အပြည်ပြည်ဆိုင်ရာမျိုးစေ့များနေ့ (International Seeds Day)
၂၆ ဧပြီလ ၂၀၂၃

ဧပြီလ(၂၆)ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာမျိုးစေ့များနေ့ (International Seeds Day) ဖြစ်ပါတယ်။ မျိုးစေ့များနေ့ကို သတ်မှတ်ကျင်းပရခြင်းရည်ရွယ်ချက်တွေကတော့ –

  • ဇီဝအမျိုးစုံလင်ကွဲပြားခြင်းနဲ့ မျိုးစေ့ထိန်းသိမ်းခြင်းတွေရဲ့ အရေးကြီးမှု
  • မျိုးဗီဇပြုပြင်ထားတဲ့ အစားအစာနဲ့ မျိုးစေ့မူပိုင်ခွင့်တွေရဲ့ အန္တရာယ်တွေ
  • စိုက်ပျိုးရေးကော်ပိုရေးရှင်းကြီးတွေရဲ့ မျိုးစေ့ အရင်းအမြစ်တွေ သိမ်းယူမယ့်အခြေအနေကနေ ဘယ်လို ကာကွယ်နိုင်မလဲ

ဆိုတာတွေကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးနိုင်ဖို့ဖြစ်ပါတယ်။

မျိုးစေ့

အစားအစာစိုက်ပျိုးထုတ်လုပ်နိုင်ဖို့ မြေရှိခြင်း၊ မြေဆီလွှာ ကောင်းမွန်ခြင်းအပြင် ကိုယ့်ဒေသနဲ့ကိုက်တဲ့ အရည်အသွေးကောင်း မျိုးစေ့မျိုးဆံတွေကို အမှီအခိုကင်းကင်း ရရှိနိုင်ဖို့နှင့် ရွေးချယ်စိုက်ပျိုးနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ ကိုယ်အသုံးပြုမည့် မျိုးစေ့က –

  • ဒေသမျိုးရင်းလား?
  • မျိုးချန်ထားလို့ရလား?
  • ဒေသနဲ့ ကိုက်ညီသလား (ရာသီဥတု၊ ရောဂါ/ပိုးမွှားဒဏ်)?
  • သွင်းအားစု အမြောက်အများ သုံးဖို့လိုအပ်သလား?

ဆိုတဲ့ အချက်တွေကို အလေးဂရုပြုဖို့ လိုအပ်ပါတယ်။

“ လွတ်လပ်စွာ ရွေးချယ်နိုင်ခြင်း”  လို့ ဆိုရာမှာ ရလာမယ့်သီးနှံကို ဘယ်နေရာ၊ ဘယ်ပုံစံနဲ့မဆို ရောင်းဝယ်နိုင်ခြင်း၊ မျိုးစေ့စဉ်ဆက်မပြတ် ရနိုင်ဖို့ တစ်ဦးတစ်ဖွဲ့ (ဒါမှမဟုတ်) တစ်နေရာတည်းကို မှီခိုနေဖို့ မလိုခြင်းတွေ ပါဝင်ပါတယ်။ မျိုးစေ့ကို ပိုင်ဆိုင်ခြင်းက သီးနှံကိုပိုင်ဆိုင်ခြင်း(တနည်းအားဖြင့်) အစားအစာကို ပိုင်ဆိုင်ခြင်းဖြစ်ပါတယ်။

သမိုင်းကြောင်း

၂၀၀၄-ခုနှစ် အီရတ်မှာ အတည်ပြုပြဌာန်းလိုက်တဲ့ “ အမိန့်အမှတ်(၈၁)” လို့ခေါ်တဲ့ ဥပဒေတစ်ရပ်ကြောင့် အီရတ်က တောင်သူလယ်သမားတွေဟာ မျိုးစေ့အသစ်တွေကို မျိုးချန်တာ၊ ပြန်စိုက်တာတွေ လုပ်လို့မရတော့ပါဘူး။ မျိုးစေ့တွေကိုလိုအပ်ခဲ့ရင် မှတ်ပုံတင်ထားတဲ့သူတွေဆီမှာပဲ ပြန်ဝယ်ရမှာဖြစ်ပါတယ်။ အဲ့ဒီဥပဒေဟာ USAID ရဲ့ စီမံကိန်းကနေ စတင်တွန်းအားပေးခဲ့တာဖြစ်ပြီး နိုင်ငံတကာကူညီပံ့ပိုးရေး အစီအစဉ်တွေမှာ အမေရိကနဲ့ ဥရောပ နိုင်ငံတွေက ကုမ္ပဏီတွေရဲ့ အကျိုးအမြတ်နဲ့ “ စီးပွားရေး အခွင့်အလမ်း”  တွေအတွက် အထူးပြုရေးဆွဲခဲ့တယ်ဆိုတာ သိသာထင်ရှားစေခဲ့ပါတယ်။ အမိန့်အမှတ်(၈၁)ရဲ့ ရည်ရွယ်ချက်က အီရတ်မှာ နိုင်ငံဖြတ်ကျော် ကော်ပိုရေးရှင်းတွေရဲ့ မျိုးစေ့ဈေးကွက်အသစ်ဖြစ်လာဖို့၊ အဲ့ဒီလို ဈေးကွက်ထဲမှာ တောင်သူလယ်သမားတွေဟာ ဝယ်ယူအားပေးသူတွေဖြစ်လာဖို့ပါ။

ဥပဒေအရ အမရိကန် ကော်ပိုရေးရှင်းတွေက တောင်သူလယ်သမားတွေ အသုံးပြုစိုက်ပျိုးနေတဲ့ မျိုးစေ့တွေကို နှစ်ပေါင်း-၂၀ လောက် ထိန်းချုပ်ထားခွင့် ရမှာဖြစ်ပြီးတော့ အီရတ်တောင်သူလယ်သမားတွေက နှစ်စဉ်ကြေးနဲ့ “ နည်းပညာကြေး”  ပေးသွင်းပါမယ်လို့ သဘောတူ လက်မှတ်ထိုးရမှာဖြစ်ပါတယ်။ အပင်မျိုးစိတ်အကာအကွယ်ပေးရေး (Plant Variety Protection) သတ်မှတ်ချက်မှာ မျိုးချန်တာတွေ၊ “ ပုံစံတူ”  မျိုးစေ့အသုံးပြုစိုက်ပျိုးတာတွေအတွက် ပြစ်ဒဏ်သတ်မှတ်ချက်တွေ (ဒဏ်ငွေနဲ့ ထောင်ဒဏ်) ပါဝင်ပါတယ်။ ဒီအခြေအနေတွေဟာ စိုက်ပျိုးရေး သွင်းအားစုကုမ္ပဏီကြီးတွေအတွက် မက်လုံးဖြစ်ပြီးတော့ တောင်သူလယ်သမားတွေနဲ့ သဘာဝနည်းကျ စိုက်ပျိုးထုတ်လုပ်မှုတွေအတွက်တော့ အိပ်မက်ဆိုးပါ။

အာရှနဲ့ အာဖရိက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မမျှတတဲ့ ဒီလိုအလားတူဥပဒေတွေနဲ့ စိုက်ပျိုးရေးသွင်းအားစု ကုမ္ပဏီကြီးတွေရဲ့ ဒဏ်ကို အလူးအလဲခံကြရပါတယ်။ ဒါကြောင့် မူပိုင်ခွင့်ကင်းတဲ့ မျိုးစေ့အရေးနဲ့ ဇီဝအမျိုးစုံလင်စေရေးအတွက် တိုက်တွန်းအားပေးတာတွေ၊ စိုက်ပျိုးရေးသွင်းအားစုရောင်းဝယ်ဖောက်ကားတဲ့ ကော်ပိုရေးရှင်းကြီးတွေ ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် အများသိအောင် ဆောင်ရွက်တာတွေ၊ စိုက်ပျိုးရေးအနာဂတ်ကို ဆိုးကျိုးသက်ရောက်နေတဲ့ မမျှတတဲ့ ဥပဒေပြုပြင်ပြောင်းလဲရေးတွေအတွက် ကမ္ဘာတစ်ဝှမ်းက တောင်သူလယ်သမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ အတူလက်တွဲ ကြိုးပမ်းကြလျက်ရှိပါတယ်။ အမိန့်အမှတ်(၈၁)ကို ဆန့်ကျင်တဲ့အနေနဲ့ အဲ့ဒီအမိန့်ကို လက်မှတ်ထိုးထုတ်ပြန်ခဲ့တဲ့ ဧပြီလ(၂၆)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မျိုးစေ့များနေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

“ မတရားမှုဟာ ဥပဒေဖြစ်လာတဲ့အခါ ခုခံတော်လှန်ခြင်းဟာ တာဝန်ဖြစ်လာတယ်”


ပြန်စာထားခဲ့ပါ။