၂၀၂၂-ခုနှစ်၊ ဒီဇင်ဘာ(၂၂)ရက်

ဖက်ဒရယ်နိုင်ငံသစ်ဆီသို့ ချီတက်နိုင်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူမျိုးပေါင်းစုံနှီးနှော ဖလှယ်ပွဲကြီး ပြုလုပ်နေစဉ် ၁၉၆၂-ခုနှစ် မတ်လ(၂)ရက်နေ့ အာရုဏ်မတက်မီအချိန်၌ အာဏာရှင်ဗိုလ်ချုပ်နေဝင်းက စစ်အာဏာသိမ်းခဲ့ပြီး တိုင်းရင်းသားပြည်သူလူထုများကိုသတ်ဖြတ်ခဲ့သည်။ အဆိုပါနေ့ကိုပင် တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ထိုသို့ ဖက်ဒရယ်ရည်မှန်းချက်များအား ရိုက်ချိုးခဲ့ပြီး တိုင်းရင်းသားပြည်သူများအား သတ်ဖြတ်ခဲ့သည့်နေ့ကို တောင်သူလယ်သမားနေ့အဖြစ်သတ်မှတ်ခြင်းကို တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံရေး အင်အားစုအသီးသီးက လက်ခံနိုင်ခြင်းမရှိပါ။ သို့ဖြစ်ရာ တော်လှန်ရေးခေါင်းဆောင် (သုပဏ္ဏကဂဠုနရာဇာဘွဲ့ခံ) ဆရာစံက ကိုလိုနီနယ်ချဲ့စနစ်အား စတင်တော်လှန်ခဲ့သည့်သည့် ၁၉၃၀-ခုနှစ်၊ ဒီဇင်ဘာ(၂၂)ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် အသိအမှတ်ပြု ကျင်းပခဲ့ကြသည်။ ၂၀၁၉-ခုနှစ်၊ ဒီဇင်ဘာလ(၂၁-၂၂)ရက်နေ့များတွင် ပြုလုပ်ခဲ့သည့် တောင်သူ လယ်သမားညီလာခံတွင် နိုင်ငံအဝှမ်းမှ တောင်သူလယ်သမား အင်အားစုအသီးသီး၏ သဘောထားများကို ရယူကာ ဒီဇင်ဘာ(၂၂) ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ထပ်မံအတည်ပြုခဲ့ကြသည်။

၂၀၂၂-ခုနှစ်၊ ဒီဇင်ဘာ(၂၂)ရက်တွင် ကျရောက်သော တောင်သူလယ်သမားနေ့တွင် ဒို့မြေကွန်ရက်မှ အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်။

၁။ ဖက်ဒရယ်စနစ်အား ရိုက်ချိုးခဲ့ပြီး တိုင်းရင်းသားပြည်သူများအား သတ်ဖြတ်ခဲ့သည့်နေ့ကို တောင်သူလယ်သမားနေ့အဖြစ်သတ်မှတ်ခြင်းအား လက်မခံဘဲ ဆရာစံစတင်တော်လှန်ခဲ့သည့် ဒီဇင်ဘာ(၂၂)ရက်နေ့အား တောင်သူလယ်သမားနေ့အဖြစ် ထပ်လောင်း ကြေညာသည်။

၂။ အာဏာရှင်စနစ်အပါအဝင် မတရားမှု၊ ဖိနှိပ်မှုအသီးသီးကို ခေတ်အဆက်ဆက် အသက်ပေးခဲ့ကြသည့် တောင်သူလယ်သမား အာဇာနည်များ၊ ယနေ့အချိန်ထိ တော်လှန်နေကြဆဲ တောင်သူ လယ်သမားများနှင့် မြေယာအရေးလှုပ်ရှားသူများအား ဦးညွတ်အလေးပြုသည်။

၃။ ခေတ်အဆက်ဆက် မြေယာဥပဒေအမျိုးမျိုးပြဌာန်း၍ မြေယာလက်ဝါးကြီးအုပ်ခြင်း၊ အတင်းအဓမ္မသိမ်းယူခြင်း၊ ရိုးရာဓလေ့မြေအသုံးချမှုများအား ဖျက်ဆီးခြင်း၊ ဖက်ဒရယ်စနစ်နှင့် ဆန့်ကျင်သော လုပ်ထုံးလုပ်နည်းများ အသုံးပြုခြင်းများအား ရပ်တန့်သွားသည်အထိ တိုက်ပွဲဝင်သွားမည်။

၄။ မြေယာသိမ်းဆည်းမှုများ၊ တောင်သူလယ်သမားများအား ဖမ်းဆီး ထောင်သွင်းအကျဉ်းချခြင်း၊ သတ်ဖြတ်ခြင်းများ၊ နေအိမ်နှင့်ပိုင်ဆိုင်မှုအား မီးရှို့ဖျက်ဆီးခြင်းများကို အတိအလင်းဆန့်ကျင်၍ တရားမျှတပြီး လူထုမြေယာအခွင့်အရေးအတွက် အာမခံချက်ရှိသော ဖက်ဒရယ်မြေယာစီမံခန့်ခွဲမှုစနစ်ပေါ်ပေါက်သည်အထိ တိုက်ပွဲဝင်ရပ်တည်သွားမည်။

——-

ဖက်ဆစ်အာဏာရှင်စနစ် ဆန့်ကျင်ကြ

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်ကို တည်ဆောက်ကြ

——-

ဒို့မြေကွန်ရက်

Land in Our Hands

https://lioh.orglioh@proton.me


(သဘောထားကြေညာချက်ကို ရယူရန် – မြန်မာဘာသာဖြင့်အင်္ဂလိပ်ဘာသာဖြင့်)

ပြန်စာထားခဲ့ပါ။