထန်စွာ ရှုတ်ချသည်။

အများပြည်သူတို့၏ အိုးအိမ်၊ လယ်ယာ၊ သီးနှံစပါး၊ ဆေးရုံ ဆေးပေးခန်း၊ ကျောင်း၊ ဘာသာရေး အဆောက်အဦး စသည်တို့ကို တမင်ရည်ရွယ်ဖျက်ဆီးရုံသာမက၊ စစ်တပ်၏ အကြမ်းဖက်မှုကြောင့် ခိုကိုးရာမဲ့ဖြစ်နေသူများအတွက် ပြည်သူအချင်းချင်း စာနာစိတ်ဖြင့် လှူဒါန်းလိုက်သည့် စားနပ်ရိက္ခာ၊ အရေးပေါ်အကူအညီများကိုလည်း တမင်ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးနေခြင်းကို လွန်စွာ ရွံရှာစက်ဆုတ်မိသည်။

မည်သည့်နည်းဖြင့်ဖြစ်စေ အာဏာကို အရှက်မဲ့စွာ ဖက်တွယ်ထားရန် ကြိုးပမ်းနေသည့် မြန်မာစစ်တပ်ကို အထင်သေး ရှုတ်ချသည်။
တရားမဝင်သည့် စစ်အာဏာရှင် လူသတ်ကောင်၏ ရပ်စစ်ကြမ်းကြုတ်လှသည့် ဖိနှိပ်မှုအပေါင်းကို သန္နိဋ္ဌာန်ခိုင်မာစွာဖြင့် သိက္ခာရှိရှိ၊ ရသည့်နည်းဖြင့် တွန်းလှန်နေသည့် မြန်မာပြည်သူတို့နှင့်အတူ ကျွန်ုပ်တို့ သွေးစည်းညီညွတ်စွာ ရပ်တည်လျက်ရှိကြောင်း ပြောကြားလိုသည်။ အမှားကိုဆန့်ကျင်ပြီး အမှန်တရားအတွက် တောင်းဆိုရပ်တည်ရဲသည့် မြန်မာပြည်သူတို့၏ သတ္တိနှင့် ဆုံးဖြတ်ချက်ခိုင်မာမှုသည် မည်သည့်ပေတံနှင့်တိုင်းတိုင်း ဂုဏ်သိက္ခာကြီးမားလှပြီး အံ့ဩလေးစားစရာအတိ ဖြစ်သည်။

ကျွန်ုပ်တို့သည် ရောက်ရာနေရာမှ မိမိစွမ်းအားရှိသရွေ့ မိမိတို့၏အစိုးရများကို နည်းလမ်းပေါင်းစုံဖြင့် ဖိအားပေးပြီး မြန်မာပြည်သူများ၏ ဆန္ဒအစစ်အမှန်ကို အသိအမှတ်ပြုစေမည်။ ထို့အပြင် မြန်မာပြည်သူအပေါင်းစစ်အာဏာရှင်လက်မှ လွတ်မြောက်ပြီး၊ စစ်မှန်သည့် ဒီမိုကရေစီ၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးကို အခြေခံသည့် လူ့ဘောင်သစ်၊ နိုင်ငံသစ်ကို ထူထောင်နိုင်ရန် ကြိုးပမ်းနေသည့် လူထုလှုပ်ရှားမှုများကို အဓိပ္ပါယ်ပြည့်ဝစွာ အကူအညီပေးနိုင်ရန်လည်း တိုက်တွန်းကြမည်။

မြန်မာစစ်အာဏာရှင်တစ်စု၏ ရှက်ဖွယ်ကောင်းသည့် ရာဇဝတ်မှုများကို ကမ္ဘာအနှံ့မှ ဆန့်ကျင်ရှုတ်ချကြောင်း တညီတညွတ်တည်း ထုတ်ပြန်ကြသည့် ကြေညာချက်များအား ဤကြေညာချက်ဖြင့် ထပ်ဆင့် အားဖြည့်ပါသည်။ ကျန်ရစ်သူ မိသားစုဝင်များ၊ ထိခိုက်ခံစားနေကြရသည့် မြန်မာပြည်သူများထံ ဝမ်းနည်းကြောင်း၊ စာနာကြောင်း ထပ်မံဖော်ပြအပ်ပါသည်။ မြန်မာနိုင်ငံအနှံ့ အောက်ခြေမြေပြင်တွင် ဆန့်ကျင်တော်လှန်နေသူ ရဲစွမ်းသတ္တိရှင် မြန်မာပြည်သူများထံသို့ စိတ်ခွန်အားများ တိုးပွားစေရန် ကျွန်ုပ်တို့ လှိုက်လှဲစွာ အားပေးပါသည်။ သင်တို့ကို ကျွန်ုပ်တို့ ဘယ်သောအခါမှ မေ့မထားပါ။ သင်တို့လျှောက်သောလမ်းသည်လည်း အထီးကျန်သည့်လမ်းမဟုတ်ပါ။


သဘောထားကြေညာချက်ကို ဤနေရာတွင် ရယူပါ။

ပြန်စာထားခဲ့ပါ။